(ဂ)-ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့်ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီလီမိတက်တို့အကြားချုပ်ဆိုသည့် ကျိုက်ထို-သထုံ-မော်လမြိုင်အပိုင်းကိုပြုပြင်ဖောက် လုပ်ရေးနှင့် လမ်းအသုံးပြုခ ကောက်ခံရေးဂိတ် ကိုရွှေ့ပြောင်းကောက်ခံပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၂၃.၂.၂၀၁၇)

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီ လီမိတက်တို့သည် ၂၅-၇-၂၀၁၀ ရက်နေ့တွင် ပဋိညာဉ်စာချုပ်တစ်ခု ချုပ်ဆိုခဲ့ပါကြောင်း၊ ၎င်းတွင် လမ်းအသုံးပြုခကောက်ခံမည့်ဂိတ်ကို မိုင်တိုင် ၁၁၇ တောင်စွန်းကျေးရွာဂိတ်ဟူ၍ ပါဝင်သော်လည်း အခုလက်ရှိ ဂိတ်လုပ်ထားသည်မှာ ယင်းနေရာမဟုတ်ဘဲ ဘီးလင်းမြို့နယ်အတွင်းရှိ ကျေးရွာများကိုပါ တစ်ခါထပ်ခွဲပြီး လုပ်ထားသည့်အတွက် မြို့နယ်အတွင်းသွားလျှင်ပင် ဂိတ်ကြေးပေးနေရသည့်အတွက်  မလိုလားအပ်ဘဲ ကုန်ကျစရိတ်များ များနေပါကြောင်း၊ ထို့ကြောင့် မိမိတို့က ပဋိညာဉ်စာချုပ်ပါအတိုင်း မဟုတ်ဘဲ နေရာပြောင်းပြီး ဖွင့်လှစ်နေခြင်းသည် တရားဝင်ခြင်းရှိ/မရှိ သိရှိလိုပါကြောင်း၊ စာချုပ်ပါအတိုင်း မဖြစ်ရခြင်း၏ အကြောင်းရင်းမှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း၊

ပဋိညာဉ် စာချုပ်ပါအတိုင်း မဖြစ်ရခြင်းမှာ ဝန်ကြီးဌာနက ခွင့်ပြုထားခြင်းရှိ/မရှိနှင့် ထို့အတွက်ကြောင့် မည်သူ့တွင် တာဝန်ရှိသည်နှင့် မည်သူက တာဝန်ယူဖြေရှင်းပေးမည်ကို သိရှိလိုပါကြောင်း၊ ဝန်ထမ်းများကိုယ်တိုင် ယခုမြို့နယ်ထဲတွင် တာဝန်ထမ်းဆောင်ရန် သွားသည့်အခါ ဂိတ်ကြေးဖြတ်သန်းသည့်နေရာတွင် ကုန်ကျစရိတ်များ ရှိနေသည့်အတွက် ဝန်ထမ်းများကိုယ်တိုင်က လည်း မိမိကို တင်ပြခြင်းများ ရှိပါကြောင်း၊ ထို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ ဆောက်လုပ်ရေးနှင့် ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီဂိတ်တို့အကြားတွင် ချုပ်ဆိုသော ရန်ကုန်-မြိတ်၏ ကျိုက်ထို-သထုံ-မော်လမြိုင်အပိုင်းကို ပြုပြင်ဖောက်လုပ်ရန် လုပ်ငန်းလုပ်ကိုင်ခြင်းနှင့် လွှဲပြောင်းပေးရေး ပဋိညာဉ်စာချုပ်ပါအတိုင်း လမ်းအသုံးပြုခကောက်ခံရေးဂိတ်ကို ရွှေ့ပြောင်းကောက်ခံပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီလီမိတက်ကို ရန်ကုန်-မော်လမြိုင်-ထားဝယ်-မြိတ်လမ်း၏ (ဘုရားကြီး-ကျိုက်ထို-သထုံ-မော်လမြိုင်လမ်းပိုင်း) နှင့် သထုံ-ဘားအံလမ်း၏ (သထုံ-မြိုင်ကလေးလမ်းပိုင်း)တို့ကို B.O.T စနစ်ဖြင့် ဆောင်ရွက်ခွင့်ပြုထားပါကြောင်း၊ ယင်းလမ်းပိုင်းများကို သတ်မှတ်ထားသော စံချိန်စံညွှန်းများအတိုင်း ဆောင်ရွက်စေပြီး B.O.T နှုန်းဖြင့် လမ်းအသုံးပြုကောက်ခံ ခွင့်လည်း ပြုခဲ့ပါကြောင်း၊ လမ်းပိုင်းများအလိုက် တိုးလ်ဂိတ်များ ကောက်ခံခွင့်ပြုထားခဲ့ရာတွင် ကျိုက်ထို-သထုံ-မော်လမြိုင်လမ်းပိုင်းအတွက် ဘီးလင်းတိုးလ်ဂိတ်နှင့်ကွင်းကူး (မော်လမြိုင်) တိုးလ်ဂိတ်တို့ကို ခွင့်ပြုပေးထားပါကြောင်း၊

ကျိုက်ထို-သထုံ လမ်းပိုင်း၊ မိုင်တိုင် ၁၁၆/၇ နှင့် ၁၅၀/၅ အထိ ၃၃ မိုင် ခြောက်ဖာလုံအတွက် တိုးလ်ဂိတ်နေရာ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ရခြင်းသည် ယခင်နယ်မြေလုံခြုံရေးအခြေအနေအရ ဘုရားကြီး-ကျိုက်ထို လမ်းပိုင်းဖြစ်သော မိုင်တိုင်အမှတ် ၁၀၅/၁ လက်ပြကျေးရွာအနီးတွင် ယာယီအစီအစဉ်အရ ကောက်ခံခွင့်ပြုခဲ့ပြီး နယ်မြေတည်ငြိမ်အေးချမ်းမှုရှိလာသည့်အခါ ကျိုက်ထို-သထုံလမ်းပိုင်းအတွင်း ဘီးလင်းတံတားအနီး မိုင်တိုင်အမှတ် ၁၂၇/၃ သို့ တိုးလ်ဂိတ်ကို ပြောင်းရွှေ့ဖွင့်လှစ်ခွင့်ပြုရန် ကုမ္ပဏီမှ တင်ပြခဲ့သည့်အတွက် မွန်ပြည်နယ်အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနက တရားဝင် ရွှေ့ပြောင်းကောက်ခံခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊

လမ်းအသုံးပြုခကောက်ခံရေးဂိတ်ကို ပြောင်းရွှေ့တည်ဆောက်လိုပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့အစည်းများနှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက တိုးလ်ဂိတ် ဖွင့်လှစ်သင်‌့သည့် နေရာအဖြစ် သင့်လျော်မှုရှိ/မရှိကို မြေပြင်တွင် ကွင်းဆင်းစစ်ဆေးပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးသို့ တင်ပြပြီး အတည်ပြုချက် ရယူပြီးမှသာ ခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊ ဘီးလင်းတိုးလ်ဂိတ်ကိုလည်း ဖော်ပြပါလုပ်ငန်းစဉ်အတိုင်း စိစစ် ဆောင်ရွက်ခွင့်ပြုခဲ့ခြင်းဖြစ်ပါကြောင်း၊

ဘီးလင်းမြို့နယ်အတွင်း ဖြတ်သန်းသွားလာနေသော ဘီးလင်းမြို့ အခြေပြုယာဉ်များနှင့် ဝန်ထမ်းများကိုယ်တိုင် ဂိတ်ဖြတ်သန်းရာတွင် လမ်းအသုံးပြုခ ပေးဆောင်ရခြင်းနှင့်ပတ်သက်ပြီး ၃-၂-၂၀၁၇ ရက်နေ့တွင် ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် သက်ဆိုင်ရာ ဒေသအုပ်ချုပ်ရေးအဖွဲ့များ၊ မော်တော်ယာဉ်အသင်း၊ B.O.T ကုမ္ပဏီနှင့် မွန်ပြည်နယ်၊ လမ်းဦးစီးဌာနတို့ ဆွေးနွေးညှိနှိုင်းမှုအရ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်မော်တော် ယာဉ်အသင်းမှ ဘီးလင်းမြို့နယ် အခြေပြုသည့်ယာဉ်များကို စာရင်းကောက်ယူပေးမည်ဖြစ်ပါကြောင်း၊

ဖြတ်သန်းမည့်ယာဉ်များအနက် ဝန်ထမ်းများ၏ ယာဉ်များကို လမ်းအသုံးပြုခ ကင်းလွတ်ခွင့် ပေးသွားမည်ဖြစ်ပြီး အခြားကိုယ်ပိုင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များကို ယာဉ်စီးရေအပေါ် မူတည်ပြီး နှုန်းထားတစ်ခု သတ်မှတ်ပေးသွားမည် ဖြစ်ပါကြောင်း ပထမအကြိမ် ဆွေးနွေးခဲ့ပြီးလည်းဖြစ်ပါကြောင်း၊ နှစ်ဦးနှစ်ဘက်အတွက် သင့်တင့်လျောက်ပတ်သော နှုန်းထားတစ်ခု သတ်မှတ်အတည်ပြုနိုင်ရေးကို မွန်ပြည်နယ်၊ လမ်းဦးစီးဌာနမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်လက်စိစစ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

 

ဦးတင်ကိုကိုဦး (ဘီးလင်း) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

B.O.T စနစ်ဖြင့် မွန်ပြည်နယ်အစိုးရအဖွဲ့က ခွင့်ပြုသည့်အတွက် ရွှေ့ပြောင်း၍ ရသည် ဆိုသည့်နေရာတွင် မြို့နယ်တစ်ခုထဲတွင်ကို ဟိုဘက်ကျေးရွာနှင့် ဒီဘက်ကျေးရွာ သွားရာတွင်ပင် ကုန်ကျစရိတ်ပေးနေရသည့်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တွေ့ပြီး ဆွေးနွေးကြရာတွင်လည်း ဝန်ထမ်းများကို အခမဲ့၊ ကျန်သည့် ဒေသဆိုင်ရာများအတွက် အရေအတွက်အပေါ် မှာခွင့်ပြုမည်ဆိုသည့်အခါ အရေအတွက်ကို မည်သို့သတ်မှတ်မည်ကို သိရှိလိုပါကြောင်း၊ မည်သည့်အတွက်ကြောင့်ဆိုသည်မှာ တစ်ဖက်နှင့် တစ်ဖက် စိုက်ပျိုးရေးနှင့် အဓိက သွားနေကြသည့်အတွက် တစ်နေ့လျှင် အခေါက်ပေါင်းများစွာ သွားကြပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် ဘီးလင်းမြို့နယ်တွင်ရှိသော ယင်းနေရာတွင် ဖြတ်သန်းသွားလာနေသည့် ကားများအားလုံးကို ခွင့်ပြုပေးနိုင်ခြင်း ရှိ/မရှိကို သိရှိလိုပါကြောင်း၊ ခွင့်ပြုပေးသည့်အခါတွင်လည်း ယင်းကိစ္စကို ဆောက်လုပ်ရေးဝန်ကြီးဌာနကပဲ အဓိက ဆောင်ရွက်ပေးစေလိုပါသဖြင့် ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်

ဝန်ထမ်းများသည် ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ပြုလုပ်သော အစည်းအဝေးအရ ဝန်ထမ်းများက အခမဲ့ရမည်ဖြစ်ပါကြောင်း၊ ကျန်သည့်ကားများကို မိမိတို့ ဆွေးနွေးချက်အရ ဘီးလင်းမြို့ကို အခြေစိုက်သည့် မော်တော်ယာဉ်များကို မိမိတို့ စာရင်းကောက်မည်ဖြစ်ပါကြောင်း၊ ယင်းတို့ထဲမှာ အစီးအရေအတွက်အပေါ်မူတည်ပြီး၊ အခေါက်အရေအတွက်အပေါ် မူတည်ပြီး ကျောင်းကားများကို တစ်နေ့လျှင် ၄ ခေါက်ခန့် ခွင့်ပြုပေးမည်ဖြစ်ပါကြောင်း၊ ယင်းကားကိုလည်း ကျောင်းကားမဟုတ်ဘဲ တခြားအသုံးပြုပါက ကောက်ခံသည့်နေရာတွင် သူ့သတ်မှတ်ထားသည့်နှုန်းများ သို့မဟုတ် ခွင့်ပြုထားသည့် နှုန်းများဖြင့် ပေးဆောင်ရမည်ဖြစ်ပါကြောင်း၊ တခြားယာဉ်များလည်း စီးရေ၊ ခေါက်ရေ အနည်းဆုံးသတ်မှတ်ပေးရန် လိုပါကြောင်း၊ တခြားမြို့နယ်များတွင်လည်း ယခုကဲ့သို့ ဆောင်ရွက်ခဲ့ပါကြောင်း၊ ကတ်ပြားလေးများ ထုတ်ပေးခြင်းအားဖြင့် အလွန်အဆင်ပြေသွားပါကြောင်း၊ အားလုံး လုံးဝရမည်ဆိုသည်မှာ မိမိတို့ကလည်း နှစ်ဘက်မျှပြီး ကြည့်ပေးရပါကြောင်း၊ မြို့လူထု၏ လိုအပ်ချက်များ၊ တောင်းဆိုချက်များအပေါ်တွင်လည်း မိမိတို့က ကြည့်ပေးပါကြောင်း၊ ထို့ကြောင့် နှစ်ဦးနှစ်ဘက်အတွက် သင့်တင့်လျောက်ပတ်သော နှုန်းထားတစ်ခုကို သတ်မှတ်အတည်ပြုနိုင်ရေးကို သက်ဆိုင်ရာ ဘီးလင်းမြို့နယ်က ဝိုင်းဝန်းဆွေးနွေးကြပြီး ယင်းနှုန်းထားများကို မိမိတို့ဘက်က အတည်ပြုပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။