(က)-ရန်ကုန်၊နေပြည်တော်၊မန္တလေးအမြန်လမ်းမ ကြီးတွင်ယာဉ်မောင်းသူများနှင့် ခရီးသည်များအန္တ ရာယ်ကင်းရှင်းစွာမောင်းနှင်ရေးအ တွက်ဆောင် ရွက်ပေးရန်နှင့် မည်သို့ စီစဉ်ထားသည် ကို သိ လိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၄.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

saw naingရန်ကုန်-နေပြည်တော်-မန္တလေးအမြန်လမ်းမကြီးတွင်  ယာဉ်အန္တရာယ်ကြောင့် အသက်ဆုံးရှုံးမှုများ မကြာခဏ ဖြစ်ပွားနေသည်ကို သိရှိနေရပါကြောင်း၊ သို့သော် ညဘက်ယာဉ်မောင်းသောအချိန်တွင် အလယ်ကျွန်းများ ကျယ်နေခြင်း၊ အလယ်ကျွန်းများတွင် အပင်များရှိနေခြင်းတို့ကြောင့် တစ်ဖက်ယာဉ်ကြောမှ မောင်းလာသောကားမီးများ အန္တရာယ်မှ သက်သာသည်ဟု ယာဉ်မောင်းသူများ ထံမှကြားသိရပါကြောင်း၊ အလယ်ကျွန်းတွင်ရှိသည့် အပင်များ၏ အနေအထားကို တင်ပြခြင်းဖြစ်ပါကြောင်း၊ ယခုအခါ ရန်ကုန်-နေပြည်တော် အမြန်လမ်းရှိ အလယ်ကျွန်းများကို တစ်ဖက် ၅ ပေခန့်ကျဉ်းကာ လမ်း ၁၀ ပေခန့် ချဲ့မည်ဟု သိရှိနေရပြီး အလယ်ကျွန်းရှိ အပင်များ ရှင်းလင်းနေသည်ကိုလည်း တွေ့မြင်နေရပါကြောင်း၊ အလယ်ကျွန်းသည် မူလက ၂၀ ပေခန့်ရှိပြီး ၁၀ ပေလျော့ပါက ၁၀ ပေခန့်သာ ကျန်ရှိမည်ဖြစ်သဖြင့် ညအခါ တစ်ဖက်ယာဉ်ကြောမှ ကားမီးများ အန္တရာယ်သည် တော်တော်ဝေးဝေးမှပင် သက်ရောက်မည်ဖြစ်ပြီး အကွေ့လမ်းများတွင် ယာဉ်အန္တရာယ် ပိုမိုရှိနိုင်မည် ဖြစ်ပါကြောင်း၊ ရန်ကုန်-နေပြည်တော်လမ်းတွင် တံတားများ ၁၄၀ စင်းခန့်ရှိရာ သုံးပုံနှစ်ပုံသာ သုံးလမ်းသွားတံတားများအဖြစ် ဆောက်လုပ်ပြီးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ အလယ်ကျွန်းနေရာကို လမ်းအဖြစ်ချဲ့မည်ဆိုပါက တံတားများအားလုံးကို ပြုပြင်တည်ဆောက်ရန် လိုအပ်မည်ဖြစ်ပြီး မူလလမ်း၏ ဘေးလက်ယာဘက်ကိုသာ ချဲ့ဖောက်ပါက တံတားအားလုံး၏ သုံးပုံတစ်ပုံခန့်သာ ပြုပြင်တည်ဆောက်ရန် လိုမည်ဖြစ်ပါကြောင်း၊ အလယ်ကျွန်း အကျယ်ကို နဂိုအတိုင်းထားရှိသည့်အတွက် ယာဉ်အန္တရာယ်ပိုမို ကင်းရှင်းနိုင်မည်ဖြစ်ပြီး တံတားများ ပြုပြင်တည်ဆောက်ရမည့် အရေအတွက်လည်း နည်းသွားမည်ဖြစ်သဖြင့် နိုင်ငံတော်ဘဏ္ဍာငွေလည်း သက်သာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မောင်းသူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ဆောင်ရွက်ပေးနိုင်ပါရန်နှင့် မည်သို့စီစဉ်ထားသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

win khaingဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် သွားလာ အသုံးပြုနေသည့် ယာဉ်မောင်းများနှင့် ခရီးသွားပြည်သူများမှ ခံစားနေရသော စိုးရိမ်ပူပန်မှုများနှင့် ယာဉ်မတော်တဆ ဖြစ်ပွားမှုများ လျော့နည်း ပပျောက်စေရေးကို ရည်ရွယ်ပြီး မိမိတို့ အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယာဉ်မတော်တဆဖြစ်ပွားမှုများကို ဆန်းစစ်ကြည့်ပါက ယာဉ်များသည် အရှိန်နှင့်မောင်းနှင်ပြီး ရှေ့ကမော်တော်ယာဉ်ကို ကျော်တက်ရာတွင်လည်းကောင်း၊ မော်တော်ယာဉ် ဘီးပေါက်၍သော်လည်းကောင်း၊ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင်ရှိသည့် Road Curb များကို တိုက်မိပြီး ယာဉ်မတော်တဆမှုများဖြစ်ပြီး ထိခိုက်ဆုံးရှုံးမှုများရှိကြောင်း တွေ့ရှိရသည့်အတွက် လမ်းလယ်ကျွန်းကို အနိမ့်ပုံစံ Depressed Median သို့ ပြောင်းလဲတည်ဆောက် ရခြင်းဖြစ်ပါကြောင်း၊ ပြောင်းလဲတည်ဆောက်မည့် လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ရန်ကုန်-မန္တလေးအမြန်လမ်း၏ နှစ်အလိုက်၊ လအလိုက် ယာဉ်မတော်တဆမှုဖြစ်ပွားသည့် အခြေအနေကိုဖော်ပြရလျှင် ၂၀၁၂ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း တစ်နှစ်ထက်တစ်နှစ် ယာဉ်သွားလာ မှုများ ပိုမိုများပြားလာပြီး ယာဉ်မတော်တဆမှုများလည်း ပိုမိုများပြားလာကြောင်း၊ ယခုလက်ရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ပုံစံသည် တစ်ဖက် နှစ်လမ်းသွားနှင့် လမ်းလယ်ကျွန်း လမ်း ပုခုံးတို့ ထည့်သွင်း တည်ဆောက်ထားခြင်း ဖြစ်ပါကြောင်း၊ ရန်ကုန်-နေပြည်တော်အပိုင်း လမ်းလယ်ကျွန်း လမ်းပုခုံးမပါရှိသော Raised Median ပုံစံ ဖြစ်ပါကြောင်း၊ နေပြည်တော်-မန္တလေးလမ်းအပိုင်း လမ်းလယ်ကျွန်း၊ လမ်းပုခုံး ထည့်သွင်းတည်ဆောက်ထားသည့် Depressed Median ပုံစံဖြင့် တည်ဆောက်ထားပါကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း ယာဉ်မတော်မဆမှု ၄၅၃ မှု ဖြစ်ပွားခဲ့ပြီး အရှိန်လွန်မောင်းနှင် တိမ်းမှောက်မှု ၂၇၀ မှု ဖြစ်ပွားခဲ့ပါကြောင်း၊ အထူးသဖြင့် ယာဉ်မတော်တဆဖြစ်ပွားမှုများကိုကြည့်လျှင် လမ်းလယ်ကျွန်းကို တိုက်ခိုက်ကာ တိမ်းမှောက်ပြီး မမျှော်မှန်းနိုင်သည့် ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ယခုချိန်တွင် မိုင်တိုင် (၁၅/၀ - ၂၅/ဝ) ကြားနှင့် မိုင်တိုင် (၁၆၀/၁-၁၇၃/၁) ကြားတွင် စုစုပေါင်း ၂၀ မိုင်ကို စမ်းသပ် Pilot Project အနေဖြင့် ဆောင်ရွက်ရန် ရွေးချယ်ထားပြီး  ၎င်းနေရာများတွင် မူလလမ်းလယ်ကျွန်းထဲသို့ တစ်ဖက်လျှင် ၅ ပေစီ လမ်းသားတိုးချဲ့၍ Median Shoulder အဖြစ် တည်ဆောက်ခြင်း၊ လမ်းလယ်ကျွန်းအား Raised Median မှ Depressed Median အဖြစ်သို့ ပြောင်းလဲ၍ လမ်းလယ်ကျွန်းရေမြောင်းအပါအဝင် ထည့်သွင်းတည်ဆောက်ခြင်းနှင့် Road Furniture တပ်ဆင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊

လမ်းလယ်ကျွန်း လမ်းပုခုံးမပါရှိသည့် Raised Median ပုံစံမှ လမ်းလယ်ကျွန်း လမ်းပုခုံးထည့်သွင်း တည်ဆောက်ထားသော Depressed Median ပုံစံသို့ ပြောင်းလဲတည်ဆောက်သွားမည့် လမ်းဒီဇိုင်း ပုံစံဖြစ်ပါကြောင်း၊ ယခုလက်ရှိ တည်ဆောက်ထားသည့် လမ်းအခြေအနေဖြစ်ပြီး လမ်းလယ်ကျွန်းသည် ပေ ၃၀ ၊ တစ်ဖက်တွင်  နှစ်လမ်းသွား စုစုပေါင်းလေးလမ်းသွား ကွန်ကရစ် လမ်းအဖြစ် တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ လမ်းလယ်ကျွန်းကို အောက်ခံမြေသားသည် သတ်မှတ်ထားသည့် သိပ်သည်းမှု ရရှိရေးအတွက် စက်ယန္တရားများနှင့် အောက်ခံမြေသား ကြိတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ မြေသားပြုပြင်ပြီးသည့် အပိုင်းများတွင်ဆိုလျှင်လည်း Well Graded အခြေခံလွှာ ကျောက်ခင်းကြိတ်ခြင်း လုပ်ငန်းများလည်း ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ကျောက်ခင်းကြိတ်ပြီးသည့် အပိုင်းတွင် လမ်းလယ်ကျွန်း လမ်းပုခုံးကို နိုင်လွန်ကတ္တရာခင်းနေပါကြောင်း၊ အထက်ပါအတိုင်း အဆင့်ဆင့် ဆောင်ရွက်ပြီးပါက လမ်းလယ်ကျွန်း အမြင့်ပုံစံကြောင့် ယာဉ်မတော်တဆဖြစ်ပွားမှုများ လျှော့ချနိုင်ရန် လမ်းလယ် ကျွန်းအား အနိမ့်ပုံစံသို့ သတ်မှတ်လမ်းပုခုံးများ ထည့်သွင်းတည်ဆောက်ပြီး Pilot Project ပြီးစီးပါက တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ လမ်းလယ်ကျွန်းတွင် မူလရှိသည့် သစ်ပင်များအား စက်ယန္တရားများဖြင့် ရွှေ့ပြောင်းပြီးမှ သတ်မှတ်တစ်နေရာတွင် ပြုစုပျိုးထောင်ပြီး Pilot Project ပြီးပါက လမ်းလယ်ကျွန်းတွင် ပြန်လည်စိုက်ပျိုးရမည် ဖြစ်ပါကြောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ရန်ကုန်-နေပြည်တော်အပိုင်းတွင် တံတားစုစုပေါင်း ၁၆၈ စင်းရှိပြီး လေးလမ်းသွား ၁၁၄ စင်း၊ သုံးလမ်းသွားတံတား ၂ စင်းနှင့် နှစ်လမ်းသွား တံတား ၅၂ စင်း ဖောက်လုပ်ထားပါကြောင်း၊ Pilot Project အရ လမ်းလယ်ကျွန်းထဲသို့ တစ်ဖက် ၅ ပေစီ လမ်းတိုးချဲ့ တည်ဆောက်မည် ဖြစ်သော်လည်း တံတားများအား လတ်တလော တိုးချဲ့တည်ဆောက်ခြင်း မပြုဘဲ တံတားအဝင်/ထွက် နေရာများတွင် အန္တရာယ်ကင်းရှင်းစေရန် အကာအကွယ်တန်း Guard Rail များအား 1:40 Taper အချိုးနှင့် တပ်ဆင်သွားမည် ဖြစ်ပါကြောင်း၊ ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးတွင် လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အသိပညာပေး စည်းရုံးပြောဆိုခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ သတ်မှတ်အရှိန်နှုန်းအတိုင်း မောင်းနှင်ကြရန် ယာဉ်မတော်တဆ ဖြစ်ပွားမှုများသည့် Black Spot နေရာများတွင် စောင့်ကြည်‌့ယာဉ် Road Patrol များ စောင့်ကြည့် အသိပေးခြင်းစသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယာဉ်မတော်တဆ ဖြစ်ပွားမှု လျော့ကျရေးအတွက် အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း Toll Gate များတွင် ဖြန့်ဝေထားခြင်းဖြစ်ပါကြောင်း၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင်ရှိသည့် ရဲစခန်းတည်နေရာများ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ၊ အရေးပေါ်ဆက်သွယ်ရမည့် ဖုန်းများ၊ ယာဉ်မောင်းများ လိုက်နာရမည့်အချက်များ၊ ယာဉ်မတော်တဆ ဖြစ်ပွားတတ်သော နေရာများကို လက်ကမ်း စာစောင်များတွင် ဖော်ပြထားပါကြောင်း၊

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု အများဆုံး ဖြစ်ပွားသည့် နေရာများ Black Spot ၂၂ နေရာတွင် သတိပေးဆိုင်းဘုတ်များ တပ်ဆင်ခြင်း၊ အသက်ကယ်တန်း Guard Rail များ တပ်ဆင်ခြင်း၊ Road Line များရေးဆွဲခြင်း၊ ခြံစည်းရိုးကာရံခြင်း၊ Raised Median မှ Depressed Median သို့ ပြောင်းလဲ၍ လမ်းလယ်ကျွန်း ရေမြောင်းတည်ဆောက်ခြင်း၊ Solar မီးတိုင်များ တပ်ဆင်ခြင်း၊ Road Curb များကို ပြန်လည်ပြုပြင်ခြင်း၊ ညဘက်တွင် အန္တရာယ်ကင်းရှင်းစေရန် ရောင်ပြန်ပြားများ တပ်ဆင်ခြင်း၊ အကာအကွယ်တုံးများ ထားပေးခြင်း၊ Rumble Strip များရေးဆွဲခြင်း၊ စောင့်ကြည့်ယာဉ် Road Patrol များထားရှိခြင်း စသည်ဖြင့် ယာဉ်မတော်တဆဖြစ်ပွားမှု လျော့နည်းအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ အထက်တင်ပြပါ လုပ်ငန်းအစီအစဉ်အတိုင်း အဆင့်မြှင့်တင်မှု လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက ယခုလက်ရှိအသုံးပြုလျက်ရှိသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာချေးငွေရရှိရေး ညှိနှိုင်းစီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရှင်းလင်းဖြေကြားပါသည်။