(ခ)-ပုဏ္ဏားကျွန်းမြို့မြို့အဝင်/အထွက်ထိပျက်စီးနေ သည့်ကတ္တရာလမ်းအရှည်(၁)မိုင်၊အကျယ်(၁၈)ပေ ကိုကွန်ကရစ်လမ်းအဖြစ်တိုးချဲ့ခင်းပေးရန်နှင့် မြို့ တွင်းဖြစ်၍ လူသွားလမ်း၊ ပလက်ဖောင်း တစ်ဖက် (၄) ပေစီတိုးချဲ့ ပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၂၃.၂.၂၀၁၇)

ပုဏ္ဏားကျွန်းမြို့သည် ဘင်္ဂလားပင်လယ်အော်နှင့် မိုင် ၂၀ ခန့်ကွာဝေးသော ကုလားတန်မြစ်ကမ်းဘေးတွင် တည်ရှိပြီး အိမ်ခြေ ၂၅၆၃ အိမ်၊ ရပ်ကွက် ၄ ခုသာရှိသော တောမြို့ကလေး ဖြစ်ပါကြောင်း၊ မြို့ငယ်သော်လည်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် တည်ရှိနေသည့်အတွက် လမ်းပန်းဆက်သွယ်ရေး လွယ်ကူချောမွေ့ပါကြောင်း၊ စစ်တွေမြို့ မှ မိုင် ၂၀ ခန့်သာဝေးသည့်အတွက် စစ်တွေ-ရန်ကုန် အမြန်ကားများ၊ စစ်တွေ-မန္တလေး အမြန်ကားများ၊ စစ်တွေ-ပုဏ္ဏားကျွန်း-ကျောက်တော်-မြောက်ဦး-မင်းပြား အမြန်ကားများ၊ ရန်ကုန်-မန္တလေး-မူဆယ် တို့မှလာသော ကုန်တင်ကားကြီးများ၊ စစ်တွေ- ပုဏ္ဏားကျွန်းအမြန်ကားများ၊ သာမန်ရိုးရိုးလိုင်းကားငယ်များ၊ Taxi များ၊ ထွေလာဂျီများ၊ သုံးဘီးဆိုင်ကယ်များ၊ မော်တော်ဆိုင်ကယ်များ၊ စက်ဘီးများစသည့် ယာဉ်မျိုးစုံသည် နေ့ညမရွေး သွားလာနေကြပါကြောင်း၊

မြို့ပြင်တစ်ဖက် အဝေးပြေးပြည်ထောင်စုလမ်းမပေါ်တွင် နှစ်လမ်းမောင်းစနစ်သုံးနေသည့် ကွန်ကရစ်လမ်း ၁၈ ပေစီ ခင်းထားသော်လည်း မြို့အဝင်မှ မြို့အထွက်ထိ ၁ မိုင်ခန့်သည် ကတ္တရာလမ်း ဟောင်းဖြစ်ပြီး ပျက်စီးစပြုနေပြီဖြစ်ပါကြောင်း၊ ပြည်ထောင်စုလမ်းမကြီးအနီးတွင် မြို့သစ်ရပ်ကွက် မူလွန်ကျောင်းလည်း ရှိနေပြီး မြို့ပေါ်တွင်ရှိသော အထက်တန်းကျောင်း၊ အလယ်တန်းကျောင်းများကို မြို့ပြနှင့် ကျေးရွာများမှ ကျောင်းသူကျောင်းသားများလည်း ကျောင်းတက်နေပါကြောင်း၊ ထိုမြို့တွင်း ပြည်ထောင်စုလမ်း တစ်မိုင်ခန့်အတွင်း၌ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များ၊ ကုန်မျိုးစုံဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ၊ မြို့မရဲစခန်းနှင့် ပုဏ္ဏားကျွန်းဘူတာရုံတို့ ရှိနေသည့်အတွက် လူအသွားအလာ အမြဲစည်ကားနေပါကြောင်း၊

ယာဉ်မျိုးစုံနှင့် လူများရှုပ်ထွေးစွာ သွားလာနေကြရာ လမ်းကျဉ်းသည့်အတွက် နှစ်လမ်းမောင်းစနစ်ဖြင့် အသုံးမပြုနိုင်ဘဲဖြစ်နေပါကြောင်း၊ အချို့ယာဉ်များကလည်း မိုင်နှုန်းမြှင့်ပြီး မောင်းနှင်ကြသည့်အတွက် ယာဉ်တိုက်မှုများ၊ လမ်းပိတ်ဆို့မှုများနှင့် ထိခိုက်ဒဏ်ရာရမှုများ မကြာခဏ ဖြစ်ပေါ်နေသည်ကို သိမြင်နေရပါကြောင်း၊

သို့ဖြစ်ပါ၍ ပြည်သူများ၊ ကျောင်းသားကျောင်းသူများ၏ အသက်အန္တရာယ်ကင်းဝေးအောင် ကြိုတင် ကာကွယ်သည့်အနေဖြင့်ဖြစ်စေ၊ ယာဉ်မျိုးစုံ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းအတိုင်း လိုက်နာမောင်းနှင်နိုင်ရေး တို့ကို အထောက်အကူဖြစ်လာစေရန် မြို့အဝင်မှ မြို့အထွက်ထိ ပျက်စီးနေသော ကတ္တရာလမ်း ၁ မိုင်၊ အကျယ် ၁၈ ပေကို ကွန်ကရစ်လမ်းအရှည် ၁ မိုင်၊ အကျယ် ၂၂ ပေလမ်းဖြစ်အောင် တစ်ဖက် ၂ ပေစီတိုးချဲ့ခင်းပေးရန်နှင့် လူသွားလမ်းပလက်ဖောင်းတစ်ဖက် ၄ ပေစီ တိုးချဲ့ပြုလုပ်ပေးရန် လိုအပ်နေပါသဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရခိုင်ပြည်နယ်ရှိ ရန်ကုန်-စစ်တွေ ၁၉၉ မိုင် ၃ ဖာလုံလမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်သည့်၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းကြီးဖြစ်ပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားသော လမ်းပိုင်းသည် ရန်ကုန်-စစ်တွေလမ်း၊ မိုင်တိုင်အမှတ် ၁၇၇/၁ မှ ၁၇၈/၁ အထိ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း လမ်းပိုင်းတစ်မိုင်ဖြစ်ပြီး ၂၀၁၃-၁၄ ဘဏ္ဍာ‌ရေးနှစ်တွင် ပြည်နယ်(မူလ) ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေကျပ်သန်း ၁၆၀ ဖြင့် ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းနှင့် ၃ ပေထု ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ရန်ပုံငွေနှင့် ရန်ကုန်-စစ်တွေလမ်း၊ မိုင်တိုင် ၁၆၈/၁ မှ ၁၈၈/၆ အတွင်း ၁၈ မိုင် ၆ ဖာလုံကို ၁၈ ပေအကျယ် ကွန်ကရစ်လမ်းအဖြစ် လုပ်ငန်းဆောင်ရွက်ခဲ့ရာတွင် ယခုတင်ပြထားသော လမ်းပိုင်းသည် ကတ္တရာလမ်းသား ကောင်းမွန်နေသဖြင့် ချန်လှပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်-စစ်တွေလမ်းမကြီးသည် ရခိုင်ပြည်နယ်၏ အဓိက ဆက်သွယ်ရေးထွက်ပေါက်ဖြစ်သည့်အတွက် လမ်းမကြီးတစ်လျှောက်လုံးကို အနည်းဆုံး ၁၈ ပေအကျယ် ကွန်ကရစ်/ကတ္တရာလမ်းအဖြစ် ရောက်ရှိစေရန် အဓိကထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလက်ရှိအခြေအနေအရ ရန်ကုန်-စစ်တွေလမ်းမကြီး ၁၉၉ မိုင်  ၃ ဖာလုံတစ်လျှောက်သည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အကုန်တွင် ၁၈ ပေအကျယ်ဖြစ်သည့်အပိုင်းသည် ၁၁၀ မိုင် ၆.၂၅ ဖာလုံဖြစ်သည့်အတွက် ၁၈ ပေမဖြစ်သေးသည့်အပိုင်းသည် ၈၈ မိုင်  ၄ ဖာလုံ ကျန်နေမည်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် လမ်းမကြီးတစ်လျှောက်ကို အနည်းဆုံး ၁၈ ပေအကျယ် ရရှိအောင် ဆောင်ရွက်နေရာတွင် လမ်းအကျယ် တပြေးညီရှိစေရေးကို ဦးစားပေးဆောင်ရွက်နေရသည့်အတွက် နဂိုက ၁၈ ပေအကျယ် ကတ္တရာလမ်းဖြစ်ပြီး လမ်းအခြေအနေ ကောင်းမွန်နေသေးသော လမ်းပိုင်းများကို ဒုတိယဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊

ယခုလွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသောလမ်းပိုင်းသည် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်၌ ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအနေအထားအရလည်း လမ်းအခြေအနေမှာ ကောင်းမွန်နေသေးသည့်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် မြို့တွင်းလမ်းများ ကတ္တရာကွန်ကရစ်၊ နိုင်လွန်ကွန်ကရစ်(AC)ခင်းခြင်းစီမံချက်မှာ ၎င်းလမ်းပိုင်းကို ဦးစားပေး ထည့်သွင်းလျာထားပေးသွားမည်ဖြစ်ပါကြောင်း၊

၎င်းအပြင် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြည်နယ်ရန်ပုံငွေတွင် လျာထားတင်ပြ တောင်းခံသွားမည်ဖြစ်ပါကြောင်းနှင့် လူသွားလမ်းပလက်ဖောင်း တည်ဆောက်ရန် ကိစ္စနှင့်ပတ်သက်ပြီး မြေပြင်အနေအထားအရ ဆောင်ရွက်နိုင်မည့် ဒီဇိုင်းပေါ်မူတည်ပြီး ထည့်သွင်းစဉ်းစားပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။