မေးခွန်း အကြောင်းအရာ
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) နိုင်ငံတော်၏ အခြေခံမူထဲ၌ ပုဒ်မ ၁၉ ပုဒ်မခွဲ (ခ) တွင် တရားဥပဒေကန့်သတ်ချက်များမှအပ ပြည်သူရှေ့မှောက်တွင် တရားစီရင်ရေး၊ ၂၀၀၀ ခုနှစ်၊ ပြည်ထောင်စုတရားစီရင်ရေးဥပဒေ အခန်း(၂) တရားစီရင်ရေးမူများတွင်လည်း ယင်းစကားလုံးပင် ဖြစ်ပါကြောင်း၊ ပုဒ်မ ၃ ပုဒ်မခွဲ(ခ)တွင် ဥပဒေ ကန့်သတ်ချက်များမှအပ ပြည်သူရှေ့မှောက်တွင် တရား စီရင်ရေး၊ ပုဒ်မခွဲ(င) တွင် ဥပဒေကို ပြည်သူများ နားလည်၊ လိုက်နာ၊ ကျင့်သုံးလာစေရန် ပညာပေးရေး၊ ပြည်သူများက ဥပဒေကို လိုက်နာသောအလေ့အကျင့် ပျိုးထောင်ပေးရေး၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးပုဒ်မ ၃၅၂ တွင် ပြစ်မှုတစ်စုံတစ်ရာကို စစ်ဆေးစီရင်ရန်အလို့ငှာ မည်သည့် တရားရုံးမဆို ရုံးထိုင်သည့်နေရာကို အများပြည်သူတို့ သွားလာဝင်ထွက်နိုင်သည့် ဖွင့်လှစ်ထားသော တရားရုံး ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်၊ တရားရုံးချုပ်၏ ညွှန်ကြားရေးတစ်ခုကို မိမိတို့ အတွင်းသတင်း ရပါကြောင်း၊ တရားရုံးများတွင် ဆင်နားရွက်များတပ်ထားပြီး ပြည်သူများ ဝင်၍မရပါသည့်အပြင် ထိုင်ခုံမရှိသည့်အတွက် နေရာအခက်အခဲများရှိသည်ဟု ပြောပါကြောင်း၊
www.unionsupremecourt.com.mm ဖြစ်သော တရားရုံးချုပ် Website တွင် တရားရုံး သတင်းမီဒီယာလက်စွဲဆိုသည့် စာစောင်တစ်ခုထွက်ထားပါကြောင်း၊ ယင်းစာစောင်တွင် သတင်းထောက်တစ်ဦး လာမည်ဆိုပါက ပထမဆုံး တရားသူကြီးကို အကြောင်းကြားပြီး ကြိုတင်ချိန်းဆိုရမည်ဖြစ်ပါကြောင်း၊ သတ်မှတ်သည့်နေရာတွင်နေပြိး နည်းလမ်းတကျ သတင်းယူရမည်ဖြစ်ပါကြောင်း၊ ယင်းပရဝုဏ်အတွင်း မည်သူတစ်ဦးတစ်ယောက်ကိုမှ တရားရုံးအကြီးအကဲ၏ ခွင့်ပြုချက်မရဘဲ မေးခြင်း၊ သတင်းရယူခြင်း မပြုရဟု သတင်းမီဒီယာ လက်စွဲလည်း ထွက်ထားပါကြောင်း၊ ၎င်းတို့သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်လည်း ဆန့်ကျင် ပါကြောင်း၊ ၂၀၁၀ ခုနှစ်၊ တရားစီရင်ရေးဥပဒေနှင့်လည်း ဆန့်ကျင်ပြီး ပြစ်မှုဆိုင်ရာ ကျင့်ထုံးနှင့်လည်း ဆန့်ကျင်နေသည်ကို တွေ့ရှိပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားစီရင်ရေးဥပဒေအရ၊ ပြစ်မှုဆိုင်ရာဥပဒေအရ ပြောခြင်းဖြစ်ပါကြောင်း၊ တရားရုံးများ၌ တရားစီရင်ရာတွင် စိတ်ဝင်စားသော ပြည်သူများ ဝင်ရောက်နားထောင်ရာတွင် တားဆီးသူများအား အရေးယူရန် အစီအစဉ်ရှိ/မရှိနှင့် တရားရုံးများတွင် ရေးသားလျှောက်လဲချက်ကို လက်ခံနေခြင်းသည် ဥပဒေကို ဆန့်ကျင်နေပါသဖြင့် ရပ်ဆိုင်းရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
တရားရုံးများတွင် တရားစီရင်ရာ၌ ပြည်သူများ စိတ်ဝင်စားစွာ ဝင်ရောက်နားထောင်ရာတွင် တားဆီးမှုများကို အရေးယူပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်း၍ ၂၀၁၀ ခုနှစ်၊ ပြည်ထောင်စု တရားစီရင်ရေးဥပဒေတွင် တရားစီရင်ရေးဆိုင်ရာမူတစ်ရပ်ပါရှိပါကြောင်း၊ ထိုတရားစီရင်ရေးဆိုင်ရာ မူမှာ ဥပဒေအရ ကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေးဆိုသည့် အချက် ပါရှိပါကြောင်း၊ ဥပဒေအရ ကန့်သတ်ချက်များဆိုသည်မှာ ကလေးသူငယ်ဥပဒေ၊ လူကုန်ကူးမှု တားဆီးရေးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၅၂ နှင့် တရားရုံးများ လက်စွဲအပိုဒ် ၄၈ တို့တွင် ဖော်ပြထားပါကြောင်း၊
ကလေးသူငယ်ဥပဒေပုဒ်မ ၃ ပုဒ်မခွဲ(စ) တွင် ကလေးသူငယ်မှုခင်းကို သီးသန့်စစ်ဆေးရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၁၁ ပုဒ်မခွဲ(က)တွင်လည်း သက်ဆိုင်ရာတရားရုံးသည် ဤဥပဒေပါ လူကုန်ကူးမှုနှင့်စပ်လျဉ်းသော ပြစ်မှုများကို စစ်ဆေးစီရင်ရာတွင် လူကုန်ကူးခံရသည့်အမျိုးသမီးများ၊ ကလေးသူငယ်နှင့် လူငယ်များဖြစ်ပါက ကာအိန္ဒြေစောင့်ထိန်းမှုနှင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရှိစေရန်အတွက် အများပြည်သူရှေ့တွင်မဟုတ်ဘဲ သီးသန့်ရုံးခန်းတွင် စစ်ဆေးစီရင်ရမည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၅၂ တွင်လည်း ရာဇဝတ်တရားသူကြီးအား မိမိသင့်သည်ဟု ထင်မြင်ပါက ထူးခြားသော အမှုတစ်စုံတစ်ရာကို စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် စီရင်ခြင်းပြုနေဆဲ မည်သည့်အချိန်တွင်မဆို တရားရုံးက အသုံးပြုသည့်အခန်း သို့မဟုတ် အဆောက်အဦအတွင်းသို့ ဝင်ထွက်သွားလာခြင်း သို့မဟုတ် ရှိနေခြင်းမပြုလုပ်ရန် အမိန့်ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်ကို တွေ့ရှိပါကြောင်း၊ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၅၂ တွင် ပါဝင်သော ထူးခြားသည့် မှုခင်းတစ်စုံတစ်ရာဆိုသည်မှာ ကျူးလွန်ခံရသူ၏ ဂုဏ်သိက္ခာအတွက် အများပြည်သူများ နားထောင်ရန်မသင့်သော မဒိမ်းမှု၊ ဖျားယောင်းသွေးဆောင်မှု၊ ကာမဖျက်ဆီးမှု၊ ရက်စက် ယုတ်မာသော အသက်မပြည့်သေးသည့် ကလေးသူငယ်များအပေါ် ကျူးလွန်သည့် အဓမ္မမှုများကို ဆိုလိုခြင်းဖြစ်ပါကြောင်း။ ထိုကဲ့သို့သောကိစ္စများနှင့် ပတ်သက်ပြီး မဒိမ်းမှုများနှင့် ကာမသောင်းကျန်းမှု များကို စစ်ဆေးသည့်နေရာတွင် မောင်နှင့် အစ်မ၊ သားနှင့် အမိ မကြားဝံ့မနာသာမဖြစ်စေရန်နှင့် တရားဖြောင့်မတ်မှန်ကန်ရေးကို ရှေးရှုပြီး အမှုများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၅၂ ခြွင်းချက်အရ ရုံးခန်းအတွင်း အမှုနှင့်သက်ဆိုင်သူများမှတစ်ပါး အခြားပြင်ပလူများ ဝင်ရောက်ခြင်းမပြုသင့်ဟု ယူဆလာပါက ဝင်ရောက်ခွင့်မပြုဘဲ အဆိုပါအမှုများကို တံခါးပိတ်ပြီး IN Camera စစ်ဆေးရန် ညွှန်ကြားလွှာ အမှတ်၊ ၂၀/၅၇ အရ ညွှန်ကြားထားရှိပါကြောင်း၊
တရားရုံးများလက်စွဲအပိုဒ် ၄၈ တွင်လည်း ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၃၅၂ အရ Section တရားသူကြီး သို့မဟုတ် ရာဇဝတ်တရားသူကြီးသည် အမှုတစ်စုံတစ်ရာကို စုံစမ်းစစ်ဆေးနေချိန် သို့မဟုတ် စီရင်နေချိန်အတွင်း ပြည်သူတစ်ရပ်လုံးကိုဖြစ်စေ၊ လူတစ်ဦးတစ်ယောက်ကိုဖြစ်စေ မိမိတရားရုံးအဖြစ် အသုံးပြုသည့် အခန်းအတွင်း၌သော်လည်းကောင်း၊ အဆောက်အဦအတွင်း၌ သော်လည်းကောင်း၊ မိမိသဘောအတိုင်း ထုတ်ပယ်ခွင့်အာဏာရှိကြောင်း၊ တရားရုံးအတွင်း ငြိမ်ဝပ်မှု ထိန်းသိမ်းရန်နှင့် နှောင့်ယှက်မှုများကို တားဆီးရန်လိုအပ်သည့် စီမံမှုများကို ဆောင်ရွက်ရန် ထိုတရား သူကြီးနှင့် အခွင့်အာဏာရှိသည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊ တရားရုံးများသည် ပြည်ထောင်စု တရားစီရင်ရေးဥပဒေပါ တရားစီရင်ရေးဆိုင်ရာမူများနှင့်အညီ ကန့်သတ်ထားသည့်အမှုများမှအပ ပြည်သူလူထုရှေ့မှောက်တွင် တရားစီရင်လျက်ရှိပါကြောင်း၊ တရားရုံးများတွင် အများပြည်သူများသည် အတားအဆီးမရှိ ဝင်ရောက်နားထောင်ခွင့် ပြုလျက်ရှိပါကြောင်း၊ အကယ်၍ တရားရုံးများတွင် တရားစီရင်ရာတွင် စိတ်ဝင်စားသည့် ပြည်သူများ ဝင်ရောက်နားထောင်ရာတွင် တားဆီးမှုများ ရှိကြောင်း တိုင်ကြားလာပါက လိုအပ်သည့် စုံစမ်းမှုများပြုလုပ်ပြီး ပေါ်ပေါက်သည့်အတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
တရားရုံးများတွင် ရေးသားလျှောက်လဲချက်လက်ခံနေခြင်းသည် ဥပဒေနှင့်ဆန့်ကျင်ခြင်းမရှိကြောင်း ရှေးဦးစွာ တင်ပြလိုပါကြောင်း၊ အမှုစစ်ဆေးရာတွင် လိုက်နာရန်ပြဋ္ဌာန်းထားသော ဥပဒေများ ရှိပါကြောင်း၊ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေများတွင် ယင်းလျှောက်လဲချက်များကို စာဖြင့်ရေးသားပြီး တင်သွင်းခြင်း မပြုရဟု တားမြစ်ထားသည်များ မရှိပါကြောင်း၊ သို့သော် တရားရုံးများလက်စွဲ အပိုဒ် ၁၅၄ တွင် တရားမမှုများကို စစ်ဆေးသည့်နေရာတွင် ဆောင်ရွက်သင့်သော ယေဘုယျပြဋ္ဌာန်းချက်များဆိုပြီး ညွှန်ပြထားသည့် အချက်တစ်ချက်ရှိပါကြောင်း၊ ယင်းအချက်မှာ ခုခံသော တရားမမှုများမှာ စာဖြင့်ရေးသားထားသည့် လျှောက်လဲချက်များကို တင်သွင်းရန် ရှေ့နေတို့အား ခွင့်ပြုသည့် အလေ့အထကို လိုက်နာခြင်းမပြုရန်နှင့် လျှောက်လဲချက်များအား တရားရုံးကို နှုတ်ဖြင့် လျှောက်လဲတင်ပြရမည်ဟု ဖော်ပြထားပါကြောင်း၊ တရားရုံးလက်စွဲဆိုသည်မှာ ဥပဒေပြဋ္ဌာန်းချက်များကို စုစည်းပြီး လက်စွဲအဖြစ် ဖော်ပြထားခြင်း ဖြစ်ပါကြောင်း၊ သို့သော်လည်း အပိုဒ် ၁၅၄ တွင်ဖော်ပြထားသော စာဖြင့်ရေးသားထားသည့် လျှောက်လဲချက်များကို တင်သွင်းရန် ခွင့်မပြုရဆိုသည်နှင့် ပတ်သက်၍ ရည်ညွှန်းသည့်ပုဒ်မ မပါပါကြောင်း၊ တရားရုံးလက်စွဲစာပိုဒ် ၁၅၄ တွင် ကျန်သည့် ညွှန်ကြားချက်များတွင် သက်ဆိုင်ရာပုဒ်မများကို ရည်ညွှန်းပြီး ထုတ်ပြန်လေ့ရှိပါကြောင်း၊ စုစည်းထားပါကြောင်း၊ သို့သော် ရည်ညွှန်းစာမပါသည့်အတွက် ဥပဒေပြဋ္ဌာန်းချက်မရှိ၍ဖြစ်သည်မှာ ပေါ်လွင်ထင်ရှားပါကြောင်း၊
ထိုတရားရုံးများလက်စွဲဆိုသည်မှာ ၁၉၄၆ ခုနှစ်က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က မြန်မာနိုင်ငံတွင် တရားရုံးများလည်းနည်းပြီး အမှုအရေအတွက်နည်းသည့်အချိန်ဖြစ်သည့်အတွက် တရားရုံးတွင် စွဲဆိုသော အမှုအရေအတွက်နည်းသောကြောင့် တရားရုံးတွင် လာရောက်သက်သေခံသည့် သက်သေများကို တစ်နေ့ပြီး တစ်နေ့စစ်ရန်၊ တစ်နေ့ပြီးတစ်နေ့ ဆက်လက်ပြီး ကြားနာရန် ထိုသက်သေခံချက်များကို ရေးမှတ်ပြီးလျှင်ပြီးချင်း ရှေ့နေနှင့် တရားသူကြီး နှစ်ဦးလုံး၏ စိတ်တွင် ကောင်းစွာ အမှတ်ရလျက်ရှိသည့်အချိန်တွင် မိမိတို့ လျှောက်လဲချက်များကို နားထောင်ပြီး စိတ်ထဲတွင် အမှတ်ရနေချိန်တွင် လျှောက်လဲချက်ကို ကြားနာရန် ထိုကဲ့သို့ ကြားနာချိန်တွင် နှုတ်ဖြင့် လျှောက်လဲရန် ယေဘုယျ ညွှန်ကြားထားခြင်းဖြစ်ပါကြောင်း၊
သို့သော် ထိုကဲ့သို့ ညွှန်ကြားခဲ့ခြင်းမှာ ယခုအချိန်တွင် ယင်းညွှန်ကြားချက်သည် ခတ်နှင့်လျော်ညီမှု မရှိတော့ပါကြောင်း၊ ယခုအချန်သည် တရားရုံးများလည်းများလာပြီး အမှုတွေကလည်း များလာသည့်အတွက် တရားရုံးတစ်ရုံးသည် အမှုကိုတစ်မှုတည်းသာ စစ်ဆေးခြင်းမဟုတ်ဘဲ တစ်နေ့တစ်နေ့ အမှုများစွာ စစ်ဆေးရပါကြောင်း၊ လျှောက်လဲချက်နားထောင်ရန် တစ်ရက်လျှင် လေးငါးဆယ်ခု နားထောင်ရသည့်အတွက် နှုတ်ဖြင့် တင်ပြသောလျှောက်လဲချက်ကို ကောင်းမွန်စွာ အမှတ်ရနေရန် မဖြစ်နိုင်သည့် အနေအထားဖြစ်ပါကြောင်း၊
ထို့ကြောင့် လျှောက်လဲချက်နားထောင်ပြီး နှစ်ပတ်သုံးပတ်ရှိမှ တချို့ တစ်လရှိမှ စသည်ဖြင့် အမိန့်ချသည့်အခါ လျှောက်လဲချက်သည် မည်သို့လျှောက်လဲထားသည်ကို မှတ်မိရန်မလိုပါကြောင်း။ ထို့ကြောင့် လျှောက်လဲချက်အပြည့်အစုံများကို မှတ်မိနိုင်စေခြင်းသည် သက်ဆိုင်ရာရှေ့နေက နှုတ်ဖြင့်လျှောက်လဲသည်နှင့်အတူ ရေးသားလျှောက်လဲချက်တင်သွင်းခြင်းကို ခွင့်ပြုရခြင်း ဖြစ်ပါကြောင်း၊ ထိုသို့ ခွင့်ပြုရာတွင် တခြားနိုင်ငံများတွင် ယခုအချိန်တွင် တရားရုံးများ၌ နှုတ်ဖြင့် လျှောက်လဲခြင်း၊ ရေးသားလျှောက်လဲခြင်း နှစ်မျိုးစလုံးကို ခွင့်ပြုနေသည်ကို တွေ့ရှိရပါကြောင်း၊ အထူးသဖြင့် ယခုကဲ့သို့ အမှုများ များပြားလာချိန်တွင် ရေးသားလျှောက်လဲချက်တင်ရန် ပို၍ အားပေးသည်ကို တွေ့ရပါကြောင်း၊ တရားရုံးများက နှုတ်ဖြင့်တင်ပြခြင်းသည် ရှည်လျားပြီး အချိန်ကုန်သည့်အတွက် ရေးသားလျှောက်လဲချက်တင်ရာတွင် ပြည့်ပြည့်စုံစုံ အချက်အလက်များ၊ တင်ပြလိုသည့် စီရင်ထုံးများ၊ ကိုးကားသည့် ဥပဒေများ ပါဝင်ရေးသား လျှောက်လဲချက် တင်သွင်းခြင်းအားဖြင့် အမှုသည်ရော၊ နှစ်ဖက်ရှေ့နေရှေ့ရပ်များပါ တရားရုံးများအတွက်လည်း အကျိုးရှိသည်ကို တင်ပြလိုပါကြောင်း၊
တရားရုံးက အမှန်တရားကို ဖော်ထုတ်ပြီးဆုံးဖြတ်သည့်နေရာတွင် ရေးသားလျှောက်လဲချက် တင်သွင်းခြင်းသည် များစွာအထောက်အကူပြုပါကြောင်း၊ ထိုကဲ့သို့ ရေးသားလျှောက်လဲချက်ကို ခွင့်ပြုခြင်းအားဖြင့် မိမိတို့တင်ပြသော အချက်အလက်အားလုံးကို ပြည့်ပြည့်စုံစုံ သက်ဆိုင်ရာ တရားသူကြီးက သိရှိနိုင်ခြင်းဖြစ်သည့်အတွက် မိမိတို့ တင်ပြသည့်အပေါ် ပြည့်ပြည့်စုံစုံ သုံးသပ်ပြီး တင်ပြချက်အချက်သည် မှန်သည်၊ မှားသည်၊ ဥပဒေနှင့်ညီသည်၊ မညီသည် စသည်ဖြင့် တင်ပြပြီး ဆုံးဖြတ်ပေးနိုင်သည့် အခွင့်အရေးလည်း သက်ဆိုင်ရာ ရှေ့နေနှင့် အမှုသည်များ ရရှိမည်ဖြစ်ပါကြောင်း၊
ထိုကဲ့သို့ လျှောက်လဲချက်များကို သက်ဆိုင်ရာ အမှုတွဲတွင်လည်း တွဲထားမည်ဖြစ်သည့်အတွက် အမှုအဆင့်ဆင့်သည် အယူခံမှု၊ ပြင်ဆင်မှုအဆင့်ဆင့် တင်သွင်းသွားသည့်အခါ အထက်တရားရုံးများက အောက်ရုံးများတွင် သက်ဆိုင်ရာ အမှုသည်များက မည်သည့်အရာများ လျှောက်လဲခဲ့ပြီး မည်သည့်အရာများ ပြောသည်၊ တရားရုံးက ချမှတ်သည်များမှာ မှန်ကန်မှုရှိ/မရှိ ထိုလျှောက်လဲချက်တွင်ပါသော အချက်အလက်များကို စိစစ်ဆုံးဖြတ်နိုင်ရန်ဖြစ်ပါကြောင်း၊ လျှောက်လဲချက်တွင် ပြည့်ပြည့်စုံစုံဖော်ပြထားပါက တရားရုံး၏ ဆုံးဖြတ်ချက်သည် မှားခဲ့သည်ရှိသော် ဥပဒေနှင့်အညီ စိစစ်သည့်အခါ ကိုက်ညီမှုရှိသော်ချက်ချင်း တရားရုံးက သိရှိနိုင်ခြင်းဖြစ်ပါကြောင်း။ ၎င်းတို့၏ အကျိုးကျေးဇူးသည် သက်ဆိုင်ရာအမှုသည်နှင့် ရှေ့နေများက ရရှိမည့် အကျိုးကျေးဇူးဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိအခြေအနေတွင်လည်း ထိုကဲ့သို့ ရေးသားလျှောက်လဲချက် တင်သွင်းခြင်းကို အမှုသည်များကရော ရှေ့နေများကပါ လိုလိုလားလား ရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် တင်ပြသည့်အတိုင်း ၎င်းတို့၏ အကျိုးကို အကျိုးပြုမည်ဖြစ်သည့်အတွက် ဖြစ်တဲ့အတွက် ထိုကဲ့သို့သော ရေးသားလျှောက်လဲချက် တင်သွင်းခြင်းကို ကန့်ကွက်ခြင်းမရှိသည်ကို တွေ့ရှိရပါကြောင်း၊
အချုပ်အားဖြင့် ရှေ့နေများက ရေးသားလျှောက်လဲချက်တင်ပြခြင်းသည် ဥပဒေနှင့် ဆန့်ကျင်မှုမရှိပါကြောင်းနှင့် တရားရုံးများက အမှန်တရားများကို ဖော်ထုတ်ဆုံးဖြတ်သည့်နေရာတွင် များစွာ အထောက်အကူပြုရန်ရှိသည့်အတွက် ရေးသားလျှောက်လဲချက်တင်သွင်းခြင်းကို ရပ်ဆိုင်းရန်အတွက် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးမြင့်လွင် (ပုဇွန်တောင်မဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
တရားရုံးဆိုတာ ဥပဒေ၊ နည်းဥပဒေ၊ By Law ၊ ညွှန်ကြားချက်များရှိပြီး အားလုံး လိုက်နာရမည်ဖြစ် ပါကြောင်း၊ ၁၉၉၉ ခုနှစ် စတုတ္ထအကြိမ် တည်းဖြတ်ထားသော BCMတွင် တိတိကျကျ ဆိုထားသည့် အပြင် အခြား နိုင်ငံတကာများတွင်လည်း Argument ကိုသာ ပေးရပါကြောင်း ပြန်လည် ဖြေကြား ပါသည်။
ဦးမြင့်လွင်(ပုဇွန်တောင်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ပြည်ထောင်စုတရားသူကြီးဖြေကြားချက်သည့် အချက်များသည် ဥပဒေနှင့် ညီညွတ်ခြင်းမရှိဘဲ ဥပဒေကို မကိုးကားဘဲ ထုံးစံနဲ့ ဓလေ့ကိုသာ ဖြေကြားခဲ့ခြင်းဖြစ်သည့်အတွက် လျှောက်လဲချက်များကို တရားရုံးက လက်ခံနေခြင်းသည် တရားဥပဒေနှင့်ဆန့်ကျင်နေပါဖြင့် ရပ်ဆိုင်းရန် တောင်းဆိုနေခြင်း ဖြစ်ပါကြောင်း ဆက်စပ်မေးမြန်းပါသည်။
ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးစိုးညွန့်
BCM ဆိုသည်မှာ ဥပဒေပြဋ္ဌာန်းချက်များကို ပေါင်းစပ်ထားသော လက်စွဲ စာအုပ်ဖြစ်ပါကြောင်း၊ လျှောက်လဲချက်ပေးနှင့် စပ်လျဉ်း၍ သက်ဆိုင်သည့် ဥပဒေ ရာဇဝတ်မှုဆိုရင် ရာဇဝတ်ကျင့်ထုံးဥပဒေ၊ တရားမမှုဆိုရင် တရားမကျင့်ထုံးဥပဒေဆိုတာ ရှိပြီးဖြစ်ပါကြောင့်နှင့် ကျင့်ထုံးဥပဒေများအရ လျှောက်လဲချက်ကို ရေးသားလျှောက်လဲချက်မလုပ်ရန်၊ နှုတ်ဖြင့် တင်ရန် စသည့်ဖြင့် ကန့်သတ်တားမြစ်ချက်များ မရှိပါကြောင်း၊ ထို့ကြောင့် မိမိဖြေကြားချက်များသည် ဥပဒေနှင့်အညီ ဖြစ်ပါကြောင်း၊ ရေးသားလျှောက်လဲချက် တင်သွင်းခြင်းသည် မည်သူ့ကိုမှ မထိခိုက်သည့်အပြင် အကျိုးရှိသည့်ကိစ္စတစ်ရပ်ဖြစ်ပါကြောင်း၊ သို့သော် တရားရုံးကလည်း ရေးသားလျှောက်လဲချက် တင်ပုံလည်းမဟုတ်ဘူး နှုတ်ဖြင့်လည်းတင်ပြခွင့်ပေးနေပါကြောင်း၊ အကယ်၍ နှုတ်ဖြင့် တင်ပြခွင့် မပေးဘဲ ရေးသားလျှောက်လဲချက်တစ်ခုလည်း ပေးသည်ဆိုပါက နှုတ်ဖြင့် မတင်ပြရ၍ ရေးသားလျှောက်လဲချက်တင်သွင်းသည်ကို ကန့်ကွက်သည်ဆိုပါက တစ်မျိုးဖြစ်ပြီး မိမိတို့ တရားရုံးက နှစ်မျိုးလုံးကို ခွင့်ပေးပါကြောင်း၊ ရေးသားလျှောက်လဲချက်တင်သွင်းခြင်း၊ ခွင့်ပြုခြင်းသည် မည်သူ့ကိုမှ ထိခိုက်မှုမရှိသည့်အပြင် သက်ဆိုင်ရာအမှုသည်များကလည်း ကန့်ကွက်မှုမရှိပါကြောင်း၊ မည်သည့် အခက်အခဲမှလည်း မရှိသည့်အပြင် သက်ဆိုင်ရာတရားရုံးက အမှန်တရားကို ဖော်ထုတ်ရာတွင် ထိရောက်စွာ အထောက်အကူပြုနိုင်တာဖြစ်သည့်အတွက် ရေးသားလျှောက်လဲချက် တင်သွင်းခြင်းကို ယခုအချိန်တွင် ရပ်စဲရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
