(ဂ)-နိုင်ငံတော်အစိုးရကတာဝန်ယူစစ်ဆေးသည့် ဓာတုဗေဒ ဓာတ်ခွဲခန်းများကို ယခုထက် ပိုမိုမှန် ကန်သော၊တာဝန်ယူမှုအပြည့်အဝရှိသောအဂတိ လိုက်စားမှုမရှိသော ဓာတုဗေဒစမ်းသပ်ဓာတ်ခွဲ ခန်းများအဖြစ် စီစဉ်ဆောင်ရွက်ရန် အစီအစဉ်ရှိ/ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ (၃.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

min noungမူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် ဆိုးကျိုးဒဏ်ကို ကြေကွဲဝမ်းနည်းစွာ ခံစားနေရခြင်းကြောင့် တတ်စွမ်းသမျှ တားဆီးကာကွယ်ရန် အစိုးရတွင် အဓိကတာဝန်ရှိပါကြောင်းနှင့် ပြည်သူလူထုမှလည်း ပူးပေါင်းပါဝင်ခြင်းဖြင့် ပိုမိုအောင်မြင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မူးယစ်ဆေးဝါး သုံးစွဲသူများအနေဖြင့် ပြစ်ဒဏ်မှသက်သာစေရန် ထွက်ပေါက်တစ်ခုအဖြစ် အသုံးချခြင်းကို ကာကွယ်တားဆီးလိုခြင်းဖြစ်သည့် ပြည်သူလူထု၏ဆန္ဒကို ဖြည့်ဆည်းပေးရန်အတွက် မူးယစ်ဆေးဝါးသုံးစွဲခြင်းရှိ/မရှိကို တာဝန်ယူ စစ်ဆေးပေးသော နိုင်ငံတော်အစိုးရ၏ ဓာတုဗေဒဓာတ်ခွဲ စစ်ဆေးရေးဌာနအနေဖြင့် ယခုထက် ပိုမိုမှန်ကန်သော တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်အဝရှိသော၊ အဂတိလိုက်စားမှုမရှိသော စစ်မှန်သော အဖြေများထုတ်ပေးနိုင်သည့် ဓာတုဗေဒဓာတ်ခွဲစစ်ဆေးရေး ဌာနအဖြစ် စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeဓာတုဗေဒစစ်ဆေးရေးဌာနကြီးကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ကွပ်ကဲမှုအောက်တွင် ထည့်သွင်း ဖွဲ့စည်းထားပြီး ဓာတုဗေဒစစ်ဆေးရေးဌာန၏ ဖွဲ့စည်းပုံမှာ အရာထမ်း ၇၅ ဦး၊ အမှုထမ်း ၁၃၅ ဦး ပေါင်း နှင့် ဖွဲ့စည်းထားပြီး လက်ရှိအရာထမ်း ၂၉ ဦး၊ အမှုထမ်း ၅၇ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွဲ့စည်းထားသည့် အရာထမ်း၊ အမှုထမ်းအားလုံးသည် ရဲတပ်ဖွဲ့ဝင်များ မဟုတ်ဘဲ ဆရာဝန်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ အရပ်သားဝန်ထမ်းများ ဖြစ်ပါကြောင်း၊ ဓာတုဗေဒစစ်ဆေးရေးဌာန ဓာတုဗေဒဝန်ကြီးရုံးကို နေပြည်တော်တွင် အခြေစိုက်ရုံးဖွင့်နေပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးတို့တွင် ဓာတုဗေဒစစ်ဆေးရေး ဌာနခွဲများ ဖွင့်လှစ်ပြီး မူးယစ်ဆေးဝါး ဓာတ်ခွဲခန်း၊ အစိတ်အတောက်ဓာတ်ခွဲခန်း၊ အစွန်းအထင်းဓာတ်ခွဲခန်းနှင့် အထွေထွေဓာတ်ခွဲခန်းများအဖြစ် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဓာတုဗေဒစစ်ဆေးရေးဌာန၏ သက်သေခံပစ္စည်းလက်ခံ စစ်ဆေးခြင်း၊ လုပ်ငန်းစဉ်များကိုလည်း ဓာတ်ခွဲခန်းများ၏ သတ်မှတ်စံနှုန်းများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ရဲဦးစီးအရာရှိချုပ် ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ကြီးကြပ်ရေးအဖွဲ့နှင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး ဒုတိယတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးများမှ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် ဒေသကြီး စိစစ်ကျန်းမာရေး အဖွဲ့တို့ကို ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၅-၁-၂၀၁၆ ရက်နေ့တွင် ထပ်မံဖွဲ့စည်းကြပ်မတ် ဆောင်ရွက် စေလျက်ရှိပါကြောင်း၊ ၁၉၉၅ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ နည်းဥပဒေ ၄၀ နည်းဥပဒေခွဲ(က)အရ အမှုစစ်အရာရှိသည် အရေးယူထားသော လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသမှအပ ရုံးပိတ်ရက်တွင်ဖြစ်စေ စတင်ဖမ်းဆီးသည့် အချိန်မှ ၄၈ နာရီအတွင်း ဆေးနမူနာရယူပြီး ဆေးဘက်ဆိုင်ရာစစ်ဆေးချက်များကို တာဝန်ခံသည့် ဆရာဝန်ထံ သို့ပေးပို့ရပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် ဒေသတွင်း ၄၈ နာရီအတွင်းမှာ ဆေးနမူနာ ထုတ်ယူရရှိရန်အတွက် မဆောင်ရွက်နိုင်ပါက ၇၂ နာရီအတွင်း နမူနာရယူပြီး ရဲတပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာတာဝန်ခံ ဆရာဝန်မှတစ်ဆင့် ပေးပို့ရပါကြောင်းဖြင့် ဖြေကြားလိုပါသည်။

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာနည်းဥပဒေ ၄၁ နည်းဥပဒေခွဲ (က)အရ ပေးပို့လာသည့် ဆေးဝါး သို့မဟုတ် ဓာတုဗေဒပစ္စည်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးဦးဖြင့် စေလွှတ်ပေးပို့ရပါကြောင်း၊ ယခုလိုပေးပို့သည့် အပေါ်တွင်လည်း သက်ဆိုင်ရာတာဝန်ခံ ဆရာဝန်က လျှို့ဝှက်အမှတ်အသားရေးထိုး ချိတ်ပိတ်ပြီး စာတိုက်မှတစ်ဆင့် မှတ်ပုံတင်ပေးပို့ခြင်းများကိုလည်း ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ယခလိုစစ်ဆေးရာတွင် သက်ဆိုင်ရာရဲစခန်းမှ ကျန်းမာရေးဌာန တွင်ရှိသည့် သက်ဆိုင်ရာတာဝန်ခံဆရာဝန်များနှင့် စာတိုက်မှ ပေးပို့လာသည့် အမှာစာအပေါ်တွင် ဓာတ်ခွဲစမ်းသပ်ရမည်။ နမူနာပစ္စည်းများ၊ သတ်မှတ်ထားသည့် ချိတ် သို့မဟုတ် အမှတ်အသားများနှင့် လက်မှတ်များ မှန်/မမှန်စစ်ဆေးပြီးမှ ပေးပို့သည့်နေရာ၊ ဌာနများကို ပြန်လည်ပေးပို့ရပါကြောင်း၊ ဓာတုဗေဒစစ်ဆေးရေးဌာနမှာ အစိတ်အတောက်မူးယစ်အစွန်းအထင်း၊ စစ်ဆေးသည့်ဓာတ်ခွဲခန်းများသည် ရဲစခန်းများမှ ပေးပို့လာသည့် ဖမ်းဆီးရမိမူးယစ်ဆေးဝါး စစ်ဆေးပြန်ကြားပြီး စစ်ဆေးဆောင်ရွက်ရာတွင် ဓာတုဗေဒဝန်ကြီးရုံး အနေဖြင့် UNODC ၏ သတ်မှတ်ထားသည့် နည်းစဉ်များဖြစ်သော TLC ၊ Tin Layer ၊ Cremator Graphs ၊ အပါးလွှာအရောင် စမ်းသပ်နည်းဖြင့်လည်းကောင်း၊ GCMS Gas Cremator Graphs Mas စပရက်ထွန် မီတာစက်များကို အသုံးပြုပြီး စစ်ဆေးပြန်ကြားပေးလျက်ရှိပါကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုရှိ/မရှိ စစ်ဆေးရာတွင်လည်း အလွယ်တကူ စစ်ဆေးနိုင်သည့်စနစ်များ၊ စစ်ဆေး ကိရိယာများ စမ်းသပ်စစ်ဆေးခြင်းကို ဓာတုဗေဒစစ်ဆေးရေးဌာနတွင် ပြုလုပ်ခြင်းမရှိပါကြောင်း၊ အလွယ်တကူစစ်ဆေးနိုင်သည့် ကိရိယာများ၊ Task Skit များသည် တိကျသည့် အဖြေထုတ်ပေး နိုင်မှုမရှိသည့် အတွက်ကြောင့် စစ်ဆေးဖော်ထုတ်သည့် အခါတွင် ကွဲလွဲချက်များ ဖြစ်ပေါ်နိုင်သည့်အတွက် ၎င်း နည်းစနစ်များနှင့် မူးယစ်ဆေးဝါးသုံးစွဲကြောင်း မူးယစ်‌ဆေးဝါး ဆိုင်ရာ အတည်ပြုကြောင်း ပြုလုပ်ခြင်းမရှိကြောင်းလည်း သိရှိရပါတယ်။ ထို့ကြောင့် ပြည်ပနိုင်ငံများတွင် အလွယ်တကူ ဆီးစစ်ပေးသည့် ကိရိယာများနှင့် စစ်ဆေးအတည်ပြု အဖြေထုတ် ပေးပြုလုပ်ခြင်း မရှိသကဲ့သို့ ဓာတုဗေဒရုံးတွင်လည်း လက်ရှိအသုံးပြုနေသည့် TLC နည်းနှင့် GCMS စက်ကိုသာအသုံးပြုပြီး လက်ရှိနိုင်ငံတကာတွင် အသုံးပြုနေသည့် နည်းစနစ်များအတိုင်း စစ်ဆေး ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊

ယခုလိုပေးပို့လာသော ဓာတ်ခွဲစစ်ဆေးရသည့် လုပ်ငန်းစဉ်များတွင် ဓာတ်ခွဲစစ်ဆေးခြင်း၊ Code နံပါတ် ဖော်ခြင်းစသည့် လုပ်ငန်းစဉ်တစ်လျှောက်လုံးကိုလည်း သက်ဆိုင်ရာစိစစ်ကြပ်မတ်ရေး အဖွဲ့ဝင်များ ရှေ့မှောက်တွင် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ လုပ်ဆောင်မှုအဆင့်ဆင့်တိုင်းကို သီးခြားအဖွဲ့အစည်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတုဗေဒစစ်ဆေးရေးဌာနသို့ ရဲစခန်းအသီးသီးမှ လာရောက်အပ်နှံ စစ်ဆေးသည့် ဖမ်းဆီးရမိမှု မူးယစ်ဆေးဝါးနှင့် အချို့အမှုများတွင် သက်သေခံပစ္စည်း အားလုံးကိုသော်လည်းကောင်း၊ အချို့ကိုသော်လည်းကောင်း စမ်းသပ်စစ်ဆေးရာတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအဖြစ် မတွေ့ရှိရပါကြောင်း၊ ဓာတ်ခွဲခန်းဝန်ထမ်းများ၏ မသမာမှုရှိ/မရှိ သိရှိနိုင်ရန်အတွက်လည်း ညွှန်ကြားရေးမှူးမှ သတ်မှတ်ပေးထားသည့် အခြားဓာတုဗေဒ စစ်ဆေးရေးဌာနခွဲ တစ်ခုကိုလည်း သက်ဆိုင်ရာအမှုတွဲနှင့် သက်သေခံပစ္စည်းများကို ပေးပို့စေပြီး အထူးကိစ္စရပ်တစ်ခုအနေနဲ့လည်း ပြန်လည်စစ်ဆေးခြင်း၊ မှုခင်းရဲတပ်ဖွဲ့ CLT ဓာတ်ခွဲခန်းသို့ ၎င်း သက်သေခံပစ္စည်းပေးပို့ပြီး စစ်ဆေးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊

မူးယစ်ဆေးဝါးများ ဖမ်းဆီးရာတွင် ဆေးဝါးများဆိုင်ရာနည်းဥပဒေ အခန်း(၇)တွင် ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဓာတုဗေဒရုံး၏ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများအပေါ်တွင် ပိုမိုခိုင်မာ ကောင်းမွန်မှုရှိစေရန်အတွက် နောက်ဆုံးပေါ်စက်ကိရိယာ ပစ္စည်းများကိုလည်း တပ်ဆင်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း Color Task TLC Method ပါ နည်းစနစ်များ၊ GCMS စနစ်များအပြင် ၂၀၁၆ ဘဏ္ဍာနှစ်တွင် ဝယ်ယူခဲ့သော DNA စစ်ဆေးသည့်စက်ကိုလည်း ဝယ်ယူ တပ်ဆင်ပြီး DNA ဌာနကိုလည်း သီးခြားဖွဲ့စည်းထားရှိနိုင်မည်ဖြစ်ပါကြောင့်၊ ထို့ကြောင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် ထည့်သွင်းဖွဲ့စည်းထားသော ဓာတုဗေဒရုံးအနေဖြင့် မှုခင်းဆိုင်ရာကိစ္စရပ်များ၊ မူးယစ်ဆေးဝါးဆိုင်ရာကိစ္စရပ်များအပေါ် တိကျသည့်စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်နိုင်ရန် လိုအပ်သည့် ခေတ်မီစက်ကိရိယာများကို ဘဏ္ဍာရေးနှစ်အလိုက် ဝယ်ယူတပ်ဆင်လျက်ရှိသကဲ့ ယခုဘဏ္ဍာနှစ် တွင်လည်း ခွင့်ပြုလာမည့် ဘဏ္ဍာငွေအပေါ်မူတည်ပြီး စက်ကိရိယာများ ဝယ်ယူတပ်ဆင်နိုင် ရေးအတွက်ကို ထပ်မံပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ DNA ဌာနခွဲအနေဖြင့် ဓာတု ဗေဒစစ် ဆေးရေးဌာနကို ၂၀၁၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့က စတင်၍ ဓာတ်ခွဲခန်းသုံးကိရိယာများတပ်ဆင်ခြင်း၊ DNA ဓာတ်ခွဲခန်းဆိုင်ရာ လက်တွေ့သင်ကြားခြင်း များကို အင်္ဂလန်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များနှင့် လေ့ကျင့်သင်ကြား ပေးလျက်ရှိပါကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဓာတုဗေဒရုံးအနေဖြင့် မှုခင်းဆိုင်ရာစစ်ဆေး အတည်ပြုချက်များကို ခေတ်မီစက်ကိရိယာများနှင့် သတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ အလေးထား စစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးမင်နောင်(ပင်လည်ဘူး)က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယခုဖြေကြားချက်များတွင် နောက်ဆုံးပေါ်စက်များ အသုံးပြုနေခြင်း၊  ပြစ်မှုကျူးလွန်သူများနှင့် မသမာမှုရှိခဲ့ပါက ထိရောက်စွာအရေးယူမည်ဆိုသည်ကို ကြားသိရသည့်အတွက် ဝမ်းသာရပါကြောင်း၊ သို့သော် ပကတိအခြေအနေနှင့် ပြည်သူများသိရှိရသည့်အချက်များ ကွဲလွဲနေသည်ဆိုခြင်းကြောင့် ဓာတ်ခွဲ ခန်းမှ စမ်းသပ်လုပ်ဆောင်မှုများကို အဖြေမှန်ရရှိရေးအတွက် ထိန်းကျောင်း၊ တည့်မတ်၊ စိစစ်ဆောင်ရွက်မှုများ ဂရုစိုက်ပြုလုပ်ပေးပါရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း ပြောကြားပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

မိမိတို့အနေဖြင့် ကွဲလွဲချက်တွေအပေါ်မှာလည်း ပြန်လည်ဖြေကြားရန် မြေပြင်တွင် ကိုယ်တိုင်လည်း သွားရောက်ပြီး လက်တွေ့သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည့်အပြင် လစ်ဟာနိုင်မှုများ မရှိစေနိုင်ရန် ဆန်းစစ်ဖို့အတွက် ရဲဦးစီးအရာရှိချုပ်ပါဝင်သော ကြီးကြပ်ရေးအဖွဲ့များအနေဖြင့် မြေပြင်တွင် သွား ရောက်ပြီး ကိုယ်တိုင်ကြည့်ရှုပြီး စစ်ဆေးခဲ့ပါကြောင်း၊ ထိုအပေါ်တွင် သတ်မှတ်ထားသည့် လုပ်ငန်းစဉ် အတိုင်း ချမှတ်ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းမှုများတွင်လည်း အဆင့်ဆင့်ကွပ်ကဲမှုများ ပေးထားပါကြောင်း၊ ကွပ်ကဲမှုအရ မိမိကိုယ်ကိုအပါအဝင် မိမိလက်အောက်အဖွဲ့အစည်း၊ မိမိလုပ်ငန်းတာဝန်များအပေါ် တာဝန်ယူ၍ မိမိဌာနနှင့် ပတ်သက်ပြီး သက်ဆိုင်ရာအထက်အဆင့်ကို တာဝန်ခံတင်ပြရန်လည်း သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းအရ အဆင့်ဆင့် ဖွဲ့စည်းစစ်ဆေး၊ ကြပ်မတ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊  

မိမိတို့ တာဝန်ယူနေသည့် ကာလအတွင်း ပေးအပ်သည့် လုပ်ငန်းတာဝန်နှင့်ပတ်သက်ပြီး ရရှိလာမည့် စိစစ်ရမည့် စိစစ်ချက်များအပေါ် မှန်ကန်သည့် အဖြေထုတ်ပေးနိုင်သည့် လုပ်ငန်းစဉ်များ အပေါ် မူလပြဋ္ဌာန်းပေးသည့် လုပ်ငန်းစဉ်များအပြင် ထပ်မံပြီးရေးဆွဲသင့်သည့် သက်ဆိုင်ရာဥပဒေ၊ နည်း ဥပဒေများလည်း ပြဋ္ဌာန်းပြီးဖြစ်သောကြောင့် ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေနှင့်အညီ လုပ်ငန်းစဉ် များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းပါကြောင်း၊  ထိုသို့ ဆောင်ရွက်ခြင်းအပေါ် သက်ဆိုင်ရာအဆင့်ဆင့်အဖွဲ့များက ကြပ်မတ်ဆောင်ရွက်လျက် ရှိသကဲ့သို့ လိုအပ်လာသည့် အချိန်များ တွင်လည်း တာဝန်ရှိသူ မိမိတို့ကိုယ်တိုင်လည်း ဝင်ရောက်ကြပ်မတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ လာမည့် ကာလများတွင်လည်း အလားတူစစ်ဆေးကြပ်မတ်ပြီး အဖြေထုတ်ရသည့် လုပ်ငန်းစဉ်များ ရှိလာ ခဲ့ပါက တာဝန်ယူကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်ပါကြောင်းနှင့် အကယ်၍ မှားယွင်းမှု များ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက သက်ဆိုင်ရာတာဝန်ရှိသူ အဆင့်ဆင့်ကို တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။