ကျေးရွာချင်းဆက်လမ်းများသည် မြို့နယ်၏ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ဆောင်ရန် အရေးကြီး လိုအပ်လျက်ရှိသော လမ်းအပိုင်းများဖြစ်သည့်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် အလေးထားပြီး ထည့်သွင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ မြို့နယ်၏လူဦးရေအများဆုံးအပိုင်းနေထိုင်ရာ ဧရိယာပိုင်းလည်း ဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ ခရီးသွားလာရေး အဆင်ပြေချောမွေ့စေရန် ဖာကျက် ကျေးရွာမှ ဆန်းကိုင်-လားဟောင်-ငိုင်မောင်း-လားမားလမ်း ၂၅ မိုင်၊ ယန်းနော်နုတ်ညို-ဆာလင်- ကေးဆန်နုတ်ညို-ဘောက်လွန်းလမ်း ၁၅ မိုင်၊ ကြူယန်းမှ ဟရှိတ်နုတ်ညို-လုံခေါထိ ၁၅ မိုင် ဖြစ်ပါကြောင်း၊
ပါပုန်-ချောင်းဆုံ-ကေးဆန်လုံခေါင်းလမ်း ၂၇ မိုင်ခန့်နှင့် နန်းယွန်း-ပန်ဆောင် တပ်ရှောင်လမ်း နှစ်မိုင်ခွဲ ခန့်ရှိသည့် လမ်းပိုင်းများကို ၂၀၁၇-၁၈ ဘတ်ဂျက်တွင် ထည့်သွင်းဆောင်ရွက်ပေးနိုင်ရန်လည်း တင်ပြလိုပါကြောင်း၊ ဒုန်ဟီးမြို့ဧရိယာက ပြည်သူများသည် ရွှေ့ပြောင်းတောင်ယာစနစ်ကို အဓိကထား လုပ်ကိုင်ကြပြီး ပြောင်း၊ လူး၊ ပီလောပီနံ၊ ခွေးမြှီးဆန်နှင့် စပါးတို့ကို စိုက်ပျိုးကြပါကြောင်း၊ သို့သော် ရာသီဥတုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် နှစ်စဉ်နှစ်တိုင်း စားနပ်ရိက္ခာရှားပါးမှုပြဿ နာကို တွေ့ကြုံကြရပါကြောင်း၊ ထို့ကြောင့် လဟယ်ဘက်ကို ရိက္ခာသွားဝယ်ကြရပြီး တချို့က လေရှီး၏ ပန်ဆောင်ခွေတွင် ခက်ခက်ခဲခဲ နန်းယွန်းဘက်ထိ တကူးတက ဆန်လာဝယ်ကြရသည့်အတွက် ခရီးလည်းဝေး၊ အချိန်လည်းပိုကုန်ရပါကြောင်း၊ ပါပုန်-ချောင်းဆုံ-ကေးဆန်လုံခေါင်းက ဖြတ်ပြီး လမ်းဖောက်ပေးမည်ဆိုပါက ပြည်သူလူထု ၃၀၀၀၀ ကျော်အတွက် အများကြီးအကျိုးပြု သွားမည်ဖြစ်သည့် အတွက်ကြောင့် အလေးထားတင်ပြရခြင်း ဖြစ်ပါကြောင်း၊ ချီဖွေယန်ကနေလာမည်ဆိုပါက နန်းယွန်းမြို့ကို စစ်တပ်က ဖြတ်ဝင်သည့် လမ်းကလည်း သိုက်ရောင်းချောင်းနှင့် ခြေထောက်ချောင်း တိုက်စား၍ ပျက်လုနီးပါး ရှိနေပြီဖြစ်ပါကြောင်း၊ ၎င်းလမ်းကို ရေရှည်အမာခံလမ်းအဖြစ် အသုံးပြု၍လည်းမရပါကြောင်း၊ စစ်တပ်က လုံခြုံရေးအရဆိုပြီး သတ်မှတ်ထားသည့်အတွက် လွတ်လွတ်လပ်လပ်သွားလာ၍လည်း မရပါကြောင်း၊ သတ်မှတ်ချိန်ထက် နောက်ကျရောက်လာသည့် ခရီးသွားဆိုင်ကယ်သမား၊ ကားသမားများကို အဝင်မခံပါကြောင်း၊ တခြားလမ်းကြောင်း လည်းမရှိသည့်အတွက် တော်တော်လေးခက်ခဲပြီး တောင်ယာက ပြန်လာသည့် ဒေသခံပြည်သူများအတွက်လည်း အခက်အခဲအများကြီး ကြုံကြရပါကြောင်း၊
ထို့ကြောင့် နှစ်မိုင်ခွဲလောက်ရှိသည့် နန်းယွန်း-ပန်ဆောင်တပ်ရှောင်လမ်းကို ဖောက်ပေးမည်ဆိုပါက မြို့ပေါ်နေပြည်သူများနှင့် ခရီးသွားပြည်သူများအတွက်ပါများစွာ အဆင်ပြေလာမည် ဖြစ်သည့်အတွက် ကျေးရွာချင်းဆက် တစ်ကြောင်းထိုးမြေသားလမ်းများ ဖောက်လုပ်ပေးရန်အစီအစဉ် ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။
ယန်းနော်နုတ်ညို- ဆာလင်- ကေးဆန်နုတ်ညို- ဘောက်လွန်းလမ်း ၁၅ မိုင်အတွက် နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် မြေလမ်း ၁၀ မိုင်နှင့် ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် မြေလမ်းငါးမိုင် ဆောင်ရွက်ပေးရန် လျာထားပါကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်ပါ ကျန်ရှိသည့် တစ်ကြောင်းထိုးမြေလမ်းများ ဖောက်လုပ်ခြင်းအတွက် လုပ်ထုံးလုပ်နည်းအရ ဆက်လက်တင်ပြ ဆောင်ရွက်နိုင်ရန် ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်၊ အကျိုးပြုကျေးရွာ၊ အိမ်ထောင်စု၊ လူဦးရေ၊ ဒေသပေါက်ဈေးဖြင့် ကုန်ကျမည့်ခန့်မှန်းခြေစာရင်း၊ လုပ်ငန်းဆောင်ရွက်မည့် မြေပုံကြမ်းတို့ကို သက်ဆိုင်ရာ ဒေသတာဝန်ရှိသူများမှ စနစ်တကျလေ့လာကွင်းဆင်း သုံးသပ်စေမည်ဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်ပါ ကျန်မြေလမ်းများ ဆက်လက်ဖောက်လုပ် နိုင်ရန်အတွက် လိုအပ်သောအချက်အလက်များအား သက်ဆိုင်ရာဒေသမှ တင်ပြလာပါက နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ ငါးနှစ်စီမံကိန်းတွင် ထည့်သွင်းရေးဆွဲ၍ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်မှစ၍ ရန်ပုံငွေခွင့်ပြုဝင်ဆံ့မှုနှင့် အညီ လုပ်ငန်းဦးစားပေးအလိုက် စိစစ်လျာထားတင်ပြဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
