(ခ)-မြေပုံမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ကွင်း အမှတ် (၆၄) သိုင်းဗျိုက်ကွင်း မြေဧက (၂၀) ကို လယ်ယာမြေ ပုံစံ(၇) ထုတ်ပေးခဲ့ပြီး ကျန်မြေ (၁၆.၈၄) ဧကအား ဒေသခံများအကျိုးအတွက် မည်သို့ လုပ်ဆောင်ရမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး သတ္တမနေ့ (၃.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

phe thanမြေပုံမြို့နှင့်မိုင် ၂၀ ခန့် ကွာဝေးသော မင်းပြားနှင့် အမ်းလမ်းအပိုင်း၊ မိုင်တိုင်အမှတ်(၉၃) ရှိ မြေဧက ၂၀ သည် ဒုတိယကမ္ဘာစစ်အတွင်းက ရွာပျက်ပြီး ရွာပျက်မြေအဖြစ် တည်ရှိခဲ့ပါကြောင်း၊ မြေစာရင်း ဦးစီးဌာနတွင်း ယင်းမြေကို လယ်လပ်မြေအဖြစ် ဖော်ပြထားပါကြောင်း၊ ယင်းမြေကို တပ်မတော် အစိုးရလက်ထက်တွင် ကြက်ဆူပင်စိုက်မည်ဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ခယက၊ မယက တို့ကခွဲတမ်းကြယူခဲ့ကြပါကြောင်း၊ သို့သော် ယခုနှစ်အထိလည်း ကြက်ဆူပင်တစ်ပင်မှ မရှိတော့သော်လည်း မြေကို ရယူထားဆဲဖြစ်ပါကြောင်း၊ ၎င်းတို့မှာလည်း မိမိစုံစမ်းသလောက် အထောက်အထား ပိုင်ပိုင်နိုင်နိုင်မရှိပါကြောင်း၊ ဦးမောင်ကြီးဆိုသူက ယင်းမြေထဲတွင် သူ၏ပိုင်နက်မြေ၊ သူ၏ဘိုးဘွားပိုင်မြေ  ၃.၁၆ ဧက ပါသည်ဟု လယ်ယာမြေ စုံစမ်းရေးကော်မရှင်ကို တင်ပြခဲ့ပါကြောင်း၊ လယ်ယာမြေစုံစမ်းရေးကော်မရှင်က ပြည်နယ်အစိုးရကို လွှဲသည့်အခါ နောက်ဆုံးရလဒ်သည် ထိုမြေ ၃.၁၆ ဧကကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဝ.၅၆ ဧက၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၁.၂၀ ဧက၊ ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီက ၁.၄၀ ဧကဟု ပုံစံ(၇)အသီးသီး ထုတ်ပေးခဲ့ခြင်းဟု အဖြေရပါကြောင်း၊ ကျန်မြေ ၁၆.၈၄ ဧကကိုလည်း ဆက်လက်သိမ်းထားပါကြောင်း၊

အဆိုပါသိမ်းဆည်းထားသည့်မြေကို ဒေသခံများက စားကျက်မြေအဖြစ် သုံးနေကြပါကြောင်း၊ ယင်းမြေကို ဒေသခံများက ကချင်ပြည်နယ်ကလာသော ဒုက္ခသည်များကို နေရာချထားပေးခြင်း၊ ဖက်ဆစ်တော်လှန်ရေးခေါင်းဆောင်ကြီး ဆရာတော်ဦးစိန်သာ၏ ပန်းခြံအသေးဆောက်လုပ်ခြင်း၊ တိုက်နယ်ဆေးရုံ ဆောက်လုပ်ခြင်း စသည့် ပြည်သူအများ အကျိုးအတွက် သုံးချင်ကြသည့်အတွက် ယခုကဲ့သို့ သိမ်းဆည်းထားမှုအပေါ် မကျေနပ်ကြပါကြောင်း၊ သိမ်းဆည်းမြေများကို မြေကွက်များ ဖော်ထုတ်ကာ တိုးချဲ့အိမ်ယာများအဖြစ် မြေကွက်များ ရောင်းဝယ်မှုများ ပြုလုပ်ကြပါကြောင်း၊

မြေပုံ-မင်းပြား-အမ်း သုံးလမ်းဆုံရှိ မြေကွက်သည် မြေကွက်ကောင်းဖြစ်ပြီး ခယက သိမ်းမြေသည် ၁၀ ဧက၊  ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီသိမ်းသည့်မြေသည် ၅ ဧက၊ မယက သိမ်းသည့်မြေသည် ၅ ဧက ဖြစ်ပါကြောင်း၊ မိုင်တိုင်အမှတ်(၉၃)တွင် ဘေးချင်းကပ်လျက် တည်ရှိသော မြေသည်လည်း ယခင်က အရိုင်းမြေအနေဖြင့်ရှိပြီး စားကျက်မြေအဖြစ် ရွာသားများ အစဉ်အဆက် သုံးလာသည့်မြေဖြစ်ပါကြောင်း၊ ယခုအချိန်ထိလည်း ဘာမှမရှိပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ထမ်းတစ်ဦးက ဝန်းခြံခတ်ပြီး ယူထားပါကြောင်း၊  ထိုကဲ့သို့ တိုးချဲ့ပြီး အကွက်ရိုက်ကာ ရောင်းစားနေမှုများလည်း တွေ့လာရပါကြောင်း၊

သို့ဖြစ်ပါ၍ ယင်းမြေကို ပြန်ရနိုင်ရေးအတွက် သက်ဆိုင်ရာက ညှိနှိုင်းပေးနိုင်ရန်အတွက် မေးမြန်းခြင်းဖြစ်ပါကြောင်း၊ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ချောင်းကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၆၄)၊ သိုင်းဗျိုက်ကွင်းမြေဧက ၂၀ ၊ ခယက၊ မယက၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အမည်များဖြင့် အသီးသီးရယူထားပြီးမှ ဥပဒေလုပ်ထုံး လုပ်နည်းနှင့် ညီညွတ်မှုရှိ/မရှိ၊ ဦးမောင်ကြီးက ဘိုးဘွားပိုင်မြေဟု တိုင်ကြားခဲ့သည့်မြေ ၃.၁၆ ဧက အား ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ အမည်များဖြင့် လယ်ယာမြေပုံစံ(၇) ထုတ်ပေးပြီး ကျန်မြေ ၁၆.၈၄ ဧကကို ဆက်လက် ရယူထားခြင်းသည် ဥပဒေနှင့်ညီညွတ်မှုရှိ/မရှိ၊ ဥပဒေနှင့် ညီညွတ်မှုမရှိပါက အဆိုပါ ကျူးကျော်မှုများအား မည်သို့ဖယ်ရှားပေးမည်နှင့် ဒေသခံများအကျိုးအတွက် အသုံးပြုခွင့်ရနိုင်ရန် မည်သို့လုပ်ဆောင်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

gen aung soeရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၊ ချောင်းကြီးကျေးရွာ၊ ကွင်းအမှတ်(၆၄)၊ သိုင်းဗျိုက်ကွင်း အတွင်းရှိ လစ်လပ်မြေဧရိယာ ၂၀ ဧကသည် ၁၉၄၂ ခုနှစ်ခန့်က ဘင်္ဂါလီလူမျိုးများ လုပ်ကိုင်ခဲ့သော မြေဖြစ်ပြီး ထိုအချိန်က ရခိုင်-ဘင်္ဂါလီလူမျိုးပြဿနာဖြစ်ပွားခဲ့မှုကြောင့် အဆိုပါလယ်မြေကို လုပ်ကိုင်ခဲ့သည့် ဘင်္ဂါလီလူမျိုးများသည် ၎င်းတို့၏နေရပ်ကို ပြန်လည်ထွက်ခွာသွားသည့်အတွက် ကျန်ရှိခဲ့သော ပလပ်မြေများဖြစ်ပါကြောင်း၊ အဆိုပါ ပလပ်မြေထဲမှ ၃.၁၆ ဧကကို ချောင်းကြီးကျေးရွာအုပ်စု၊ ကပိုင်ချောင်းကျေးရွာနေ ဦးမောင်ကြီး၏ဖခင် ဦးညိုထွန်းသာမှ ၁၉၄၃ ခုနှစ်မှ ၁၉၅၃ ခုနှစ်အထိ ယာယီဝင်ရောက် စိုက်ပျိုးလုပ်ကိုင်ခဲ့ပြီးနောက် စိုက်ပျိုးရေးဖြစ်ထွန်းမှု မရှိသည့် နောက်ပိုင်းတွင် ဆက်လက်စိုက်ပျိုးလုပ်ကိုင်ခွင့်မရှိတော့ဘဲ ပလပ်ထားခဲ့ရာမှ ၂၀၀၁ ခုနှစ်တွင် နိုင်ငံတော်အကြီးအကဲများက စိုက်ပျိုးခြင်းမရှိသောမြေများကို အလွတ်မထားဘဲ မြေလွတ်၊ မြေလပ်များကို ဒေသနှင့်ကိုက်ညီသည့် သီးနှံများစိုက်ပျိုးရန်၊ ဒေသနှင့် ဌာနအတွက်အကျိုးရှိမည့် လုပ်ငန်းများ ဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်အရ ဖော်ပြပါမြေ ၂၀.၁ ဧကကို စစ်တွေခရိုင် အထွေထွေအုပ်ချုပ်ရေးစုဌာနတွင် ၅ ဧက၊ မြေပုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးစုဌာနတွင် ၅.၁ ဧကနှင့် ပြည်ခိုင်ဖြိုးအသင်း မြေပုံမြို့သို့ ၁၀ ဧကတို့ကို ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ၂၅-၄-၂၀၀၁ ရက်နေ့တွင် ခွဲဝေပြီး နှစ်ရှည်စိုက်ခင်းနှင့် ဒေသနှင့် ကိုက်ညီသော သီးနှံများအား စိုက်ပျိုးထိန်းသိမ်းထားရှိစေခဲ့ပါကြောင်း၊ မြေပုံချောင်းကြီးကျေးရွာအနီး ဦးမောင်ကြီးသည် ၎င်း၏ဖခင် ဦးညိုထွန်းသာလုပ်ကိုင်ခဲ့သော ဘိုးဘွားပိုင်လယ်မြေ ၃.၁ ဧကကို မတရား သိမ်းဆည်းခံထားရသည့်အတွက် ၎င်းဘိုးဘွားပိုင်မြေများကို ပြန်လည်ရယူလိုပါကြောင်း ၂-၁၀-၂၀၁၄ ရက်နေ့ တိုင်တန်းချက်အရ မြေပုံမြို့နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီမှ ၁၂-၁၀-၂၀၁၄ ရက်နေ့တွင် စတင်ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါကြောင်း၊

စစ်ဆေးချက်များအရ ၎င်းမြေသည် ဘိုးဘွားပိုင်မြေ မဟုတ်ဘဲ ဘင်္ဂလာလီလူမျိုးများ စွန့်ပစ်ခဲ့သော ဖော်ပြပါမြေမှ ၃.၁၆ ဧကကို ၎င်း၏ဖခင်ဖြစ်သူမှ ယာယီဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ပြန်လည် စွန့်လွှတ်ထားသော မြေဖြစ်ကြောင်း ၎င်းအနေဖြင့် မြေပိုင်ဆိုင်မှု အထောက်အထားတစ်စုံတရာ တင်ပြနိုင်ခြင်းမရှိကြောင်း သိရှိရသည့်အတွက် ဦးမောင်ကြီး၏ ဖခင်ပိုင် ဘိုးဘွားပိုင်မြေမဟုတ်ဘဲ လက်ငုတ်ပြတ်နေသော မြေဖြစ်သည့်အတွက် ဦးမောင်ကြီးကို လုပ်ပိုင်ခွင့်မပြုခဲ့ဘဲ ၂၀၀၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ ဆက်တိုက်လုပ်ကိုင်ခဲ့သည့် ဌာနဆိုင်ရာများအနက် ပြည်ခိုင်ဖြိုးပါတီတို့ကိုသာ ဆက်လက် လုပ်ကိုင်ခွင့်ပြုလိုကြောင်း သဘောထားမှတ်ချက်ဖြင့် မြို့နယ်မြေအသုံးချကော်မတီမှ ၂၆-၁၀-၂၀၁၄ ရက်နေ့တွင် ခရိုင်နှင့် ပြည်နယ်မြေအသုံးချစီမံခန့်ခွဲမှုကော်မတီ အဆင်‌့ဆင်‌့သို့ တင်ပြပြီး ပြည်နယ်မြေအသုံးချကော်မတီမှလည်း ၂၄-၁၁-၂၀၁၄ ရက်နေ့တွင် မြို့နယ်မြေ အသုံးချစီမံခန့်ခွဲရေး ကော်မတီ သဘောထားမှတ်ချက်အတိုင်း အတည်ပြုပေးခဲ့ပါကြောင်း၊

အဆိုပါမြေ ၃.၁၆ ဧကကို စစ်တွေခရိုင်အထွေ‌ထွေအုပ်ချုပ်ရေးစုဌာနက ၁.၂ ဧက မြေပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးစုဌာနမှ ဝ.၅၆ ဧကနှင့် မြေပုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ၁.၄ ဧကတို့ကို ၂၀၀၁ ခုနှစ်မှာစပြီး တစ်ဆက်တစ်စပ်တည်း စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့သို့ လယ်ယာမြေလုပ်ပိုင်ခွင့်များ ‌လျှောက် ထားခဲ့တဲ့အခါ အဆင့်ဆင်‌့စိစစ်မှုများ ပြုလုပ်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ စိစစ်ခဲ့ပြီး ကန့်ကွက်လွှာ ခေါ်ယူစဉ်တွင် ကန့်ကွက်သူမရှိသည့်အတွက် စိစစ်ချက်များအရ ၉-၂-၂၀၁၅ ရက်နေ့တွင် ခရိုင်သို့ ထောက်ခံတင်ပြပြီး ခရိုင်မှလည်း ၁၆-၇-၂၀၁၅ ရက်နေ့တွင် စိစစ်ခွင့်ပြုခဲ့သည့်အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ ၁၈-၂-၂၀၁၅ ရက်နေ့တွင် လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ ၇ ကို ထုတ်ပေးခဲ့ပါကြောင်း၊ ယခု လယ်ယာမြေပုံစံ (၇) ထုတ်ပေးရာတွင် အမှန်တကယ် လယ်ယာမြေ အဖြစ် အသုံးပြုသောဧကကိုသာ ထုတ်ပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ စိစစ်ဆောင်ရွက်စဉ် ကန့်ကွက်တင်သွင်းသူမရှိခြင်း လုပ်ထုံးလုပ်နည်းနှင့်အညီ ကျေးရွာအုပ်စုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှစတင်ပြီး အဆင်‌့ဆင်‌့စိစစ်ထုတ်ပေးခဲ့ခြင်းများ တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယင်းဆောင်ရွက်ချက်သည် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေနှင့် ညီညွတ်မှုရှိသည်ကို သိရှိရပါကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသော အဆိုပါ လယ်မြေအပေါ်တွင် ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများအရ ခွင့်ပြုချက်မရရှိဘဲ အခြားနည်း အသုံးပြုခြင်း၊ အဆောက်အဦဆောက်လုပ်ခြင်းမပြုရန်နှင့် လိုက်နာခြင်းမရှိပါက လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်းကိုလည်း သက်ဆိုင်ရာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပုံစံ(၇) ရရှိထားသူတွေကို ခေါ်ယူအသိပေး အကြောင်းကြားထားပြီးဖြစ်ပါကြောင်း၊

ကျန်ရှိသောမြေ ၁၆.၈၄ ဧကကို စစ်တွေခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၃.၈ ဧက အပေါ်တွင် အရပ်သားကျူးကျော် ၆ ဦး နေအိမ်ဆောက်လုပ်လျက်ရှိကြောင်း၊ မြေပုံမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၄.၄ ဧကကို ဌာနပိုင်သရက်နှင့် ဆီအုံးများစိုက်ပျိုးထားရှိကြောင်း၊ မြေပုံ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၈.၆ ဧကနှင့် ၈.၉ ဧကမှာ ကပိုင်ချောင်း ကျေးရွာနေ ပါတီဝင် ဦးကျော်သိန်းမှ ဆောင်းသီးနှံနှင့် မိုးစပါး စိုက်ပျိုးလျက်ရှိပါကြောင်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှလည်း စိစစ်တွေ့ရှိချက်အရ လုပ်ထုံးလုပ်နည်းနှင့်အညီ လျှောက်ထားလာမှုများအပေါ်၊ ပုံစံ(၇) လျှောက်ထားလာမှုများအပေါ် မြေယာထိန်းသိမ်းထားသည့် အဖွဲ့အစည်းများက ၅-၅-၂၀၁၆ ရက်နေ့တွင် ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲရေး ကော်မတီသို့ လျှောက်ထားခဲ့သည့်အတွက် အဖွဲ့မှ အဆင့်ဆင့်စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ရာတွင် ဒေသ၏ လိုအပ်ချက်အရ ဒေသခံပြည်သူများ၏ ဆန္ဒနှင့်အညီ တိုက်နယ် ပြည်သူ့ဆေးရုံ၊ အားကစားကွင်းနှင့် ပန်းခြံ‌နေရာအများဖြင့် ပြုလုပ်ရန်အစီအစဉ်ရှိပါက ရခိုင်ပြည်နယ် အစိုးရအနေဖြင့် သက်ဆိုင်ရာဌာနများ၏ သဘောထားရယူပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကိုလည်း ပြည်နယ်အစိုးရ၏ ပေါင်းစပ်ဖြေကြားချက်အရ သိရှိရပါကြောင်း၊ သို့ပါ၍ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ‌ချောင်းကြီးကျေးရွာအုပ်စု၊ ကွင်းအမှတ်(၆၄)၊ သိုင်းဗျိုက်ကွင်းရှိ မြေဧက ၂၀ နှင့် ၃.၁၆ ဧက ချောင်းကြီးကျေးရွာနေ ဦးမောင်ကြီး(အဖ) ဦးညိုထွန်းသာ၏ ဘိုးဘွားပိုင်မြေအဖြစ် ပိုင်ဆိုင်မှုသတ်မှတ်နိုင်ခြင်းမရှိကြောင်း၊ ၎င်းမြေ ၃.၁၆ ဧက ကို သက်ဆိုင်ရာဌာနများသို့လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့်စိစစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇) ထုတ်ပေးထားခြင်းဖြစ်ပါကြောင်း၊ ကျန်ရှိသည့်မြေ ၁၆.၈၄ ဧကကို ဒေသခံပြည်သူများ၏ အကျိုးအတွက် အများဆန္ဒနှင့်အညီ ဆောင်ရွက်မည့် လုပ်ငန်းများ၊ အစီအမံများ တင်ပြလာပါက လယ်ယာမြေစီမံခန့်ခွဲရေး ဥပဒေပါ နည်းလမ်းများနှင့်အညီ သက်ဆိုင်ရာပြည်နယ်အစိုးရမှ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြား ပါသည်။

ဦးဖေသန်း (မြေပုံမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ဖြေကြားပေးပါသော ဝန်ကြီးအား ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဖြေကြားချက်သည် တစ်ဆင့်ခံဖြေကြားချက်သာ ဖြစ်သည့်အတွက် မြေပြင်အခြေအနေနှင့် အရမ်းကွာဟ နေပါကြောင်း၊ မြေပြင်အခြေအနေတွင် မည်သည့်အပင်မှ မရှိပါကြောင်း၊ ပြည်နယ်မြေစာရင်းဦးစီးဌာန ကို မေးပါကြောင်း၊ ထိုမြေနှင့်ပတ်သက်ပြီး လွှတ်တော်တွင် မိမိတင်ထားပါကြောင်း၊ မည်သည့်အကြောင်းအရာများ စုံစမ်းထားသည်များရှိသည်ဆိုရာတွင် မည်သည့်အရာမှ မရှိပါကြောင်း၊ မြို့နယ်မြေစာရင်းဦးစီးဌာနကိုမေးရာတွင်လည်း မည်သည့်အရာမှ မရှိပါကြောင်း၊ တစ်ချိန်ကလည်း တိုက်နယ်ဆေးရုံဆောက်ရန် မိမိ စစ်တွေ ခယကကို သွားပြီး ယင်းမြေကို အလှူခံခဲ့ဖူးပါကြောင်း၊ ခယက က ခရိုင်မှူးသည် ၎င်းတို့မှာ ယူထားတာမှ မည်သည့်အရာမှမရှိကြောင်း ပြောပါကြောင်း၊ ယခု ဝန်ကြီး၏ ဖြေကြားချက်များတွင် ၃.၁၆ ဧကကို လုပ်ထားပြီး စပါးလည်း စိုက်ယူသည်ဟု ပြောပါကြောင်း၊ မိမိက မစိုက်ဘူးဟု ပြောပါကြောင်း၊ ၁၆.၈၄ ဧကကိုလည်း မည်မျှ မည်မျှခွဲပြီး စိုက်နေသည်ဟု ပြောပါကြောင်း၊ မိမိက မစိုက်ဘူးဟု ပြောပါကြောင်း၊ လက်တွေ့မြေပြင် အခြေအနေတွင် ယင်းကိစ္စသည် အမှန်တကယ် ဖြစ်သင့်/မဖြစ်သင့်၊ အမှန်တကယ် ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ဝန်ကြီးများနှင့် တာဝန်ရှိသော ပုဂ္ဂိုလ်တစ်ဦးဦးကို လွှတ်ပြီးဖြစ်စေ အမှန်တကယ် စိုက်ထားခြင်း ရှိ/မရှိကို စုံစမ်းပြီး တရားနည်းလမ်းနှင့် ရယူထားခြင်းဟုတ်/မဟုတ် သိရှိလိုကြောင်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာန၏ လက်အောက်မှ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်ပါကြောင်း၊ သို့သော် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများအရ သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီးရှိ ဝန်ထမ်းဌာနအသီးသီးသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ၏ အုပ်ချုပ်မှုအောက်နှင့် သက်ဆိုင်ရာစီမံခန့်ခွဲမှုတွင် လိုက်နာဆောင်ရွက် သည့် အဖွဲ့အစည်းလည်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်းနှင့် ပတ်သက်ပြီး တစ်ဆင့်ခံဖြေကြားသည်မှာ မှန်သော်လည်း ဖြေကြားချက်များအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ၏ ဆောင်ရွက်ချက်များကိုလည်း အသေးစိတ်ရယူပြီး မေးမြန်းခဲ့ပါကြောင်း၊ မြေပုံနှင့်တကွ ရယူပြီးလည်း ဖြစ်ပါကြောင်း၊ သို့သော်လည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး ဝင်ရောက်စွက်ဖက်၍လည်း မသင့်တော်ပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးချုပ်ကိုယ်စား သက်ဆိုင်ရာ ပြည်နယ်အစိုးရက တာဝန်ယူဖြေကြားထားသော ဖြေကြားချက်အပေါ် မိမိတို့အနေဖြင့် တာဝန်ခံ ဖြေကြားခြင်း ဖြစ်ပါကြောင်း၊ ထို့အတူ မိမိ၏ ဖြေကြားချက်ထဲတွင် ထည့်သွင်းပြောကြားထားသော်လည်း သက်ဆိုင်ရာ မြေယာလုပ်ကိုင်ခွင့်နှင့် ရယူထားသော ဌာနများသည် ပြဋ္ဌာန်း ထားသော တည်ဆဲဥပဒေများအရ လယ်ယာမြေ အခြားနည်းအသုံးပြုခွင့်မရှိဘဲနှင့် အခြားနည်း အသုံးပြု မည်ဆိုပါက တည်ဆဲဥပဒေများအရ  အရေးယူခြင်းခံရမည်ဖြစ်ကြောင်းကိုလည်း သက်ဆိုင်ရာ အစိုးရက သက်ဆိုင်ရာဌာနများကို တရားဝင်စာနှင့်သာမက ခေါ်ယူမှာကြားခြင်းများပါ ပြုလုပ်ပြီး ဖြစ်ကြောင်း သက်ဆိုင်ရာ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူးကတစ်ဆင့် သိရှိပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဆောင်ရွက်ချက်များသည် တည်ဆဲဥပဒေနှင့် မကိုက်ညီလျှင် သက်ဆိုင်ရာ ပြည်နယ်အစိုးရကလည်း ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊

ထို့အပြင် မိမိစွန့်လွှတ်ရမည့် မြေနှင့်ပတ်သက်၍လည်း အလားတူပင်ဖြစ်ပါကြောင်း၊ ထိုမြေပေါ်တွင် စိုက်ပျိုးမှုမရှိဘဲ ကျူးကျော်ပါကြောင်း၊ မူလပထမမြေကွက်တစ်ခုတွင် ၆ ဦးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ၁ ဦး ဝင်ရောက်ဆောက်လုပ် နေထိုင်ခြင်းကိုလည်း သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရကလည်း သိရှိပြီးဖြစ်ပါကြောင်း၊ ၎င်းနှင့်ပတ်သက်၍ မိမိတို့ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖယ်ရှားရှင်းလင်းနိုင်ရန်နှင့် ဒေသခံပြည်သူများ၏ လိုလားချက်အရ တင်ပြဆောင်ရွက်လာသည့်အပေါ်တွင် သက်ဆိုင်ရာပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည့်အတွက် မိမိအနေဖြင့် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် မိမိတို့၏ ကွပ်ကဲမှုမှ ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သော်လည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ အုပ်ချုပ်မှုအောက်တွင် တာဝန်ခံဆောင်ရွက်ပေးရသည့်  အဖွဲ့အစည်းဖြစ်ကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။