မေးခွန်း အကြောင်းအရာ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ အမှတ်(၂)ရပ်ကွက်၊ ဈေးဟောင်းအနီးရှိ ဥသြဘာသခန်းမကြီး သည် အလျား ၁၄၀၊ အနံ ၃၁ ပေခန့်ရှိပြီး ၁၉၉၅ ခုနှစ်မှစတင်၍ ဆရာတော် ဦးဥသြဘာသအား ဂုဏ်ပြု သောအားဖြင့် ခန်းမကြီးအဖြစ် စတင်အသုံးပြုခဲ့ပါကြောင်း၊ ၎င်းခန်းမကြီးသည် တဖြည်းဖြည်း ပျက်စီးယိုယွင်းလာပြီး ၂၉-၆-၂၀၁၄ ရက်နေ့ ညပိုင်းတွင် ရာသီဥတုဒဏ်ကြောင့် ပြိုကျပျက်စီး သွားခဲ့ပါကြောင်း၊
မင်းဘူးမြို့သည် ခရိုင်မြို့ကြီးတစ်မြို့ဖြစ်ပြီး ဆရာတော် ဦးဥသြဘာသ သည်လည်း စာပေလောကတွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခရိုင်မြို့ကြီးအင်္ဂါရပ်နှင့် ညီမျှသော မြို့တော်ခန်းမရှိရန် လိုအပ်လျက်ရှိနေပါကြောင်း၊ ယခင်နှစ်က ကော်မတီသုံးခု ပါဝင်သော မြို့နယ် စီမံခန့်ခွဲရေးကော်မတီအဖွဲ့မှ မြို့တော်ခန်းမ အသစ်တည်ဆောက်ရန်အတွက် စီစဉ်ဆောင်ရွက်သည့် အခါ မြေနေရာအသစ်ရှာဖွေခြင်း၊ မူလမြေနေရာသည် ဧရာဝတီမြစ်ရေ တက်လာပါက ရေလွှမ်းမိုးသည့်အတွက် မြေနေရာအသစ်ရှာဖွေခြင်းနှင့် မြေပုံကြမ်းများရေးဆွဲ၍ ကုန်ကျစရိတ်များ တွက်ချက်ခြင်းများ ပြုလုပ်ခဲ့ပါကြောင်း၊ ထိုကဲ့သို့ ကုန်ကျစရိတ် တွက်ချက်ရာတွင် မင်းဘူးမြို့စည်ပင်သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းကုန်ကျစရိတ်နှင့် ဆောင်ရွက်မည်ဆိုပါက မဖြစ်နိုင်သည့် အနေအထား ကြုံတွေ့နေရပါကြောင်း၊ ကုန်ကျငွေအနေအထားသည် ကျပ်သန်းပေါင်း ၆၀၀ ခန့် ကုန်ကျမည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ငွေလုံးငွေရင်းနှင့် လျာထားဆောင်ရွက်ရန် မဖြစ်သည့် အတွက် ပြည်ထောင်စုမှ ဘတ်ဂျက်ချထားပေးမှသာလျှင် ဆောင်ရွက်၍ရမည့် အနေအထား ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ခရိုင်မြို့ကြီးဖြစ်သည့် မင်းဘူးမြို့အတွက် ဆရာတော် ဦးဥသြဘာသအား ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ အမှန်တကယ်လိုအပ်နေသော ခရိုင်မြို့၏ အင်္ဂါရပ်နှင့်ညီမျှသော ခန်းမကြီး အသစ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့် အတွက်ကြောင့် ဖြစ်သည်နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်ခန်းမအဖြစ် အသုံးပြုခဲ့သော ဥသြဘာသ ခန်းမသည် ၂၉-၆-၂၀၁၄ ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး သစ်ပင်လဲကျသည့်အတွက် ပြိုကျပျက်စီးခဲ့ပါကြောင်း၊ ခန်းမကြီးတည်ရှိသည့်နေရာသည် မင်းဘူးမြို့နယ်၊ မြို့အတွင်းမှာရှိပြီးတော့ မြစ်ရေတက် ပါကလည်းရေနစ်မြုပ်နိုင်သည့် နေရာဖြစ်ကြောင်းလည်း ကိုယ်စားလှယ်တော်ကြီးများ ဆွေးနွေးပြော ကြားပြီး ဖြစ်ပါကြောင်း၊
ထို့ကြောင့် မင်းဘူး-စကုလမ်းပေါ်ရှိ အမှတ်(၁)ရပ်ကွက်၊ မြေကွက်အမှတ် (M71/ခ)(77ခ)၊ မြေဧရိယာ ၃.၁၂၉ ဧကရှိ မြေလွတ်နေရာသည် သွားလာရလွယ်ကူပြီး ပိုမိုကျယ်ဝန်းသည့်အတွက် မြို့တော် ခန်းမသစ် ဆောက်လုပ်ရန်အတွက်လည်း မြေနေရာလျာထားပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ သက်ဆိုင်ရာကော်မတီများ၏ ဆုံးဖြတ်ချက်အရ ၎င်းနေရာတွင် ခန်းမသစ် တည်ဆောက်နိုင်ရေးအတွက် အစည်းအဝေးသဘောတူညီခဲ့ပြီး သက်ဆိုင်ရာခရိုင်မှ တစ်ဆင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အဆင့်ဆင့်တင်ပြဆောင်ရွက်ထား ရှိပါကြောင်း၊
ထိုကဲ့သို့ တင်ပြဆောင်ရွက်ခဲ့မှုကြောင့် အဆိုပါနေရာနှင့်ပတ်သက်ပြီး မြေယာစိစစ်ရာတွင် ၎င်းနေရာသည် မင်းဘူးမြို့နယ် စိုက်ပျိုးရေးရုံးအမည်ပေါက် မြေဧရိယာအတွင်း၌ရှိပြီး အဆောက် အအုံ ဆောက်လုပ်ထားခြင်း မရှိသေးဘဲ မြေလွတ်ဖြစ်သည့်အတွက် မြေရာဇဝင်နှင့် မြေကွင်းဆင်း စိစစ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်အရလည်း သိရှိရပါကြောင်း၊ မင်းဘူးမြို့သည် ခရိုင်မြို့ဖြစ်သည်နှင့်အညီ ခန်းမတစ်ခုတည်ဆောက်မည်ဆိုပါက အနည်းဆုံး မြို့ပေါ်အင်္ဂါရပ်နှင့်ညီသည့် ခန်းမတစ်ခုလိုအပ်မည်ဖြစ်ပါကြောင်း၊
တည်ဆောက်မည်ဆိုပါက ခန်းမ၏ အလျား ၁၆၂ ပေနှင့် အနံ ၇၂ ပေကျယ်ဝန်းသော ခန်းမအသစ်တစ်ခုကို ဆောက်လုပ်နိုင်ရန် ကြိုတင်တွက်ချက်ထားရှိခဲ့ပြီး ခန့်မှန်းကုန်ကျငွေ ကျပ် ၄၀၈.၂၄ သန်း ကုန်ကျမည်ဖြစ်ကြောင်းကို သက်ဆိုင်ရာစည်ပင်သာယာနှင့် တိုင်းဒေသကြီးအစိုးရတို့၏ တွက်ချက်လျာထားချက်အရ သိရှိရပါကြောင်း၊ သို့ရာတွင် မင်းဘူးခရိုင်နှင့် စကုမြို့နယ်၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့၏ ရန်ပုံငွေအရလည်း သက်ဆိုင်ရာမြို့နယ်၏ လမ်းတံတား၊ ရေပေးဝေရေးနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ဦးစားပေးဆောင်ရွက် နေရသည့်အတွက် ရန်ပုံငွေလုံလောက်မှု မရှိသေးခြင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း လတ်တလော စီစဉ်ဆောင်ရွက်ပေးရန် မရှိသေးသည့်အတွက် ခန်းမသစ်ဆောက်လုပ်ရန် လတ်တလောအစီအစဉ် မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဝင်းဝင်း (မင်းဘူးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဖြေကြားချက်အရ မင်းဘူးမြို့သည် ခရိုင်မြို့ကြီးဖြစ်သည်နှင့်အညီ ခရိုင်မြို့၏ အင်္ဂါရပ်နှင့် ညီမျှသော ခန်းမကြီးတစ်ခု လိုအပ်သည်ဟု သိရှိရပါကြောင်း၊ တွက်ချက်ဆောင်ရွက်နေမှု အနေအထားကိုလည်း ဒေသခံပြည်သူများ၏ကိုယ်စား များစွာဝမ်းသာပီတိ ဖြစ်မိပါကြောင်း၊ သို့သော်လည်းပဲ ဆောင်ရွက်ရမည့်အနေအထားဖြစ်သည့်အတွက် ယခုလတ်တလောအချိန်တွင် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်မရှိသေးသော်လည်း မည်သည့်ခုနှစ်၊ မည်သည့်အချိန်မှ စပြီး ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ခန်းမကြီးတည်ဆောက်မှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ၏ လုပ်ပိုင်ခွင့်အတွင်း ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်သည့်အတွက် ဆောက်လုပ်နိုင်မည့်အခြေအနေကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကိုလည်း တိုက်ရိုက်ဆက်သွယ်ပြီး မေးမြန်းဆောင်ရွက်ခဲ့ပါကြောင်း၊ ၎င်းတို့အနေဖြင့် တခြားသော လုပ်ငန်းများ ဆောင်ရွက်နေသည့်အတွက် လတ်တလော လျာထားဆောင်ရွက်နိုင်မှု မရှိသေးကြောင်းလည်း ပြန်လည်ဖြေကြားခဲ့ပါကြောင်း၊ ဒီရေနှင့်ပတ်သက်၍လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရ အတွင်းရေးမှူးနှင့်လည်း မိမိတို့မနေ့ကအထိ နောက်ဆုံးအခြေအနေ မေးမြန်းခဲ့ရာ လျာထားဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း ပြန်လည်ဖြေကြားသည့်အတွက် တိုင်းဒေသကြီးအစိုးရ၏ ဖြေကြားချက်အတိုင်း လတ်တလော ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးကြောင်း ပြန်လည်ရှင်းလင်းဖြေကြားပါသည်။
