(ဂ)-နွေရာသီကျောင်းပိတ်ရက်အချိန်များကိုလူငယ် များကောင်းမွန်အကျိုးရှိစွာအသုံးချနိုင်ရေးအတွက် ကျန်းမာရေး၊စိုက်ပျိုးရေး၊အနုပညာအားကစားတို့ကို အခြေခံသောပညာရပ်ဆိုင်ရာအခြေခံသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ် လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂၁.၂.၂၀၁၇)

၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်းစာရင်းအရ မြန်မာနိုင်ငံ စုစုပေါင်းလူဦးရေ၏ ၁၇.၁၁ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်နှင့် ၂၄ နှစ်ရှိ လူငယ်များ၏ လူဦးရေ ၂၇.၈ ရာခိုင်နှုန်း၊ အသက် ၁၀ နှစ်နှင့် ၂၄ နှစ်အတွင်းရှိ လူငယ်များမှာ အနာဂတ်၏ ခေါင်းဆောင်များသည် လူငယ်များဖြစ်သည်ဟု ဆိုကြပါကြောင်း၊ သို့သော်လည်း ယနေ့ မိမိတို့ပတ်ဝန်းကျင်တွင်ရှိသည့် လူငယ်အများစုသည် တက္ကသိုလ်ဝင်တန်း ဝင်ခွင့်လျှောက်လွှာများကို မိမိစိတ်ကူး၊ မိမိစဉ်းစားဉာဏ်နှင့် ရေးသွင်းခြင်း မဆောင်ရွက်နိုင်သည့် လူငယ်များ၏ အလုပ်ခေါ်စာကို မိမိစိတ်ကူး၊ မိမိစဉ်းစားဉာဏ်နှင့် မရွေးချယ်၊ မဆောင်ရွက်နိုင်သည့် လူငယ်အများစုကို တွေ့ရှိနေရပါကြောင်း၊ လူငယ်များ၏ပတ်ဝန်းကျင်တွင် လောင်းကစား၊ အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးတို့ကို လွယ်လွယ်ကူကူ ရရှိစေခြင်းနှင့် မသန့်ရှင်းသောပတ်ဝန်းကျင် ဓလေ့စရိုက်များ ထွန်းကားနေခြင်းသည်လည်း လူငယ်များ၏ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးသည် အားနည်းနေပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန် လူငယ်များကို ပြုစုပျိုးထောင်လေ့ကျင့် ပေးကြရပါမည်။ လူငယ်များကို အမှန်တကယ် သိမြင်တတ်သော လူငယ်များဖြစ်စေရေးကို အမှန်တကယ်လုပ်ဆောင်ကြရပါမည်။ အရည်အချင်းလည်းရှိသော လူငယ်များ ဖြစ်ပေါ်လာစေရေးကို အစိုးရကလေ့ကျင့်ပျိုး ထောင်ပေးရန်လည်း လိုအပ်ပါကြောင်း၊ ယနေ့ခေတ်လူငယ်များ၏  ပတ်ဝန်းကျင်သည် ထိန်းကျောင်းခြင်းအားနည်းသည့် အရွယ်ရောက်လူငယ်အများစု၏ ရှေ့ရေးအတွက် ရင်လေးဖွယ်ကောင်းလှပါကြောင်း၊ လူငယ်များအားလုံးကို ကျောင်းတွင်းပညာရေးသာမက ကျောင်းပြင်ပ ကဏ္ဍမှ ဘက်စုံလေ့လာ သင်ယူနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ပေးရန် အရေးတကြီး လိုအပ်နေပါကြောင်း၊ လူငယ်များကို ခြိမ်းခြောက်လျက်ရှိသော မူးယစ်ဆေးဝါးပြဿ    နာများနှင့် ကူးစက် ရောဂါများလျော့ကျစေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ အသင်းအဖွဲ့နှင့် လှုပ်ရှားဆောင်ရွက်တက် စေရန်စသော အသိပညာများကို ရရှိနိုင်စေရေးအတွက် အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်၊ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး ကျောင်းသား/သူလူငယ်များ အားလုံးကို နွေရာသီကျောင်းပိတ်ရက်များတွင် သင်တန်းများ စနစ်တကျဆောင်ရွက်ပေးနိုင်ခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လူငယ်ဖွံ့ဖြိုးမှုညွှန်းကိန်းတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၇၀ မှာ အဆင့် ၁၃၄ တွင် ရောက်ရှိနေပါသောကြောင့် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးကို ဂရုတစိုက်ဆောင်ရွက်သင့်ပါကြောင်း၊ လူငယ်ထုအပေါ် ရင်းနှီးမြှုပ်နှံမှုသည် လူငယ်တို့၏ကောင်းကျိုးသက်သက်အတွက် သာမဟုတ်ဘဲ လူငယ်တို့နေထိုင်ရာ လူမှုအသိုက်အဝန်းအသီးသီး၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဖြစ်ပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ ၃၃ တွင် နိုင်ငံတော်သည် လူငယ်များ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရပါမည်ဟုဆိုသည့်အတွက် နွေရာသီကျောင်းပိတ်ရက် အချိန်များကို လူငယ်များကောင်မွန်အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ အနုပညာအားကစားတို့ကို အခြေခံသော ပညာရပ်ဆိုင်ရာ အခြေခံသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများ၏ နွေရာသီကျောင်းပိတ်ရက်အချိန်များကို လူငယ်များ အကျိုးရှိစွာအသုံးပြုနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး ကြက်ခြေနီသင်တန်းများ၊ နွေရာသီအားကစား သင်တန်းများ၊ အခြေခံ ကဗျာလွတ်အက၊ တယော၊ ပလွေ၊ ဘင်ခရာသင်တန်းများ၊ ပန်းချီသင်တန်းများကို ကျောင်းအကျိုးတော်ဆောင် အဖွဲ့ မိဘဆရာအသင်းအဖွဲ့များ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အခြေခံကွန်ပျူတာ သင်တန်းများ၊ ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာ သင်တန်းများကို တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ခရိုင်အဆင့်/မြို့နယ် အဆင့်များအထိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အထူးအားဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနနှင့် ပူပေါင်း၍ နွေရာသီအခြေခံအားကစား သင်တန်းများကို ပြီးခဲ့သည်‌့ ၁၉၇၀ ပြည့်နှစ်များကတည်းက တိုင်းဒေသကြီး/ပြည်နယ်အဆင့်တွင် အားကစားနည်းခုနစ်မျိုး၊ ခရိုင်အဆင့်များတွင် အားကစားနည်းငါးမျိုး၊ မြို့နယ်အဆင့်များတွင် အားကစားနည်းသုံးမျိုး ဖွင့်လှစ်သင်ကြားပေးပါကြောင်း၊ နည်းပြ ဆရာနှင့်သင်တန်းသားအင်အား ရရှိမှုအပေါ်မူတည်ပြီး အားကစားနည်းများကို တိုးမြှင့်ဆောင်ရွက်ပေးသည့် အပြင် နှစ်စဉ်အားကစားနည်း အရေအတွက်နှင့် သင်တန်းသားဦးရေအရေအတွက် တိုးတက်များပြား လာပါကြောင်း၊ ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော် ၂၀၀၆ ခုနှစ် ကစ၍ အခြေခံပညာ ကျောင်းများတွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကရာတေးဒို၊ ဝူရှုး၊ ပြေးခုန်ပစ်၊ မြန်မာ့သိုင်း၊ တိုက်ကွန်ဒိုအစရှိသည့် အားကစားနည်းရှစ်မျိုးကို နှစ်စဉ်မတ်လ ပထမအပတ်၌ သင်ကြားပေးလျက်ရှိရာမှာ ၂၀၁၆ ခုနှစ်အတွင်း သင်တန်းသားဦးရေ ၄၆၈၂ ဦး တက်ရောက်ခဲ့ပါကြောင်း၊ ရန်ကုန်မြို့တွင်လည်း သက်ဆိုင်ရာ အားကစားအဖွဲ့ချုပ်များနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းညှိနှိုင်းပြီး အားကစားနည်း ၃၃ မျိုးကို နှစ်စဉ် နွေရာသီကျောင်းပိတ်ရက်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ၂၀၁၆ ခုနှစ်အတွင်း သင်တန်းသားဦးရေ ၅၂၆၂၁ ဦးထိ တိုးတက်များပြားစွာ တက်ရောက်လာသောကြောင့် ကျောင်းသားများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ နွေရာသီအခြေခံအားကစားသင်တန်း တက်ရောက်သည်‌့ ကျောင်းသား/သူဦးရေပေါ်မူတည်ပြီး အားကစားနည်းပြများ၊ အားကစားအထောက် အကူပစ္စည်းများ၊ ဝတ်စုံတီရှပ်များကိုလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးပါကြောင်း၊ နွေရာသီအခြေခံအားကစားသင်တန်းတွင် ကျောင်းသား/သူ လူငယ်မောင်ငယ်များ ယခုထက် ပိုမိုတက်ရောက်နိုင်စေရေးအတွက်လည်း အဆိုပါ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် အားကစားသာမက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဆည်မြောင်းဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အခြေခံစိုက်ပျိုးရေးသင်တန်းများ၊ အာဟာရပြည့်စုံသော ဟင်းသီးဟင်းရွက် လက်တွေ့စိုက်ပျိုးခြင်း သင်တန်းများကို စီမံချက်ရေးဆွဲတိုးချဲ့မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းပြီး မြန်မာ့တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာသင်တန်းများ၊ မီးဖိုချောင်သုံးဆေးဖက်ဝင်ပစ္စည်းများ အသုံးပြုနည်းသင်တန်းများ၊ တိုင်းရင်းဆေးပညာဖြင့် ကျန်းမာအောင်နေထိုင်စားသောက်နည်း သင်တန်းများ စသဖြင့်အသိပညာ ပေးဆောင်ရွက်မှုများကိုလည်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားပါရန် စီစဉ်ထားရှိပါကြောင်း ရှင်းလင်းဖြေကြား ပါသည်။