(ဆ)-မင်းလှမြို့နယ်နှင့် လက်ပံတန်းမြို့နယ်သို့ ဆက်သွယ်ထားသည့် ယခင် ကတ္တရာလမ်းဖြစ် သည့်တောင်ကြို့ကုန်း-သနာပိုလမ်းအားဆောက် လုပ်ရေး ဝန်ကြီးဌာနမှ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ကတ္တရာလမ်းအဆင့်တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u than soeပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် တောင်ကြို့ကုန်း-သနာပိုလမ်းနှင့် ပတ်သက်ပြီး ပထမအကြိမ် ပြည်သူ့လွှတ်တော် မင်းလှမဲဆန္ဒနယ် ကိုယ်စားလှယ်ကြီးကလည်း ကြိုးကြိုးစားစား ဆောင်ရွက် ပေးသွားသည်ကို တွေ့ရှိရပါကြောင်း၊ သို့သော် ကျေးလက်ဒေ သဖွံ့ဖြိုးရေးအနေဖြင့် ပြည့်ပြည့်စုံစုံ ဆောင်ရွက်မပေးနိုင်သည့်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနကို လိပ်မူပြီး မေးမြန်းရခြင်း ဖြစ်ပါကြောင်း။

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိ တောင်ကြို့ကုန်း- သနာပိုလမ်းအား မင်းလှ၊ စစ်ကွင်းအနောက် လက်ပံတန်းမြို့များကို အနောက်ဘက်မှ ဆက်သွယ်ထားသည့် လမ်းဖြစ်ပါကြောင်း၊ လက်ပံတန်းသို့ ၈.၃ မိုင်၊ မင်းလှမြို့သို့ ၆.၁ မိုင် ဟု ဖော်ပြထားသည့်အတွက် တောင်ကြို့ကုန်း-သနာပိုလမ်းသည် ၁၄.၄ မိုင် ရှည်လျားပါကြောင်း၊ ကျေးရွာအုပ်စု ၁၅ အုပ်စု၊ ကျေးရွာပေါင်း ၇၃ ရွာ၊ အိမ်ထောင်စုပေါင်း ၅၇၀၀ ကျော်နှင့် လူဦးရေ ၂၅၀၀၀ ကျော် အားထားအသုံးပြုလျက်ရှိပါကြောင်း၊ ယင်းလမ်းသည် စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့ရှိ လုပ်သားပြည်သူများကို အဓိကထောက်ပံ့ပို့ဆောင်နေသည့် လမ်းဖြစ်ပါကြောင်း၊ ရာသီအလိုက် စိုက်ပျိုးသီးနှံများ ပို့ဆောင်ခြင်း၊ ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများ၊ လုပ်သားပြည်သူများနှင့် ကျန်းမာရေးအရ အရေးပေါ်ကိစ္စရပ်များအတွက် အားကိုးအားထားပြုပြီး သွားလာနေရသည့် လမ်းလည်းဖြစ်ပါကြောင်း၊ ယင်းလမ်းသည် လွတ်လပ်ရေးမရခင်အချိန်က ကတ္တရာလမ်းဖြစ်ခဲ့ပြီး လမ်းပေါ်ရှိ ကညင်ပင်ရွာက သံတံတားကြီးသည် ၁၉၂၁ ခုနှစ်ကတည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၉၅ နှစ်ရှိပြီဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် နှစ်တစ်ရာ ပြည့်မည်ဖြစ်ပြီး သမိုင်းဝင်တံတားကြီးဖြစ်ပါကြောင်း၊ တံတားကြီးသည် အပေါ်ယံကကြည့်လျှင် ကောင်းသည်ဟု ထင်ရသော်လည်း အောက်ပိုင်းတွင် သံချေးတက်၊ ဆွေးမြည့် ပြုတ်ကျနေပြီသဖြင့် အချိန်မီချုပ် အစုတ်သက်သာဆိုသကဲ့သို့ ယခုအချိန်တွင် ဖာထေးဖြတ်ဆက် လုပ်မည်ဆိုပါက ငွေကုန်ကျသက်သာပြီး ရေရှည်ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း။

ခေတ်အဆက်ဆက် ရန်ပုံငွေအနည်းငယ်သာချပေးပြီး နေရာအနည်းငယ်ကိုသာ ပြင်ဆင်ပြီး ဂဝံကျောက်အနုလေးများခင်းပေးခြင်းသည် လမ်းသည်ကောင်းမလာဘဲ ပျက်စီးခဲ့ရပါကြောင်း၊ ထို့ကြောင့် ဘဏ္ဍာငွေလုံလောက်စွာ ချပေးနိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနကို ဦးတည်မေးမြန်းရခြင်း ဖြစ်ပါကြောင်း၊ မိမိတို့ နယ်ဆင်းသည့်အချိန်တွင် ရောက်သည့်ရွာတိုင်းလည်း ယင်းလမ်းကိုသာ အဓိကထား မေးမြန်းကြပါကြောင်း၊ ထို့ကြောင့် ယခင်က ကတ္တရာလမ်းဟောင်း ဖြစ်သော မင်းလှနှင့် လက်ပံတန်း ဆက်သွယ်ထားသော တောင်ကြို့ကုန်း-သနာပိုလမ်းအား ဆောက်လုပ်ရေးဝန်ကြီးဌာနမှ နိုင်ငံတော် ဘဏ္ဍာငွေဖြင့် ကတ္တရာလမ်းအဆင့်ကို တိုးမြှင့်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း
အဖြေ
ဖြေကြားချက် 

u tun winပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်ရှိ တောင်ကြို့ကုန်း-သနာပို ကျေးရွာချင်းဆက်လမ်းကို ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်မည်ဆိုပါက ငွေကျပ် ၂၀၇၂.၄၀ သန်းခန့် ကုန်ကျမည် ဖြစ်ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဘတ်ဂျက်လျာထား ဆောင်ရွက်ရာ တွင် ပြည်နယ်/တိုင်းဒေသကြီးများအတွင်းရှိ လူဦးရေအချိုးအစားအရ လျာထားသည့်အပြင် ပြည်နယ်/တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးကိုလည်း ပါဝင်လျာထားပါကြောင်း၊ ထို့အပြင် ကျေးရွာများ၏ လိုအပ်ချက်များအား မြို့နယ်၊ ခရိုင်နှင့် ပြည်နယ်/ တိုင်းဒေသကြီးများမှတစ်ဆင့် ထောက်ခံတင်ပြလာမှုများ အပေါ်တွင်လည်း ဦးစားပေးအစီအစဉ်အတိုင်း ရွေးချယ်လျာထား ပေးပါကြောင်း။

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေး နှစ် ခွင့်ပြုချက်ရန်ပုံငွေတွင် ၁၂၂၉၃.၇၀၄ သန်းဖြင့် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မင်းလှမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ၃၆၇.၅၉၅ သန်းဖြင့် ကျောက်ချောလမ်း ၂ မိုင် ၃ ဖာလုံ၊ ဂဝံ/မြေနီလမ်း ၅ မိုင် ၁ ဖာလုံ၊ သစ်သားတံတား ၃၂၀ ပေနှင့် ရေပြွန် ၁၀ ပေတို့အား လျာထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြလာသော မေးခွန်းနှင့်စပ်လျဉ်း၍ တောင်ကြို့ကုန်း-သနာပို ကျေးရွာချင်းဆက်လမ်းတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေကျပ် ၁၃.၈၅၂ သန်းဖြင့် ဂဝံလမ်း ၂ မိုင် ပြုပြင်ခြင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကျန်လမ်းအစိတ်အပိုင်းများအား လတ်တလောဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်းနှင့် နှစ်အလိုက် ဦးစားပေးအတိုင်း တင်ပြပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဒေါက်တာသန်းအောင်စိုး (မင်းလှမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

ယင်းလမ်းသည် ကျေးလက်ဒေသဖွံ့ဖြိုးရေးအစီအစဉ်နှင့် အပိုင်းလိုက်ပြုပြင်ပါကြောင်း၊ သို့သော် ပြုပြင်ရန်ချပေးသော ဧရိယာ လမ်းအရှည် နည်းသည့်အတွက် ပျက်လိုက်ပြင်လိုက်ဖြင့် လုံးချာလည်နေပါကြောင်း၊ ထို့ကြောင့် တစ်ခါတည်းပြင်မည်ဆိုပါက အပြည့်ပြင်နိုင်ရင်ပြင်၊ မပြင်နိုင်ပါက အပိုင်းလိုက်ကို ကတ္တရာလမ်းအဆင့်အနေဖြင့် တောင်းဆိုရခြင်းဖြစ်ပါကြောင်း၊ မိမိတို့ နယ်သွားသည့်အခါများတွင် ယခင်က ကတ္တရာလမ်းဖြစ်ခဲ့သောလမ်းသည် ယခုအချိန်တွင် ကတ္တရာလမ်းအဆင့်မှ တဖြည်းဖြည်း ကျောက်လမ်းအဖြစ်၊ မြေသားလမ်း၊ ဂဝံကျောက်လမ်းအဖြစ် ပြောင်းသွားရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လမ်းတစ်ခုလုံးမပြင်ပေးနိုင်ပါကလည်း အပိုင်းလိုက် အပိုင်းလိုက် ကတ္တရာလမ်းအဆင့်ကို တိုးမြှင့်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း ဆက်စပ်မေးမြန်းပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း

တစ်တိုင်းပြည်လုံးအနေအထားတွင် ကျေးလက်ဒေသတိုင်း မည်သည့်နေရာကိုသွားသွား အဓိက ကျေးလက်ဒေသများ၏ အလိုအပ်ဆုံး၊ အရေးကြီးဆုံး တောင်းဆိုချက်မှာ လမ်းတံတားဖြစ်ပါကြောင်း၊ လမ်းတံတားသည် ဟင်းရွက်ကန်စွန်းကဲ့သို့ ပေါပေါပဲပဲ လုပ်၍မရဘဲ အကုန်အကျကြီးစွာ ရင်းနှီးပြီး လုပ်ရခြင်းဖြစ်သည့်အတွက် ပထမဦးဆုံးမြေလမ်းကို လုပ်ပါပြီးနောက် ဒုတိယ မြေလမ်းငြိမ်သွားမှ ဂဝံလမ်းလုပ်ပါကြောင်း၊ ဂဝံလမ်းလုပ်ပြီးမှ ကျောက်ချောလမ်းလုပ်ပြီး ကျောက်ချောလမ်းလုပ်ပြီးမှ ကတ္တရာလမ်းလုပ်ပါကြောင်း၊ Sustainable ၊ Durable ဖြစ်အောင်  အဆင့်ဆင့်သွားရသည့် လုပ်ငန်းများဖြစ်သည့်အပြင် ရေရှည်ခံအောင်လုပ်ရပြီး နိုင်ငံတော်ဘတ်ဂျက်ကို ဦးစားပေး အစီအစဉ်ဖြင့် ပြည်နယ်/တိုင်းဒေသကြီး‌/မြို့နယ်ဒေသအားလုံးတွင် လျာထားပြီး လိုအပ်ချက် အများဆုံး အရေးကြီးသည့်အလျောက် ဦးစားပေးအစီအစဉ်များနှင့် မြို့နယ်/ခရိုင်/တိုင်းဒေသကြီးက ထောက်ခံတင်ပြမှုအပေါ် ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် နားလည်ခွင့်လွှတ်ပြီး မိမိတို့ကျရောက်လာမည့် တောင်းဆိုသည်ကို တန်ဖိုးထားပြီး မှတ်သားထားမည်ဖြစ်ပါကြောင်း၊ မိမိတို့ဌာနတွင်လည်း အရေးတယူမှတ်တမ်းတင်ဖြင့် ဆက်လက်ပြီး ဦးစားပေးရှိလာမည်ဆိုပါက လတ်တလောတွင် ဆောင်ရွက်ပေးခြင်းမရှိဘဲ နှစ်အလိုက် ဦးစားပေးထဲတွင် လျာထားတင်ပြပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။