(င)-ကျောက်ဖြူမြို့နယ်၊ ဒိုးမတောင်ချောင်းကိုဒိုး မတောင်ချောင်းပိတ်ကာရီအဖြစ်တည်ဆောက် ရန် အစီအစဉ်ရှိ/မရှိနှင့် တည်ဆောက်ပေးမည် ဆိုပါက မည်သည့်အချိန်တွင် တည်ဆောက်ပေး မည်နှင့် မတည်ဆောက်ပေးပါက မည်သည့် အကြောင်းကြောင့်ဖြစ်သည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂.၈.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

u ba shaneကျောက်ဖြူမြို့နယ်သည် ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ကုမ္ပဏီများနှင့် အထူးစီးပွားရေး ဇုန်လုပ်ငန်းများ လိုအပ်ချက်အရ လယ်မြေအပါအဝင် မြေနေရာအများအပြားကို အသုံးပြု နေသည့် ပင်လယ်၊ မြစ်၊ ချောင်း၊ မြေနိမ့်မြစ်ဝှမ်းများ ရှိသော ဒေသဖြစ်ပါကြောင်း၊ ဒိုးမတောင်ရွာ၏ အနီးရှိ ချောင်းမကြီးကို ပိတ်ပြီး တာတည်ဆောက်မည် ဖြစ်ပြီး ရေတံခါးများကို တလင်းကြီး ချောင်းဘက်တွင် တည်ဆောက်ရမည်ဟု သိရပါကြောင်း၊  ဒိုးမတောင်ချောင်း ချောင်းပိတ်တာတမံ ဆည်ဖို့ဖြစ်ရင် လုပ်ကိုင်ရမည့်လုပ်ငန်းပမာဏနှင့် ကုန်ကျမည့် ငွေကြေးမှ စုစုပေါင်း ငွေကျပ် သန်းပေါင်း ၁၃၂၇ သန်း ခန့် ကုန်ကျမည် ဟု အကြမ်းဖျင်း ခန့်မှန်းတင်ပြထားပါကြောင်း၊

 (၁) ဒိုးမတောင်ကျေးရွာအုပ်စု၊ (၂) ဆင်ဘုတ်ကျေးရွာအုပ်စု၊ (၃) သိုင်းချောင်းကျေးရွာ အုပ်စု၊ (၄) ကပ်သပြေကျေးရွာ အုပ်စု၊ (၅) ကြတ္တိန်ကျေးရွာအုပ်စုနှင့် (၆) ဦးကင်းကျေးရွာ အုပ်စု တို့ရှိ လယ်မြေဧကပေါင်းများစွာကို ရေငန်ဝင်ရောက်ခြင်းအန္တရာယ်မှ ကာကွယ်နိုင်မည်ဖြစ်သည့် အတွက် လယ်ယာလုပ်ငန်းကို စိတ်ချစွာ လုပ်ကိုင်နိုင်မည် ဖြစ်ပြီး ‌နွေရာသီနှင်‌့ ဆောင်းရာသီ များတွင်လည်း ရေချိုရေပေးဝေနိုင်သည့် စိုက်ခင်းများကို လုပ်ကိုင်နိုင်ကြမည် ဖြစ်ပါကြောင်း၊

 ထို့ကြောင့် (၁) ကျောက်ဖြူမြို့နယ် ဒိုးမတောင်ချောင်း ကို ချောင်းပိတ်တာတမံပြုလုပ်ပေးပါက ချောင်းအထက်ပိုင်းရှိ လယ်မြေများကို ရေငန်ဝင်ရောက်ခြင်း ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင် မည်ဆိုသည်မှာ မှန်ကန်ခြင်းရှိ/မရှိ (၂) ဒိုးမတောင်ချောင်းပိတ် ကာရီတာတမံ တည်ဆောက်သင့် သည်‌့နေရာနှင့် အမှန်တကယ် တည်ဆောက်ပါက လုပ်ကိုင်ရမည်‌့ လုပ်ငန်း၊ ကုန်ကျမည်‌့ငွေကြေး များကို စိစစ်တွက်ချက်ပေးရန် အစီအစဉ်ရှိ/မရှိ၊ (၃) ဒိုးမတောင်ချောင်း ကာရီ တာတမံ တည်ဆောက်ခြင်းအားဖြင့် ချောင်းအထက်ပိုင်းရှိ ကျေးရွာအုပ်စု ခြောက်ခုမှ လယ်မြေ ဧကမည်မျှကို ရေငန်ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်မည်၊ (၄) နိုင်ငံတော်က ဒိုးမတောင် ချောင်းပိတ်ကာရီ တာတမံ တည်ဆောက်ပေးရန် ရှိ/မရှိနှင်‌့ တည်ဆောက်ပေးမည်ဆိုပါက မည်သည်‌့ အချိန် ကာလတွင် တည်ဆောက်ပေးမည်ဖြစ်ကြောင်းကိုလည်းကောင်း၊ တည်ဆောက်ပေး နိုင်ခြင်း မရှိပါက မည်သည်‌့ အကြောင်းကြောင့် ဖြစ်သည်ဆိုသည်ကိုလည်ကောင်း သိရှိလိုပါကြောင်း  မေးမြန်းပါသည်။


 

ဖြေကြားသူ
ဒုတိယဝန်ကြီး ဒေါက်တာထွန်းဝင်း
အဖြေ
ဖြေကြားချက် 

u tun winရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်သည် ပင်လယ်နှင့်ထိစပ်လျက်ရှိသည့် အတွက် ဒိုးမတောင် ချောင်းနှင့် တလင်းကြီးချောင်အပါအဝင် ဒေသအတွင်းရှိချောင်းများသည် ပင်လယ်ဒီရေ အတက် အကျရှိပြီး ရေငန်ဝင်ရောက်လျက်ရှိသော ချောင်းများဖြစ်ခြင်း၊  လယ်ယာမြေများသည် မြေနိမ့် ဒေသများွခင်းတို့ကြောင့် ဒိုးမတောင်ချောင်းနှင့် တလင်းကြီးချောင်းအား မြေသားဖြင့် ချောင်းပိတ် တာတမံ ဆောင်ရွက်ပါက နွေရာသီတွင် ထိခိုက်ပျက်စီးမှု မရှိနိုင်သော်လည်း မိုးရာသီတွင် ချောင်း အထက်ပိုင်းမှ စီးဝင်ရေများနှင့် ဒီရေအတက်အကျကြောင့် လှိုင်းပုတ်ခတ်ပြီး ပြန်လည်ကျိုး ပေါက် နိုင်သည့်အပြင် ထိန်းသိမ်းစောင့်ရှောက်ရန်လည်း ခက်ခဲပါသဖြင့် ချောင်းပိတ်တာ  တမံပြု လုပ်ခြင်းလုပ်ငန်းမှာ ဆောင်ရွက်ရန်မသင့်လျော်ပါကြောင်း၊ လုပ်ငန်းသဘော သဘာဝအရ အဆိုပါ ချောင်းများပေါ်တွင် အခိုင်အမာရေထိန်း တံခါးများ တည်ဆောက်ပြီး ရေငန်တား တာများ ပတ်၍ ကာကွယ်ပါက လယ်မြေများအတွင်းသို့ ပင်လယ်ရေငန်ဝင်ရောက်ခြင်းမှ ကာကွယ်နိုင်မည့် အပြင် ရေချိုများကို ထိန်းသိမ်းသိုလှောင်ထားနိုင်ပြီး နွေ/ဆောင်း သီးနှံများကိုလည်း စိုက်ပျိုးနိုင်မည် ဖြစ်ပါကြောင်း၊

ဒိုးမတောင်ချောင်းနှင့် တလင်းကြီးချောင်းပေါ်တွင် ရေတံခါးများတည်ဆောက်ခြင်းနှင့် ဆက်စပ်၍ ရေငန်တားတာများပတ်၍ တည်ဆောက်ရမည်ဖြစ်သဖြင့် လိုအပ်သည့် ဇလဗေဒ၊ ဘူမိဗေဒဆိုင်ရာ စူးစမ်းလေ့လာခြင်း၊ မြေပြင်တိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ စူးစမ်း လေ့လာမှုများမှ ရရှိလာသော  အချက်အလက်များအရ ဖြစ်မြောက်နိုင်စွမ်း ရှိ/မရှိလေ့လာ ဆန်းစစ်ခြင်းနှင့် ပတ်ဝန်း ကျင်နှင့် လူမှုစီးပွားဘဝ ထိခိုက်နိုင်မှုရှိ/မရှိ EIA,SIA လေ့လာ ဆန်းစစ်ခြင်းများကို ဆောင်ရွက်ပြီး နောက် ဖြစ်မြောက်နိုင်စွမ်းရှိပြီး အမှန်တကယ်အကျိုးဖြစ်ထွန်းမှုရှိသော လုပ်ငန်းဖြစ်ပါက ဒီဇိုင်းဆွဲပြီး ခန့်မှန်းကုန်ကျစရိတ်ငွေကို တွက်ချက် တင်ပြသွားမည် ဖြစ်ပါကြောင်း၊ ဒိုးမတောင်ချောင်းနှင့် တလင်း ကြီး ချောင်းပေါ်မှာရှိသည့် ရေထိန်းတံခါးနှင့် ရေငန်တားတာ တည်ဆောက်ခြင်း အားဖြင့်ချောင်း အထက်ပိုင်းကျေးရွာခြောက်အုပ်စုမှ လုပ်ကိုင်လျက်ရှိ သည့် လယ်မြေ ၁၅၉၄ ဧကအပြင်  စိုက်ဧက ၂၅၉၇ ဧက၊ စုစုပေါင်း ၄၂၀၀ ဧကခန့်အား ရေငန် ဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင် မည်ဖြစ်သည့်အတွက် စူးစမ်းလေ့လာ တိုင်းတာချက်မှုများပေါ် တွင် မူတည်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေတွင် လျာထားကာ ရန်ပုံ ငွေခွဲဝေရရှိမှုအပေါ်မူတည်၍ တည်ဆောက်ပေးနိုင်မည်ဖြစ်ပါကြောင်း ပြန်လည်‌ဖြေကြားပါသည်။