မေးခွန်း အကြောင်းအရာ
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းကျေးရွာများဖြစ်သည့် ညောင်ချောင်း၊ ပြည့်ဒူမော်၊ ကျင်းချောင်း၊ သာစေ၊ မာန်အောင်၊ တို့အိုရေ၊ ဆပ်ခေါ၊ ငလက် ကျေးရွာများသည် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲနေသည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစစအရာရာ အလွန် နိမ့်ကျလျက်ရှိပါကြောင်း၊ ရေလမ်းခရီးတစ်ခုတည်းသာ အားထားနေရသဖြင့် ကျန်းမာရေး၊ ဆေးရုံ ဆေးပေးခန်းသို့ အချိန်မီမသွားရောက်နိုင်သဖြင့် အသက်ဆုံးရှုံးမှုများကို ကြုံတွေ့နေရ ပါကြောင်း၊ ၂၇-၄-၂၀၁၆ နေ့တွင် မိမိကိုယ်တိုင် ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ရှိသူများနှင့် ကွင်းဆင်းပြီးကျေးရွာလူထုများနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါကြောင်း။
ညောင်ချောင်း-င/လှမ်းပြင်မြေသားလမ်းကို ဖောက်လုပ်ခြင်းဖြင့်ဘူးသီးတောင် တောင်ဘက် ကျေးရွာ များဖြစ် သည် ဒေသခံပြည် သူများ ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကောင်းမွန် လာမည့်အပြင် အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများတွင် အထောက်အကူ ပြုနိုင်သော် ကြောင့် လိုအပ်နေမှုကို ဆောင် ရွက်ပေးနိုင်ပါရန်၊ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ညောင် ချောင်း-င/လှမ်းပြင်မြေသားလမ်းဖောက်လုပ်ငန်းအား ပြုလုပ်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် မရှိပါက မည့်သည့်အတွက်ကြောင့်မရှိပါကြောင်းနှင့် ရှိပါက မည်သည့်အချိန်တွင် ပြုလုပ်ပေးနိုင်မည့်အကြောင်း ကို ရှင်းလင်းဖြေကြားပေးပါရန် မေးမြန်းပါသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အတွင်းရှိ ညောင်ချောင်း-င/လှမ်းပြင်ကျေးရွာချင်း ဆက်လမ်း သည် အရှည် ၁၁ မိုင် ၅ ဖာလုံရှိ လူသွား လမ်းဖြစ်ပြီး ကျေးရွာ ၁၂ ရွာ၊ အိမ်ခြေ ၉၇၄၊ လူဦးရေ ၄၃၈၄ ဦးတို့အား အကျိုးပြုပါသည့်လမ်းဖြစ်ကြောင်း၊ အဆိုပါ လမ်းအားမြေသားလမ်းဖောက်လုပ်ပါက ငွေ ကျပ် ၂၄၃.၇၈ သန်း၊ ကွန်ကရစ်တံတား ၁၈၀ ပေ တစ်စင်း၊ ၁၅၀ ပေ တစ်စင်း၊ ၁၀၀ ပေ တစ်စင်း၊ ၈၀ ပေ တစ်စင်း၊ ၆၀ ပေ တစ်စင်း၊ ၃၀ ပေ နှစ်စင်း၊ ၁၀ ပေ သုံးစင်းနှင့် ရေပြွန် ၁၃ စင်း တည်ဆောက်ပါက ငွေကျပ် ၈၈၅.၅ သန်း စုစုပေါင်းကျပ်ငွေ ၁၁၂၉.၂၈ သန်းခန့် ကုန်ကျမည်ဖြစ် ပါကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ဘတ်ဂျက်လျာထား ဆောင်ရွက်ရာ ပြည်နယ်/တိုင်းဒေသကြီးများအတွင်းမှာရှိ လူဦးရေ အချိုးအစားပေါ်မူတည်၍ လျာထားသည့်အပြင် ပြည်နယ်/တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးကိုလည်း လျာထားပါကြောင်း၊ ကျေးရွာ၏ လိုအပ်ချက်များအား မြို့နယ်၊ ခရိုင်နှင့် ပြည်နယ်/ တိုင်းဒေသကြီးများမှတစ်ဆင့် ထောက်ခံတင်ပြ လာမှုများ အပေါ်တွင်လည်း ဦးစားပေးအစီအစဉ် အတိုင်း ရွေးချယ်လျာထားပေးပါကြောင်း။
ဘူးသီးတောင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၀၉.၉၇၄ သန်းဖြင့် ကံပြင်-ဒုံချောင်းကျေးရွာချင်းဆက်လမ်း ၁ မိုင် ၂ ဖာလုံ ကျောက်ချောလမ်း ခင်းခြင်းအား လျာထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ ညောင်ချောင်း-င/လှမ်းပြင် ကျေးရွာချင်းဆက် မြေသားလမ်းဖောက်လုပ်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများအား စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် မပါသောကြောင့် လတ်တလော ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်းနှင့် နှစ် အလိုက်ဦးစားပေးအတိုင်း လျာထားတင်ပြပေးသွား မည် ဖြစ်ပါကြောင်း ပြန် လည်ဖြေကားခဲ့ပါသည်။
