(က)-မုဒုံမြို့နယ်၊ကော့ပရံကျေးရွာအခြေခံပညာအ ထက်တန်းကျောင်း(ခွဲ)အားအခြေခံပညာအထက် တန်းကျောင်းအဖြစ်သို့အဆင့်တိုးမြှင့်ဆောင်ရွက်ပေး ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၂၁.၂.၂၀၁၇)

ကော့ပရံကျေးရွာသည် မွန်ပြည်နည်၊ မုဒုံမြို့နယ် ကွင်းပိုင်းရွာကြီးဖြစ်ပြီး အိမ်ခြေ ၉၉၅ လုံး၊ လူဦးရေ ၅၂၉၀ ရှိပြီး ပေါက်ဝန်ကြီးကျေးရွာလေးရွာထက် စီးပွားရေး၊ လူမှုရေး၊ ပညာရေးအစစဖွံ့ဖြိုးတိုးတက်သော ရွာကြီး တစ်ရွာ လည်းဖြစ်ပါကြောင်း၊ ယခုလက်ရှိ အ.ထ.က (ခွဲ) ကျောင်းသည် အခြေစိုက်ပင်မ ကျောင်းဆောင် ဖြစ်ပြီး ကျောင်းဝန်း ၃.၂၀ ဧက၊ ကျောင်းမြေအကျယ်အဝန်း စုစုပေါင်း ၅.၅ ဧက၊ အလျား ၉၉၀ ပေ x အနံ ၆၆၀ အုတ်တံတိုင်းကာရံထားပြီး ကစားကွင်း၊ ကျောင်း စိုက်ကွင်း၊ ကွက်လပ်မြေ၊ ကျောင်းမှာအလျား ပင်မဆောင် ၁၅၂ ပေ x ၂၂ ပေ x ၂၄ ပေ၊ အလျား  ၁၅၀ ပေ x ၃၀ ပေ x ၁၄ ပေ နှစ်ဆောင်နဲ့ အလျား ၈၀ ပေ x ၃၀ ပေ x ၁၄ ပေ တစ်ဆောင်၊ သွပ်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်းစာသင်ခန်း ၂၄ ခန်းရှိပြီး အကျယ်အဝန်းမှာ ၃၀ ပေ x ၂၀ ပေ (၁၂) ခန်း၊ ၂၀ ပေ x ၂၀ ပေ (၁၂) ခန်းရှိပါသည်။ ဆရာစားပွဲလုံးရေ ၄၀၊ ဆရာကုလားထိုင်လုံးရေ ၅၀၊ ကျောက်သင်ပုန်း ၂၅ ချပ်၊ ခုံအပြည့်အစုံ ၁၄၀ စုံ၊ ခုံအနိမ့်ရှည် ၈၀ စုံ၊ စာရေးခုံ ၂၄ စုံ၊ ကွန်ပျူတာခန်း ရှိပါကြောင်း၊

ကျောင်းသားအချိုး ၁း၂၇ နှင့် ဆရာနှင့်စာသင်ခန်းအချိုး ၁း၁၂ ဖြစ်ပါကြောင်း၊ သောက်သုံးရေ အဝီစိတွင်းရှိပြီး အိမ်သာ ၁၇ ခန်းနှင့် ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ပဉ္စမတန်းမှ အဋ္ဌမတန်းထိ ကျောင်းသား ၃၃၈ ဦး၊ မူလတန်းအဆင့် သူငယ်တန်းမှစတုတ္ထတန်းအထိ ကျောင်းသား ၃၂၀ ဦး၊ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် သူငယ်တန်းမှဒသမတန်းထိ ကျောင်းသားဦးရေစုစုပေါင်း ၈၅၀ ဦး ရှိ၍ အနီးရွာချင်းဆက်ကွင်းကျေးရွာများမှ လာရောက်ပညာသင်ကြားကြသည်‌့ ကျောင်းသားများ အတွက် အလှမ်းဝေးသော မုဒုံမြို့သို့ သွားရောက် ပညာသင်ကြားရေး များစွာခက်ခဲနေပါ၍ လက်ရှိ ကော့ပရံကျေးရွာ အ.ထ.အ (ခွဲ)ကျောင်းကို အ.ထ.က ကျောင်းအဖြစ်သို့ တိုးမြှင့်ချမှတ်ပေးပါရန် အမှန် တကယ်လိုအပ်နေပါသဖြင့် မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဖြစ်သို့ အဆင့်တိုးမြှင့် ဆောင်ရွက်ပေးပါရန် အစီအစဉ်ရှိ/မရှိ ကိုသိလို ပါကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

၂၀၁၆-၁၇ ပညာသင်နှစ်တွင် ကျောင်းအဆင့်တိုးရာတွင် သတ်မှတ်မူများနှင့်ကိုက်ညီသည့် အခြေခံပညာ ကျောင်းပေါင်း ၉၃၇ ကျောင်း ကိုက်ညီရန်လိုအပ်ချက် ရှိသော်လည်း ဖြေလျှော့ပြီးအဆင့်တိုးမြှင့်ခဲ့သည့် အခြေခံပညာ‌ကျောင်းပေါင်း ၂၃၇၅ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၃၃၁၇ ကျောင်းကို အဆင့်တိုးမြှင့်ဆောင်ရွက်ခဲ့ပါကြောင်း ၊ မုဒုံမြို့နယ်မှ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) နှစ်ကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တစ်ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း သုံးကျောင်း အဆင့်တိုးမြှင့်ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီး ဌာနအနေဖြင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ အခြေခံပညာအထက်တန်းကျောင်း ခွင့်ပြုချက် (Sanction) ရရှိအဆင့်တိုးမြှင့်နိုင်ရန် သတ်မှတ်ချက်မူပိုင် အထက်တန်းအဆင့်သင်ကျောင်းသား ကျောင်းသူပေါင်း ၂၀၀ ဦးရှိရန်ဖြစ်ကြောင်း၊ မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကော့ပရံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၏ သက်တမ်းမှာ ခုနစ်နှစ်ခွဲရှိပြီး စုစုပေါင်း အထက်တန်းဆင့်သင်ပေါင်း ကျောင်းသားကျောင်းသူ ၁၉၂ ဦးရှိသဖြင့်  အခြေခံပညာ အထက်တန်း ကျောင်း (ခွဲ) အဆင့်ကို ရရှိပြီး ဖြစ်သည့်အတွက် အခြေခံပညာအထက်တန်းပညာကိုလည်း သင်ယူနိုင်သော အခွင့်အလမ်းရှိပါကြောင်း၊  

မွန်ပြည်နည်၊ ကော့ပရံကျေးရွာအခြေခံပညာအထက်တန်း ကျောင်း(ခွဲ)တွင် အထက်တန်းအဆင့်သင် ကျောင်းသားကျောင်းသူ ၁၉၂ ဦးရှိသည့်အတွက် သတ်မှတ်မူနှင့် ကိုက်ညီရန် လိုအပ်သေးသော်လည်း ဖြေလျှော့ပြီး ဆောင်ရွက်၍ရပါကြောင်း၊  သို့သော် စိစစ်သည့်နေရာတွင် ပင်မကျောင်းနှင့်အကွာအဝေး သွားလာရေးခက်ခဲမှု၊ ကျေးရွာအုပ်စုတည်ရှိမှုအခြေအနေအရ သင်ယူ မှုအခွင့်အလမ်းများ ပိုမိုရရှိစေရန် အဆင့်တိုးမြှင့် ဆောင်ရွက်ရပါကြောင်း၊ Sanction ပေးပြီးတာနှင့်တစ်ပြိုင်တည်း လိုအပ်သည့်စာသင်ဆောင်၊ သင်ကြားရေးဆရာ၊ သင်ထောက်ကူပစ္စည်းများ ဘဏ္ဍာငွေထည့်သွင်းတွက်ချက်ရန် လိုပါကြောင်း၊

ထို့ကြောင့် ကော့ပရံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်း ကျောင်းအဖြစ် အဆင့်တိုးမြှင့်နိုင်ရန်အတွက် သတ်မှတ်မူများကို ဖြေလျှော့ပြီး ဆောင်ရွက်ပေးပါက ဒေသတွင်း ကျောင်းနေအရွယ်ကလေးငယ်တိုင်း ကျောင်းအပ်နှံရေး ပူးပေါင်းဆောင်ရွက်ပေးရန်လိုပါကြောင်း၊  ဒေသတွင်းရှိ ဆရာဆရာမများမှလည်း အတန်းတွင်းရှိ ကျောင်းသားကျောင်းသူများ သင်ယူတက်မြောက်မှုအတွက် ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ ကျောင်းသားကျောင်းသူများ မှလည်း အိမ်စာမှန်မှန်လုပ်ခြင်း၊ သင်ခန်းစာများ လေ့လာကျက်မှတ်ခြင်း၊ ကျောင်းသန့်ရှင်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများစသည်တို့တွင် ပူးပေါင်းဆောင်ရွက်ရန် လိုပါကြောင်း၊ ကျောင်းအဆင့် တိုးမြှင့်လိုက်သဖြင့် ရရှိမည့်ကျောင်းထောက်ပံ့ရေး၊ မိဘဆရာအသင်း၊ မိဘ အုပ်ထိန်းသူ၊ ရပ်မိရပ်ဖ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ၊ တိုင်းဒေသကြီး /ပြည်နယ်အစိုးရ အဖွဲ့များမှပါ ပူးပေါင်း ဆောင်ရွက်ပေးမည်ဆိုပါက အဆင့်တိုးမြှင့်ရန် စီစဉ်ပေးနိုင်ပါကြောင်းနှင့် ခွင့်ပြုချက်ဘဏ္ဍာရေး ရမှသာ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြား ခဲ့ပါသည်။