လှိုင်မြို့နယ်တွင် အဓိကရေနုတ်ပေးသည့် ချောင်းသုံးချောင်းရှိပါကြောင်း၊ လှိုင်မြစ်ထဲကို ၎င်းချောင်း သုံးချောင်းလုံး စီးဝင်ပါကြောင်း၊ ယခုအခါ ရပ်ကွက်ရှိ ရေစုကန်များကို မြေဖို့ပြီး အဆောက်အဦများ ဆောက်ပါကြောင်း၊ လူနေရပ်ကွက်များတွင် ကန်ထရိုက်အဆောက်အဦများဆောက်ခြင်း၊ ကွန်ကရစ်များ အပြည့်ခင်းသည့်အတွက် မြေထဲကို မြေအောက်ရေအဖြစ် စိမ့်ဝင်ခြင်းမရှိဘဲ ချောင်းထဲသို့ ရေပမာဏများစွာ စီးဝင်နေပါကြောင်း၊ စည်းကမ်းမဲ့အမှိုက်များ ပစ်သည့်အတွက် ပိတ်ဆို့မှုများလည်း ရှိပါကြောင်း၊ ချောင်းဧရိယာကို အဆောက်အဦများ ကျူးကျော်ဆောက်ခြင်း၊ ချောင်းမြေကို ဂရန်များထုတ်ပေးသည့်အတွက် ချောင်းဧရိယာသည် တချို့နေရာများတွင် ၄ ပေ၊ ၅ ပေလောက်သာ ရှိပါကြောင်း၊ ထို့အတွက် ၎င်းချောင်း ၃ ချောင်းတိမ်ကော ပပျောက်သွားပါက ရေစီးရေလာ မကောင်းတော့ဘဲ လှိုင်မြို့နယ်နှင့် ဆက်စပ်မြို့နယ်များတွင် ရေကြီးရေလျှံမှုများ နှစ်စဉ်ကြုံတွေ့လာနိုင်ပါ ကြောင်း၊ ထို့ကြောင့် ၎င်းချောင်းကို ချောင်းဧရိယာ ပြန်လည်သတ်မှတ်ရန်လိုပါကြောင်း၊ ချောင်းထဲတွင် ပိတ်ဆို့နေသည့်အမှိုက်များ၊ နုန်းများ၊ မြေစာများကို တူးရန် MPPS ဝင်ရန်အတွက် ရေပြင်ဧရိယာသည် အနည်းဆုံး ပေ ၂၀ လောက် လိုအပ်ပါကြောင်း၊ တူးဖော်ရရှိသည့်အမှိုက်များ၊ နုန်းများ၊ မြေစာများကို သယ်ထုတ်ရန်အတွက် ချောင်းကမ်းပါးမှ ယာဉ်အဝင်/အထွက်လုပ်နိုင်အောင် ပေ ၂၀ လောက်ကျယ်ရန်လိုပါကြောင်း၊ MPPS နှင့်တူးပြီး မြေစာများ၊ အမှိုက်များဆယ်ပြီး ဆောင်ရွက်မှသာ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ ယခုအခါ ယာဉ်များဝင်၍ မရသည့် အတွက် လူအင်အားနှင့်ဆောင်ရွက် ရသည့်အတွက် အလုပ်မတွင် ကျယ်ပါကြောင်း၊ ထို့ကြောင့် လှိုင်မြို့နယ်အတွင်းရှိ သမိုင်းချောင်း၊ ပိတောက်ချောင်း၊ ကမာရွတ်ချောင်း ချောင်းသုံးချောင်းကို ချောင်းဧရိယာ ပြန်လည်သတ်မှတ်တိုင်းတာရန်၊ အမှတ်အသားတိုင်များ စိုက်ထူ၍ ပြန်လည်တူးဖော်ရန်နှင့် စဉ်ဆက်မပြတ်ထိန်းသိမ်းဆောင်ရွက်နိုင် အစီအစဉ်ရှိမရှိ မေးမြန်းပါသည်။
သမိုင်းချောင်းသည် ကုန်းမြင့်သာ၊ မရမ်းကုန်းမြို့နယ်မှ စတင်စီးဆင်းပြီး မင်းဓမ္မလမ်း၊ အင်းစိန်လမ်း၊ ဘုရင့်နောင်လမ်း၊ ဗဟိုလမ်း၊ ဘုရင့်နောင်လမ်းတို့ကိုဖြတ်ပြီး လှိုင်မြစ်ထဲသို့ဝင်ရောက်ပါကြောင်း၊ အမှတ်(၁၂)ရပ်ကွက်၊ လှိုင် (၁၆) ရပ်ကွက်၊ (၁၅)ရပ်ကွက်တို့ကို ဖြတ်သန်းလာပြီး ခန့်မှန်းတိုင်းတာမှုအရ ချောင်းအရှည် ပေ ၁၃၈၀၀ ဖြစ်ပါကြောင်း၊ (၁၂)ရပ်ကွက်အပိုင်းတွင် သမိုင်းချောင်း နှင့်နီးသည့် စက်မှုဝန်ကြီးဌာနပိုင်မြေ မာလာရုံလမ်းချောင်းဘေး တစ်လျှောက်နေရာတွင် ၁၉၇၈ ခုနှစ်ကတည်းမှ ကျူးကျော်အဖြစ် သတ်မှတ်ထားသည့် အိမ်ခြေ ၃၅ လုံးရှိပြီး ကျူးကျော်များမတိုးရေးအတွက် ထိန်းသိမ်းထားရှိသည့် အခြေအနေဖြစ်ပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)၊ မရမ်းကုန်းမြို့နယ်နှင့်လှိုင်မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးရုံး မှ လူအင်အားဖြင့် နှစ်စဉ်ရှင်းလင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊
ပိတောက်ချောင်းသည် အမှတ်(၁၃) ရပ်ကွက်၊ ပန်းခြံကျောင်းလမ်း လှိုင်ယာဉ်ရောင်းစခန်းဝင်းမှ အမှတ်(၁၃)၊ (၅)၊ (၄) ရပ်ကွက်တို့ကိုဖြတ်ပြီး လှိုင်မြစ်အထိစီးဆင်းကာ ခန့်မှန်းတိုင်းတာမှုအရ ပေ ၅၇၀၀ ဖြစ်ပါကြောင်း၊ အမှတ်(၁၃)ရပ်ကွက် အပိုင်း ပေါင်းစည်းလမ်းနှင့်ဆက်စပ်တည်ရှိသည့် အိမ်ခြေ ၂၃ လုံးနှင့် ဘုန်းကြီးကျောင်းတစ်ကျောင်း တို့သည် ချောင်းနယ်နိမိတ်နှင့် နီးကပ်စွာတည်ရှိနေသည့် အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင် နီယာဌာန (လမ်းနှင့်တံတား) မှ ချောင်းမြေထိန်းနံရံ တည်ဆောက်စဉ်မှာ ပဏ္ဍိတရာမဘုန်းကြီး ကျောင်း ၏ ချောင်းနယ်နိမိတ် ရေစီးဆင်းနိုင်မှု အခြေအနေသည် ၃ ပေအကျယ်ခန့်သာရှိသည့် အတွက် ချောင်းနယ်နိမိတ်ကို တိုင်းတာရန် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ကွင်းဆင်းစစ်ဆေးပြီး မြို့ကွက်မြေပုံ(Block Map)တွင် ပိတောက်ချောင်း တည်ရှိနေရာအားဖော်ပြ ပါဝင်ခြင်းမရှိသော်လည်း မြေပြင်တွင် ချောင်းအဖြစ်စီးဆင်းနေသည့် အတွက် ချောင်းအကျယ် တိုင်းတာသတ်မှတ်၍မရသေးသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ မြေထိန်းနံရံ တည်ဆောက်ခြင်း၊ နှစ်စဉ်စက်ယန္တရား/ လူအင်အားတို့ဖြင့် ရေစီးရေလာ ကောင်းမွန်ရေးတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊
ကမာရွတ်ချောင်းသည် အင်းလျားကန် တံတားဖြူမှ စတင်စီးဆင်းလာပြီး ကမာရွတ်မြို့နယ်နှင့် လှိုင်မြို့နယ် တို့ကိုဖြတ်သန်းပြီး စီးဆင်းလာခြင်းဖြစ်ပါကြောင်း၊ လှိုင်မြို့နယ် အမှတ်(၁၀)၊ အမှတ်(၉)၊ အမှတ်(၁)၊ (၂)ရပ်ကွက်တို့ကို စီးဆင်းပြီး ခန့်မှန်းတိုင်းတာမှု အရ ချောင်းအရှည်သည် ပေ ၈၅၀၀ ခန့်ရှိပါကြောင်း၊ စက်မှု(၁)ဆပ်ပြာစက်ရုံအနီးရှိ ဓာတုဗေဒလမ်းနှင့် လှိုင်မြစ်လမ်းထိပ်ဝ၊ ကမာရွတ် ချောင်းဘေး ခြေတံရှည်အိမ်နှင့် ကျူးကျော်မှုအခြေအနေကို စိစစ်သည့်အခါ မြေပိုင်အမျိုးအစား ဖြစ်နေပြီး ယုဇနကုမ္ပဏီက ဝယ်ယူထားသည့် မြေအတွင်းမှာဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ရေစီးရေလာကောင်းမွန်ရေးကို နှစ်စဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၎င်းချောင်းများသည် ရေကြောင်းသွားလာရေးအတွက် အသုံးပြုနိုင်သည့် ချောင်းများ မဟုတ်သည့်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှနေပြီး ရေဆိုးထုတ်မြောင်း အဖြစ်သာ အသုံးပြုနေသည့် ချောင်းများဖြစ်သည့်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကနေပြီး ချောင်းမြေဧရိယာ သတ်မှတ်ခြင်း၊ အမှတ်အသား စိုက်ထူခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊
ချောင်းများတွင် ချောင်းမြေကျူးကျော်မှု ထပ်မံမဖြစ်ပေါ်စေရေး စဉ်ဆက်မပြတ်စစ်ဆေးကြပ်မတ်ခြင်း၊ ချောင်းပြန်လည်တူးဖော်ခြင်း တို့ကိုလည်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ နှစ်စဉ် ဆောင်ရွက်လျက်ရှိကြောင်း၊၂၀၁၇ ခုနှစ် ပွင့်လင်းရာသီကာလအတွင်း ရေစီးရေလာကောင်းမွန်စေရေး တူးဖော်ရှင်းလင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ငမိုးရိပ်ချောင်း၊ တွံတေးတူးမြောင်း၊ ပဲခူးမြစ် ၊ ကုက္ကိုလ်ဝမြစ်၊ မှော်ဝန်းချောင်း တို့ကို မြစ်ကြောင်းပြုပြင်ထိန်းသိမ်းရေး အစီအမံများရေးဆွဲထားပြီး နှစ်စဉ်ရန်ပုံငွေရရှိမှုအပေါ် မူတည်ပြီး ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
