မိမိတို့မြို့နယ်သည် လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး အစစအရာရာတွင်ခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှုနောက်အကျဆုံးမြို့နယ်ဖြစ်ပါကြောင်း၊ နန်းယွန်းမြို့နယ်သည် မြို့သုံးမြို့နှင့်ဖွဲ့စည်း ထားခြင်းဖြစ်ပါကြောင်း၊ မြို့နယ်ဆေးရုံမှာဖွဲ့စည်းပုံအရ ခွင့်ပြုအင်အား ၅၅ ဦးဖြစ်ပါကြောင်း၊ ပန်ဆောင်တိုက်နယ်ဆေးရုံတွင် ခွင့်ပြု ၁၄ ဦး၊ လက်ရှိတာဝန်ထမ်းဆောင်နေသည် ဝန်ထမ်းကိုးဦး၊ ဒုံးဟီး တိုက်နယ်ဆေးရုံမှာ ခွင့်ပြုအင်အား ၁၇ ဦး၊ လက်ရှိ ဆရာဝန်တစ်ဦးနှင့် သူနာပြုတစ်ဦး စုစုပေါင်း နှစ်ဦးသာရှိပါကြောင်း၊ ထို့ကြောင့် မြို့နယ်တိုက်နယ်ဆေးရုံများတွင် ဝန်ထမ်းအပြည့် ချထားပေးရန် တင်ပြရခြင်းဖြစ်ပါကြောင်း၊ တပ်မတော်ကုသရေးဆရာဝန်များမှ ပူးပေါင်းပါဝင်ကူညီပေး သည့်အတွက် ဒေသအတွက်များစွာ အထောက်အကူပြုပါကြောင်း၊ မိမိတို့မြို့နယ်တွင် ကျန်းမာရေး ဝန်ထမ်းများ၊ ဆေးနှင့်ဆေးရုံသုံးပစ္စည်းကိရိယာများ လုံလောက်စွာမရှိသည့် အတွက် ဆရာ/ ဆရာမ များ နှင့် ဒေသခံများအတွက် အခက်အခဲများစွာတွေ့ရပါကြောင်း၊ တစ်မြို့နယ်လုံးရှိ ကျေးရွာပေါင်း ၁၀၀ ကျော်တွင် ကျေးလက်ကျန်းမာရေးဌာနငါးခုသာရှိပြီး ကျန်းမာရေးဝန်ထမ်းများ စုံလင်စွာ မရှိပါ ကြောင်း၊ တစ်ရွာနှင့်တစ်ရွာအလှမ်းကွာဝေးသည့်အတွက် ဒေသခံများအတွက် အများကြီးနစ်နာ ဆုံးရှုံးမှုများရှိပါကြောင်း၊ ထို့ကြောင့် မြို့နယ်တိုက်နယ်ဆေးရုံများနှင့် ကျေးရွာအုပ်စုများတွင် ကျန်းမာရေးဝန်ထမ်းတွေ အပြည့်အဝခန့်ထားပေးပြီး ဆေးနှင့် ဆေးကိရိယာများ အပြည့်အဝ ချထားပေးရန် နှင့် မြို့နှင့်အလှမ်း ဝေးကွာပြီး အမှန်တကယ်လိုအပ်လျက်ရှိသည့် တံခါး၊ နားလုံ၊ ဟတ်ရှိန်၊ နုလုံ၊ လုံလောင် ကျန်းမာရေး ဌာနခွဲတွေကို ကျန်းမာရေးဌာနအဆင့် ကတ်ဆန်၊ ကားလန်၊ ဆန်ကီး၊ လုံလောင်၊ နုလုံ၊ ဝန်ထုတ် စသည့်ကျေးရွာများကို ကျန်းမာရေးဌာနခွဲအဖြစ် ထပ်မံတိုးချဲ့ ဆောင်ရွက်ပေးရန်တင်ပြလိုပါကြောင်း၊ ထို့ကြောင့် မိမိသိလိုသည်မှာ မြို့နယ်နှင့်တိုက်နယ် ဆေးရုံ ကျန်းမာရေးဌာန၊ ဌာနခွဲများ၌ မရှိမဖြစ်လိုအပ်နေသည့် ဆေးနှင့်ဆေးကိရိယာများ အပြည့်အဝရရှိရန် ဝန်ကြီးဌာနအနေဖြင့် မည်ကဲ့သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်းနှင့် လစ်လပ်လျက်ရှိ သော ဆေးရုံ၊ ဆေးပေးခန်း များတွင် ကျန်းမာရေးဝန်ထမ်းများ အပြည့်အဝ ခန့်ထားပေးနိုင်ရေး အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်၍ မရှိမဖြစ်လိုအပ် လျက်ရှိသော ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများနှင့်ကျေးလက်ဆေးပေးခန်းများ တိုးချဲ့ဆောင် ရွက် ပေးမည့်အစီအစဉ်ရှိ/မရှိ တို့ကိုသိလိုပါကြောင်းမေးမြန်းခဲ့ပါသည်။
နန်းယွန်းမြို့နယ်ဆေးရုံနှင့် ဒုံးဟီးတိုက်နယ်ဆေးရုံ၊ ပန်ဆောင်တိုက်နယ်ဆေးရုံများ၏ ဝန်ထမ်းအင်အား အသေးစိတ်ကို လေ့လာသည့်အခါ မြို့နယ်ဆေးရုံတွင် ၅၅ ယောက်ရှိသည့် အနက် ၁၀ ယောက်၊ တိုက်နယ်ဆေးရုံတွင် နှစ်ယောက် ၊ ပန်ဆောင်တွင်လည်း လေးယောက်သာရှိပါကြောင်း၊ လိုအပ်သည့် သူနာပြုများခန့်ထားရန်အတွက် ဒီဇင်ဘာလ ၂ ရက်နေ့တွင် သူနာပြု ၁၂၉၀ ဦး ခန့်ပြီး သက်ဆိုင်ရာ တိုင်းဦးစီးမှူး၊ ပြည်နယ်ဦးစီးမှူးကို ချက်ချင်းအကြောင်းအကြားပြီး ဆေးရုံကြီးများတွင် လိုအပ်နေသော သူနာပြုဆရာ/ဆရာမများ ခန့်ထားပေးပါကြောင်း၊ ခန့်အပ်လိုက်သည့် သူနာပြုများ ထဲမှ နန်းယွန်းနှင့် ဒုံဟီး၊ ပန်ဆောင်တွင် တာဝန်ချထားရန် မိမိတို့ အကြောင်းကြားထားပါကြောင်း၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် မည့် လုပ်ငန်းစီမံချက်ကို အသေးစိတ်ရေးထားပါကြောင်း၊ အခြေခံကျန်းမာရေး ဝန်ထမ်း များ ခန့်ထားမှုအခြေအနေတွင် ခွင့်ပြု ၇၈ ဦး နှင့် ၃၁ ဦး ခန့်ထားနိုင်သဖြင့် ရာခိုင်နှုန်း အားဖြင့် ၃၉ ရာခိုင်နှုန်းသာ မိမိတို့ခန့်ထားနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ၂၀၁၆-၁၇နှစ် ဘဏ္ဍာနှစ်တွင် စက်တင်ဘာလမှ စပြီး ကျန်းမာရေးမှူးတစ်ဦး၊ သားဖွားဆရာမ ၂ ဦး၊ ကြီးကြပ်ရေးမှူး ၂၈ ဦး စုစုပေါင်း ၅၆ ဦးအပြင် ဆရာဝန်များကို လုပ်ငန်း လိုအပ်ချက်အရ ခြောက်လတစ်ကြိမ် အလှည့်ကျ စစ်ကိုင်းဒေသကြီးမှ စေလွှတ်ပေးလျက်ရှိပါကြောင်း၊ ခြောက်လတစ်ကြိမ်ဝန်ထမ်းများ၏ လစာစရိတ်၊ ခရီးစရိတ်၊ နေ့တွက်စရိတ်၊ အပို ထပ်ဆောင်းငွေ များကို ကမ္ဘာ့ဘဏ်မှရရှိသည့် ချေးငွေ ကျပ် ၁၂၃.၈၅ သန်း မှ ကျခံလျက်ရှိပါကြောင်း၊
နန်းယွန်းတွင် အရှိန်အဟုန်မြှင့်ဆောက်ရန်အတွက် ယခုစာတမ်းကို သမ္မတရုံးကို အသိပေးဆက်လက် ဆောင်ရွက်နေပါကြောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တွင် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို အထူးဦးစားပေး ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန မှ ကြီးကြပ်ပြီး ငါးနှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်မိခင် များ ကာကွယ်ရေးဆေးထိုးလုပ်ငန်းကို EPI Crash Program အနေဖြင့် ၁၂.၁၁ .၂၀၁၆ ရက်နေ့တွင် ပထမတစ်ကြိမ် ၊ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဒုတိယအကြိမ် ၊ ၁၂.၁.၂၀၁၇ ရက်နေ့တွင် တတိယ အကြိမ် ထိုးပေးမည်ဖြစ်ပါကြောင်း၊ ကာကွယ်ဆေးထိုးပြီးပါက ရောဂါ ၁၀ မျိုးကို ကာကွယ်နိုင် မည်ဖြစ်ပါကြောင်း၊ ထို့ပြင် ကလေးများ၏ Nutrient Tablet များကိုလည်း မိမိတို့က Special အနေဖြင့် ကျန်းမာရေး အဆင့်အတန်းမြှင့်ရန် ပြုလုပ်ထားပါကြောင်း၊ မိမိအနေဖြင့် ယခုကိစ္စ အားလုံး ကို အထူးကိစ္စတစ်ရပ်အနေဖြင့် ဆက်လက်ပြီး ဆောင်ရွက်မည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
