၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မူဝါဒမှာ သက္ကရာဇ် ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် လူတိုင်းလက်လှမ်းမီ လွှမ်းခြုံနိုင်သည့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးနှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးတို့ ဖော်ပြထားပြီး ရည်မှန်းချက်အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုအား ဆင်းရဲချမ်းသာမရွေး၊ ကျေးလက်ဒေသ အောက်ခြေအထိ ပြည်သူလူထု အားလုံးလွှမ်းခြုံနိုင်ရန်ဆိုသည့် အချက်များကို မိမိအနေဖြင့် ကြိုဆိုထောက်ခံပါကြောင်း၊
မိမိတို့ မြန်မာနိုင်ငံတွင် လူဦးရေ ၅၁.၂ သန်းရှိသည့်အနက် ကျေးလက်ဒေသများမှာ ၃၅.၃ သန်း နေထိုင်လျက်ရှိရာ ၇၀.၄ ရာခိုင်နှုန်းသည် ကျေးလက်ဒေသနေ ပြည်သူများ ဖြစ်ကြပါကြောင်း၊ ကျေးလက်ဒေသအများစုသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲမှု၊ ကျန်းမာရေးဝန်ထမ်းနည်းပါးမှုနှင့် ပြည်သူများ ကျန်းမာရေးဗဟုသုတ နည်းပါးမှုတို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ မျှော်မှန်းသလောက် ခရီးမပေါက်ခဲ့သည်ကိုလည်း တွေ့ရှိနေရပါကြောင်း၊
ရသေ့တောင်မြို့နယ်တွင် ကျေးရွာအုပ်စု ၉၂ အုပ်စု၊ ကျေးရွာပေါင်း ၁၅၆ ရွာ၊ လူဦးရေစုစုပေါင်း ၁၅၀၀၀၀ ကျော် ရှိပါကြောင်း၊ ကျေးရွာအုပ်စု တစ်အုပ်စုကို ကျေးရွာ ၃ ရွာ၊ ၄ ရွာဖြင့် ဖွဲ့စည်းထားပါကြောင်း၊ ၎င်းကျေးရွာအုပ်စု တစ်အုပ်စုတွင် သားဖွားဆရာမတစ်ဦးသာရှိပြီး တချို့ကျေးရွာအုပ်စုများတွင် လုံးဝမရှိပါကြောင်း၊ ၎င်းကျေးရွာအုပ်စုများသည် တစ်ရွာနှင့်တစ်ရွာ ခန့်မှန်းခြေ ၂ မိုင်၊ ၃ မိုင်ခန့် ကွာဝေးလှပါကြောင်း၊ ထို့အပြင် ရေလမ်းခရီးကိုသာ အဓိကထားပြီး သွားလာနေရသည့်အတွက် သွားလာရေးခက်ခဲမှုများကို ရင်ဆိုင်ကြုံတွေ့နေကြရသည့်ကျေးရွာများ များစွာရှိနေသေးပါကြောင်း၊ အထူးသဖြင့် ကျေးလက်နေကိုယ်ဝန်ဆောင်မိခင်များသည် ကျန်းမာရေးဗဟုသုတနည်းပါးမှုတို့ကြောင့် သွေးသွန်ခြင်းများ၊ ကိုယ်ဝန်အဆိပ်တက်ခြင်းများ၊ ကလေးမွေးဖွားရာတွင်လည်း ကျေးရွာနေလက်သည်များကိုသာ အားကိုးနေရခြင်းတို့ကြောင့် မသေဆုံးသင့်ဘဲ သေဆုံးသွားကြရသည်ကိုလည်း ကြားသိနေရပါကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများက မိမိတို့၏ ကျေးရွာများတွင် သားဖွားဆရာမ တစ်ဦးစီ ခန့်ထားပေးနိုင်ရေးအတွက် ကျန်းမာရေးဌာနအား တင်ပြပေးပါရန် တောင်းဆိုမှုများ ရှိနေကြပါကြောင်း၊ ထိုကဲ့သို့ သားဖွားဆရာမတစ်ဦးစီကို ခန့်ပေးလိုက်ခြင်းအားဖြင့် ကျေးလက်နေပြည်သူများကို ကျန်းမာရေးဗဟုသုတများ တိုးပွားစေပြီး မြို့ပြနှင့် ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှု ကွာဟချက်များကိုလည်း ကျဉ်းမြောင်းသွားစေမည်ဖြစ်ပါကြောင်း၊
မိမိတို့၏ ပြည်နယ်များတွင် နေထိုင်သော ဒေသခံများကို သားဖွားသင်တန်းတက်ရောက်ရန်အတွက် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများကို ဦးစားပေးရွေးချယ် သင်တန်းပေးလိုက်ခြင်းအားဖြင့် မိမိဒေသ၏ အကျိုးကို ပိုမိုဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအတွင်း မြို့ပြနှင့် ကျေးလက်ကျန်းမာရေးစောင့်ရှောက်မှု၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများမရှိသည့် သင့်လျော်သည့်ကျေးရွာတိုင်းတွင် သားဖွားဆရာမတစ်ဦးကို ခန့်အပ်တာဝန်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဒေသခံမိန်းကလေးများအား ရွေးချယ်သင်တန်းပေး၍ မိမိဒေသ၌ ပြန်လည်ခန့်အပ်တာဝန်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။
ကိုယ်စားလှယ်တော်ကြီး ပြောကြားသည့် အချက်အလက်များအားလုံးမှာ အမှန်တရားများဖြစ်ပြီး မိမိ ထောက်ခံပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲမရှိသေးသည့် သင့်တော်သော ကျေးရွာတိုင်း၌ သားဖွားဆရာမတစ်ဦး ခန့်အပ်နိုင်ရန်ကိစ္စနှင့်ပတ်သက်ပြီး ပြည်သူ့ကျန်းမာရေး တိုးတက်မှုရှုထောင့်မှ အလွန်ကောင်းသော အကြံပြုချက်ဖြစ်ပါကြောင်း၊ သို့သော် မြန်မာနိုင်ငံ၌ ကျေးရွာပေါင်း ၆၃၉၃၈ ရှိပြီး နောက်ဆုံးစာရင်း ဇယားအရ ၇၀၀၀၀ ကျော်ကျော် ဖြစ်သွားပါကြောင်း၊ မိမိတို့ ကျန်းမာရေးဌာနတွင် Rural Health Center ကျေးလက်ကျန်းမာရေးဌာနပေါင်း ၁၇၇၈ ရှိပါကြောင်း၊ အမည်ဖောက်နိုင်သော ဌာနခွဲပေါင်း Sub-Center ၈၂၆၂ ခုရှိပါကြောင်း၊ ဤဌာနခွဲတစ်ခုစီ၌ သားဖွားဆရာမတစ်ယောက်စီ ရှိကိုရှိရမည်ဖြစ်ပါကြောင်း၊ အကုန်လုံး လောလောဆယ်မရှိသေးပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှာ ခန့်ထားသော သားဖွားဆရာမစုစုပေါင်း ၁၂၂၉၅ ဦးရှိပါကြောင်း၊ ၎င်းတို့သည်မှာ တချို့သည် ဒေသန္တရကျန်းမာရေးဌာနတွင် လုပ်ပါကြောင်း၊ တချို့သည် မြို့နယ်ကျန်းမာရေး ဌာနများတွင် လုပ်ပါကြောင်း၊ တချို့သည် မိခင်နှင့် ကလေးကျန်းမာရေးဌာနတွင် လုပ်ပါကြောင်း၊ ကျန်သော သားဖွား ဆရာမများကသာလျှင် ကျေးလက်ကျန်းမာရေးဌာနခွဲ (Rural Health Center) တွင် တာဝန်ထမ်းဆောင်ပါကြောင်း၊ ထို့ကြောင့် Rural Health Center တွင် ၉၀၀၀ ကျော် တာဝန်ထမ်းဆောင်ပါကြောင်း၊ မပြည့်သေးပါကြောင်း၊
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနများက ကျေးလက်ကျန်းမာရေးဌာနခွဲ၊ ကျေးလက်ကျန်းမာရေးဌာနတွင်ရှိသော လိုအပ်သည့်သားဖွားဆရာမများကို ဦးစားပေးပြီး စလုပ်နေပါကြောင်း၊ ယင်းတို့ ပြည့်ပြီးမှသာလျှင် ကိုယ်စားလှယ်တော်ကြီး တင်ပြသည့်အတိုင်း ရွာများတွင် ပြုလုပ်နိုင်မည်ဖြစ်ပါကြောင်း၊ သို့သော်လည်း မိမိတို့က ယခုအတိုင်း သားဖွားဆရာမကို ရွာတွင်လွှတ်မည်ဆိုပါက သူ့အတွက် နေအိမ်၊ ဆေး၊ ပစ္စည်းကိရိယာများ ပြုလုပ်ပေးရသည့်အတွက် ၆၃ သန်းခန့် ကုန်ပါကြောင်း၊ သားဖွားဆရာမသည် ကာကွယ်ဆေးထိုးသည့်နေရာ၊ ပညာပေးသည့်နေရာ၊ စာရင်းဇယားလုပ်သည့်နေရာ အားလုံးပါဝင်ရသဖြင့် အဓိက ကျောရိုးဖြစ်ပါကြောင်း၊ သားဖွားဆရာမ တော်မှသာလျှင် သူတို့နေရာတိုင်းတွင် ရှိမှသာလျှင် မိမိတို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ပီပြင်မည်ဖြစ်သည်ကို သိရှိသည့်အတွက် ယင်းတို့ကို သင်တန်းပေးသည်ကအစ အားလုံးပြုလုပ်ပေးပြီး အများကြီး ပံ့ပိုးပေးနေပါကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်ကြီးတင်ပြသည့်အတိုင်း သင့်တော်သောကျေးရွာကို အကုန်မယူသေးပါကြောင်း၊ ကိုယ်စားလှယ်ကြီးတင်ပြသည့်အထဲက ၃၀ ရာခိုင်နှုန်းသော ရွာများတွင် တစ်ယောက်ခန့်မည်ဆိုပါက စုစုပေါင်း သားဖွားဆရာမ နောက်ထပ် ၂၀၀၀၀ ထပ်လိုမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် သားဖွားနှင့် သားဖွားသင်တန်းကျောင်းပေါင်း ၂၂ ကျောင်း ရှိပါကြောင်း၊ သားဖွားဆရာမတစ်ယောက် ဖြစ်ရန် ၁၈ လ လိုပါကြောင်း၊ ယခုအချိန်တွင် ၎င်းတို့ကို ဒီပလိုမာ ပေးမည်ဖြစ်သည့်အတွက် ၂၄ လဖြစ်သွားပါကြောင်း၊ ထို့ကြောင့် ၂၀၁၇ ခုနှစ်တွင် သားဖွားဆရာမတွေ ၁၃၈၇ ယောက် ထွက်လာမည်ဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်တွင် ၁၂၃၇ ယောက်၊ ယင်းနှုန်းအတိုင်း သွားမည်ဆိုပါက အကုန်လုံးကို၊ ရွာတိုင်းရွာတိုင်းတွင် မဖြစ်နိုင်သေးပါကြောင်း၊ ကျေးရွာအားလုံးဖြစ်ရန် နောက်ထပ်အနည်းဆုံး ၁၅ နှစ်ခန့် ကြာမည်ဖြစ်ပါကြောင်း၊ သို့သော် မိမိတို့အနေဖြင့် ၁၅ နှစ်အထိ မစောင့်ဘဲ ဖြစ်နိုင်သမျှ သူတို့ကို သင်တန်းများပေးကာ တာဝန်ကျရွာအပြင် အခြားရွာများကိုလည်း ကြည့်စေရန် စီစဉ်ပေးမည်ဖြစ်ပါကြောင်း၊ တစ်ရွာ တစ်ယောက်မှာ မဖြစ်နိုင်ပါကြောင်း၊ ယင်းတို့တွင် ပင်စင်ယူသွားမည့် သားဖွားဆရာမ၊ အလုပ်ထွက်မည့် သားဖွားဆရာမ မပါသေးပါကြောင်း၊ ၎င်းတို့ကို တွက်ပါက ဒီထက်မက ပိုကြာမည်ဖြစ်ပါကြောင်း၊ တစ်နည်းတစ်လမ်းအားဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီး တောင်းထားသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအား ကျန်းမာရေး ဝန်ဆောင်မှုပေးမှုသည် အရည်အချင်းပြည့်မီသော အခြေခံကျန်းမာရေးလုပ်သားဖြစ်သည့်အတွက် ဌာနတွင်းမွမ်းမံသင်တန်းများကိုပဲ တင်ပြထားသည့်အတိုင်း မတ်လမှစပြီးပေးတော့မည်ဖြစ်ပါကြောင်း၊
ထို့အပြင် ၁၉၅၆ ဦးကို စခန့်တော့မည်ဖြစ်ပါကြောင်း၊ သားဖွားဆရာမအားလုံးသည် ရွာများကိုသာ သွားမည်ဖြစ်ပါကြောင်း၊ Sub-Center ကိုသာ သွားမည်ဖြစ်ပါကြောင်း၊ ပိုက်ဆံလိုအပ်မည်၊ ဆေးပစ္စည်းလိုအပ်မည်ဆိုပါက အစိုးရက ပိုက်ဆံ ယနေ့ချပေးလျှင် နောက်နေ့ ဝယ်ပေး၍ ရသော်လည်း လူ့စွမ်းအားအရင်းအမြစ်သည် ချက်ချင်းထုတ်၍ မရပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်ကို အတတ်နိုင်ဆုံး ဖြည့်ဆည်းရန် ၂၀၁၇-၂၀၂၁ ခုနှစ်တွင်လည်း မိမိတို့က Human Resources For Health Plan များ လုပ်နေပြီဖြစ်ပါကြောင်း၊ ထုတ်ပေးမည်မှာ သားဖွားဆရာမ၊ Health Assistant ပြည်သူ့ကျန်းမာရေးမှူး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁) (၂) များကို ဦးစားပေး ထုတ်ပေးရန် ရှိပါကြောင်း၊ သားဖွားဆရာမတစ်ယောက်ကိုခန့်မည်ဆိုပါက ၆၇ သန်းမှ ၇၂ သန်းခန့် နိုင်ငံတော် အကုန်အကျခံရမည်ဖြစ်ပါကြောင်း၊
ဒေသခံမိန်းကလေးများကို ရွေးချယ်သင်တန်းပေး၍ မိမိဒေသ၌ ပြန်လည်ခန့်အပ်တာဝန်ပေးအပ်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး/ပြည်နယ်အလိုက် ချင်းပြည်နယ်မှလွဲ၍ သားဖွားသင်တန်း ကျောင်း ၂၂ ကျောင်းဖွင့်လှစ်ထားပြီး တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနများမှ ကြီးကြပ်၍ ဝင်ခွင့်စာမေးပွဲ (၁၀ တန်းအောင်) ဒေသအလိုက် ဒေသခံများသာ တက်ကြပါကြောင်း၊ အောင်ပါကလည်း ဒေသခံများကိုသာ အလုပ်ခန့်ထားပါကြောင်း၊ သူတို့ကို Stipend တစ်လကို ၃၀၀၀၀ ပေးပါကြောင်း၊ Stipend ၃၀၀၀၀ ထဲက စားစရိတ်ကို အနည်းငယ် ထပ်ထည့်ပါက အလကားနေပြီး သင်တန်းတက်ရပါကြောင်း၊ သားဖွားသင်တန်းနှင့် သူနာပြုသင်တန်းကျောင်း၌ မိမိတို့က သင်ရိုး ညွှန်းတမ်းများ အားလုံးပြင်နေပါကြောင်း၊ သင်ကြားမှုစနစ်လည်း ပြင်နေပြီဖြစ်ပါကြောင်း၊ ကျင့်ဝတ်များလည်း သင်ကြားပေးသည့်အတွက် သားဖွားဆရာမများသည် အရည်အချင်းပြည့်မီသော ဆရာမများဖြစ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကုသဦးစီးမှူးများကို ၎င်းကို အဓိကထားပြီး အရေးတယူဆောင်ရွက်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
