(ဆ)-ဒိုက်ဦးမြို့နယ် ၊ ဖောင်တော်သီ ကျေးရွာတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်းက ဆောက် လုပ်ရန်ခွင့်ပြုခဲ့သည့်(၁၆)ခုတင်ဆံ့တိုက်နယ်ဆေး ရုံကိုမည်သည့်ဘဏ္ဍာရေးနှစ်တွင်ပြန်လည်ဆောက် လုပ်ခွင့်ပေးမည်ကိုသိလိုခြင်း မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၉.၁၂.၂၀၁၆)

ဦးဘုန်းမြင့်အောင်(ဒိုက်ဦးမဲဆန္ဒနယ်)ဒိုက်ဦးမြို့နယ်ကို ကျေးရွာအုပ်စုပေါင်း ၅၃ အုပ်စု၊ ကျေးရွာပေါင်း ၁၈၂ ရွာဖြင့် ဖွဲ့စည်းထားပြီး မြို့နယ်၏ဧရိယာ အကျယ်အဝန်းသည် ၄၉၇.၀၃ စတုရန်းမိုင်ရှိပါကြောင်း၊ ဒိုက်ဦးမြို့နယ်တွင် ကျန်းမာရေး ဝန်ဆောင်မှုအနေဖြင့် ၅၀ ခုတင်ဆံ့မြို့နယ်ပြည်သူ့ဆေးရုံ(၁) ရုံ၊ ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံ(၃)ရုံ၊ ကျေးလက်ကျန်းမာရေးဌာန (၆)ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ (၂၈) ခုရှိပါကြောင်း၊ ဒိုက်ဦးမြို့နယ်၏တောင်ဘက် ၆ မိုင်ခန့်အကွာတွင် ရှိသည့် ဖောင်တော်သီကျေးရွာအုပ်စုသည် အိမ်ခြေပေါင်း ၂၀၀၀ ကျော်၊ အိမ်ထောင်စုပေါင်း ၂၀၄၀ ကျော်နှင့် လူဦးရေပေါင်း ၁၀၃၀၀ ကျော် နေထိုင်လျက် ရှိသော ကျေးရွာ အုပ်စုကြီး ဖြစ် ပါကြောင်း၊ ဖောင်တော်သီကျေးရွာသည် ဒိုင်နယ်အုပ်စုကြီး ဖြစ်ပြီး ဒိုင်နယ်အုပ်စုတွင် လူဦးရေပေါင်း ၄၀၀၀၀ ကျော် နေထိုင်လျက် ရှိပါကြောင်း၊ ဘေးပတ်ဝန်းကျင်တွင် လည်း ကျေးရွာအုပ်စု (၉) အုပ်စု ရှိပါကြောင်း၊

သို့ဖြစ်ပါ၍  ဒေသခံပြည်သူများ၏ ကျန်းမာရေးလိုအပ်ချက်အရ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်သို့ ဖောင်တော်သီကျေးရွာ ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံကို တင်ပြတောင်းခံခဲ့ရာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ စာအမှတ်၊ ၂၃၉၄/ပခတ-၂(ခ)/တိုက်နယ်တိုး/၂၀၁၅)၊ ရက်စွဲ၊ ၂၀၁၅ ခုနှစ်၊ မေလ ၂၉ ရက်နေ့ရက်စွဲဖြင့် မြို့နယ်ကုသရေးဦးစီးဌာန ဒိုက်ဦးမြို့သို့ ၁၆ ခုတင်ဆံ့ ဖောင်တော်သီကျေးရွာ တိုက်နယ်ဆေးရုံအသစ် တိုးချဲ့ဖွင့်လှစ်ခွင့်ရခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ရက်စွဲဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး စာအမှတ်၊ ဘဏ္ဍာရေး/၄/၁/၆(၁၈၀၀)၂၀၁၆ ဖြင့် သိန်းပေါင်း ၆၀၀၀ ‌ကျော်ကို ၂၀၁၅ ခုနှစ် ငွေလုံးငွေရင်းထဲမှ ချထားပေးခြင်း ဖြစ်ပါကြောင်း၊

 သို့သော်လည်း ၂၀၁၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် စာအမှတ်၊ ၂၁၇/လန (စ)ငွေလုံးငွေရင်း/၂၀၁၆ ဖြင့် ကျန်းမာရေးဦးစီးဌာန၊ တိုင်းဒေသကြီးရုံးသို့ စာရောက်ရှိခဲ့ပြီး ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံဆောက်လုပ်ရန် အချိန်မမီ ဖြစ်ပြီး အချိန်လုံလောက်မှုမရှိတော့ပါသဖြင့် ခွင့်ပြုဘတ်ဂျက်ငွေ သိန်း ၆၀၀၀ ကျော်ကို တိုင်းဒေသကြီးကျန်းမာရေးဦးစီး ဌာန၊ ငွေစာရင်းခေါင်းစဉ်(၃)ဖြင့် ပြန်လည်အပ်နှံခဲ့ရပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် လည်း ပြန်လည် ခွဲဝေချထား ပေးခဲ့ခြင်းမရှိပါကြောင်း၊ ထို့ကြောင့် ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီကျေးရွာ ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံကို မည်သည့် ဘဏ္ဍာရေးနှစ်တွင် ပြန်လည်ချထား၍ ပြန်လည်ဆောက်လုပ်ခွင့်ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင်‌့အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြင့်ထွေးပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီ ၁၆ ခုတင်ဆံ့တိုက်နယ်ဆေးရုံအသစ်ဆောက်လုပ်ခြင်းလုပ်ငန်းသည် ကုသရေးဦးစီးဌာနမှူး၏ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် မူလခွင့်ပြုငွေတွင် ပါဝင်ခြင်းမရှိသော လုပ်ငန်းဖြစ်ပါ၍ ရန်ပုံငွေ ခေါင်းစဉ်လွှဲပြောင်းသုံးစွဲခွင့်တင်ပြပြီး လုပ်ငန်းဆောင်ရွက်ခွင့်ပေးပါရန် စီစဉ်ခဲ့ပါကြောင်း၊ စီစဉ်သည့်အတိုင်း ရန်ပုံငွေ လွှဲပြောင်းသုံးစွဲခွင်‌့ပြုမိန့်ကို (၁၀-၃-၂၀၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၉/၂၀၁၆) ဖြင့် သဘောတူခွင့်ပြုမိန့်ရရှိခဲ့ပါကြောင်း၊ ခွင့်ပြုမိန့်ရရှိသည့်အချိန်တွင် ဘတ်ဂျက်နှစ်တွင်း ပြီးစီး အောင် ဆောင်ရွက်နိုင်ရန်  မဖြစ်နိုင်သည့်အတွက် ရန်ပုံငွေအား ပြန်လည်အပ်နှံခဲ့ရပါကြောင်း၊

ယခုအခါတွင် မိမိတို့အနေဖြင့် ဒိုက်ဦးမြို့နယ်၊ ဖောင်တော်သီ ၁၆ ခုတင်ဆံံ့တိုက်နယ်ဆေးရုံဆောက်လုပ်ခြင်းလုပ်ငန်း အတွက် ကုသရေးဦးစီးဌာနအပြင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အဆိုပြုရန်ပုံငွေ သန်း ၂၀၀ တောင်းထား ပါ ကြောင်း၊ အဆိုပါ သန်း ၂၀၀ ကျလာပါက လိုအပ်သည့်လုပ်ငန်းများကို မိမိတို့အမြန်ဆုံး စတင်ဆောင်ရွက် မည်ဖြစ်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။