(၁)လွိုင်လင်မြို့ ခုတင်(၂၀၀) ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် မျက်စိအတူးကုဆရာဝန်ကြီးများ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီးများနှင့် ဓာတ်မှန်အထူးကုဆရာဝန်ကြီးများအား အလျင်အမြန် ခန့်အပ်တာဝန်ပေးရန်၊ (၂) အောက်စီဂျင်ပေးစက်များ၊ (Air Sets) ရောဂါရှာဖွေရေး ပုံရိပ်ဖော်စက်(CT Screen) နှင့်ဆေးရုံသုံးပစ္စည်းများ ဖြည့်ဆည်းပေးရန်၊(၃) ဟိန်ဒုံ၊ လွယ်ကန်း၊ ပန်းလင်းကျေးရွာတို့တွင် ကျေးလက်ကျန်းမားရေးဌာနခွဲဆောက်လုပ်ပေးရန်၊(၄) ထီးအုံးနောင်၊ နမ့်ခုတ်၊ ဟှေ့ဝမ်းရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ(၁)ခုတို့ကို တိုးချဲ့ဖွင့်လှစ်ခွင့်ပြုပေးရန်၊(၅) ပန်ဟူး ကျေးလက်ကျန်းမာရေးဌာနခွဲအတွက် ကျေးလက်ကျန်းမာရေး ဝန်ထမ်းများ မည်သည့်အချိန်တွင် ခန့်အပ်တာဝန်ပေးမည်ကို သိလိုခြင်းတို့နှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ ခုတင်(၂၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးသည် လွိုင်လင်ခရိုင်အတွင်းရှိ လွိုင်လင်၊ ပင်လုံ၊ လဲချား၊ မိုင်းကိုင်၊ ကျေးသီး၊ မိုင်းရှုး၊ ကွန်ဟိန်း၊ နမ့်စန် မြို့နယ်များနှင့် လင်းခေးခရိုင်အတွင်းရှိ မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်တို့မှ ရောဂါဝေဒနာများ ခံစားနေရသည့် မိဘပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အထွေထွေရောဂါကုဆေးရုံကြီးတွင် အောက်စီဂျင်ပေးစက်များ ၊ ရောဂါရှာဖွေရေး ပုံရိပ်ဖော်စက်(CT Screen)များ လိုအပ်လျက် ရှိပါကြောင်း၊ လွိုင်လင်မြို့ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံများမှာ ကျေးရွာများမှ ကိုယ့်အားကိုယ်ကိုးဆောက်လုပ် ပေးထားခဲ့ပြီး ဟောင်းနွမ်းယိုယွင်းနေပါသဖြင့် ပြုပြင်အသစ်ဆောက်လုပ်ပေး နိုင်ရန်နှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲအသစ်များကို ဖွင့်လှစ်ပေးနိုင်ပါရန် တင်ပြလာပါကြောင်း၊
သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့ ခုတင်(၂၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးတွင် မျက်စိအတူးကုဆရာဝန်ကြီးများ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်ကြီးများနှင့် ဓာတ်မှန်အထူးကုဆရာဝန်ကြီးများအား အလျင်အမြန်ခန့်အပ်တာဝန်ပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် တာဝန်ပေးမည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကိုလည်းကောင်း၊ အောက်စီဂျင်ပေးစက်များနှင့် ရောဂါရှာဖွေရေး ပုံရိပ်ဖော်စက်(CT Screen)နှင့် အခြားသော ဆေးရုံသုံးပစ္စည်းများ ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ နှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဖြည့်ဆည်းပေးမည်ကို လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့နယ် ပင်လုံမြို့ ဆဟောင်းကျေးရွာအုပ်စု ဟိန်ဒုံကျေးရွာ နောင်တော်-၁ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးပေးခန်းအဆောက်အအုံသစ် ၊ ဆဟောင်းကျေးရွာအုပ်စု လွယ်ကန်ရွာ ကျေးလက် ကျန်းမာရေးဌာနခွဲဆေးပေးခန်း အဆောက်အအုံသစ်နှင့် နမ်သမိုကျေးရွာ အုပ်စု ပန်းလင်းကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးပေးခန်းနှင့် အဆောက်အအုံ အသစ်တို့ကို ဆောက်လုပ်ပေးရန်အစီအစဉ် ရှိ/မရှိကို လည်းကောင်း၊ လွိုင်လင်မြို့ ပတ်ဝန်းကျင်ကျေးရွာ အုပ်စုများတွင်နေထိုင်ကြတဲ့ ဒေသခံတိုင်းရင်းသား မိဘပြည်သူများအတွက် ဟွေတောက် ကျေးရွာအုပ်စု ထီအုံးနောင်ရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲတစ်ခု၊ တန့်အယ် ကျေးရွာအုပ်စု နမ့်ခုတ်ရွာ(ကုန်းကျောင်းရွာ) ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခု၊ ဆနင်းကျေးရွာအုပ်စု ဟွေ့ဝမ်ရွာကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခုတို့ကို တိုးချဲ့ဖွင့်လှစ် ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဖွင့်လှစ်ခွင့်ပြုပါမည်ကို လည်းကောင်း၊ နားတစ်ကျေးရွာအုပ်စု ပန်ဟူးကျေးလက်ကျန်းမာရေးဌာနခွဲအတွက် ကျေးလက်ကျန်းမာရေးဝန်ထမ်းများ မည်သည့်အချိန်တွင် ခန့်အပ်တာဝန်ပေးမည်ကိုလည်းကောင်း သိရှိလိုကြောင်း မေးမြန်း ပါသည်။
ခုတင်(၂၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး မှာ လစ်လပ်လျက်ရှိသော မျက်စိအထူးကုဆရာဝန်၊ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နှင့် ဓာတ်မှန်အထူးကုဆရာဝန်ကြီးများ အမြန်ခန့်ရေးကိစ္စနှင့် ပတ်သက်ပြီး ကျွန်တော်တို့ EC ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အစည်းအဝေးတွင် ဆုံးဖြတ်တာဝန်ချထားပြီးဖြစ်သည့်အတွက် ၂၁ ရက်အတွင်း ရောက်ရှိမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် လူ့စွမ်းအားအရင်းအမြစ်များကို ဦးစားပေးလိုက်၊ တာဝန်ချထားသည့်အတွက် တချို့ ဆေးရုံများတွင် ဆရာဝန်မရှိသေးသည်များ အနည်းငယ်ကြုံမည်ဖြစ်ပါကြောင်း၊ သို့သော် လာမည့်နှစ်များတွင် တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာမည့် အခြေအနေရှိပါကြောင်း၊
ရှမ်းပြည်နယ် (တောင်ပိုင်း) လွိုင်လင်မြို့ ကုတင် (၂၀၀) ဆံ့ အထွေထွေဆေးရုံကြီးတွင် လိုအပ်လျက်ရှိသော အောက်ဆီဂျင်ပေးစက်များ၊ ရောဂါရှာဖွေရေးပုံရိပ် (CT Screen) နှင့် အခြားဆေးရုံးသုံးပစ္စည်းများ ဖြန့်ဖြူးပေးရန်နှင့်ပတ်သက်ပြီး လိုအပ်သော ဆေးရုံသုံးပစ္စည်းများကို ဆေးရုံအဆင့်အလိုက် လုပ်ငန်းလိုအပ်ချက်၊ လူနာဦးရေပေါ်မူတည်ပြီး ဖြည့်ဆည်းဆောင်ရွက်ပေးပါကြောင်း၊ လွိုင်လင်မြို့ ပြည်သူ့ဆေးရုံကြီးတွင် 100 MA X Ray Machine-1 Unit နှင့် 16 Slices CT Scan-1 Unit အပါအဝင် တင်ပြတောင်းခံခဲ့သည့် ဆေးရုံသုံးပစ္စည်း စုစုပေါင်း ၁၉ မျိုးကို ၂၀၁၅-၂၀၁၆ အတွင်းထောက်ပံ့ပေးခဲ့ပါကြောင်းနှင့် အဆိုပါပစ္စည်းများအနက် CT Scan စက်အားတပ်ဆင်နိုင်ရေး အတွက်လည်း ရန်ကုန်ဗဟိုဆေးသိုလှောင်ရေးက စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြား တင်ပြတောင်းခံလာသော ဆေးရုံသုံးပစ္စည်းများရှိကလည်း စိစစ်၍ ထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း၊ အောက်စီဂျင်ပေးစက် Air Sets များနှင့် ပတ်သက်၍လည်း ဗဟိုဆေးသိုလှောင်ရေးဌာနကို တယ်လီဖုန်းနှင့်ဆက်သွယ်ပြီးဖြစ်သည့်အတွက် အချိန်မရွေးလာရောက်ထုတ်ယူနိုင်ပါကြောင်း၊
နမ်သမိုကျေးရွာအုပ်စု၊ ပန်လင်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆေးပေးခန်းအဆောက်အဦ အသစ်ဆောက်လုပ်ရန်နှင့် စပ်လျဉ်း၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်မြို့တွင် ကျေးလက်ကျန်းမာရေးဌာနက ၄ ခု၊ ကျေးလက်ကျန်းမာရေးခွဲ ၁၆ ခု၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန သုံးခု၊ ကျောင်းကျန်းမာရေး ဌာန ၁ ခု၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်း လက်ထောက်ကျန်းမာရေးမှူး နှစ်ဦး၊ သူနာပြုနှစ်ဦး၊ ကျန်းမာရေးဆရာမ ခုနစ်ဦး၊ သားဖွားဆရာမ ၂၅ ဦး၊ ကျန်းမာရေးကြီးကြပ်(၁) သုံးဦး၊ ကျန်းမာရေးကြီးကြပ်(၂) ၁၆ ဦးဖြင့် လွိုင်လင်မြို့နယ်ရှိ စုစုပေါင်း လူဦးရေ ၅၂၃၇၀ ကျော်တို့အား ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ် ပင်လုံမြို့မှာ ဆဟောင်းကျေးရွာအုပ်စု၊ လွယ်ကန်းကျေးရွာနှင့် နမ်သမိုကျေးရွာ အုပ်စု၊ ပန်လင်းကျေးရွာများ၌ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦအသစ် ဆောက်လုပ်နိုင်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ နှစ်စဉ်စီမံကိန်းများမှ ရန်ပုံငွေရရှိရေးအတွက် ဦးစားပေးအစီအစဉ်ဖြင့် တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကယ်၍ ကျေးလက်ကျန်းမာရေးဌာနခွဲလေး တစ်ခု ဖွင့်မည်ဆိုပါက စံကိုက်အဆောက်အဦအတွက် ၆၃ သန်း၊ ပရိဘောဂ ပစ္စည်းကုန်ကျရန်အတွက် ၄.၉ သန်း၊ စုစုပေါင်း ၆၇.၉ သန်းကုန်ကျပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ကချမှတ်ပေးသည့် ငွေပမာဏပေါ်မူတည်ပြီး လိုအပ်ချက်အရ ပံ့ပိုးပေးမည်ဖြစ်ပါကြောင်း၊
ဟွေတောက်ကျေးရွာအုပ်စု ထီအုံးနောင်ရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု၊ တန့်အယ် ကျေးရွာအုပ်စု နမ့်ခုတ်ရွာ ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခု၊ ဆနင်းကျေးရွာအုပ်စု ဟွေ့ဝမ်ရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ တစ်ခု စုစုပေါင်းသုံးခု တိုးချဲ့ဖွင့်လှစ်ရန်ကိစ္စနှင့်ပတ်သက်၍ ထီအုံးနောင်ကျေးရွာသည် ခုတင် (၂၀၀)ဆံ့ မြို့နယ်ဆေးရုံနှင့် ၁၈ မိုင် ကွာဝေးပါကြောင်း၊ ခေါင်းနွဲ့ ကျေးလက်ကျန်းမာရေးဌာန ဖွင့်မည်ဆိုပါက အိမ်ခြေ ၅၁၄ အိမ်၊ လူဦးရေ ၂၈၃၀ တို့ကို ကျန်းမာရေးစောင့်ရှောက်မှုလွှမ်းခြုံနိုင်မည်ဖြစ်ပါကြောင်း၊ အဆောက်အဦဆောက်လုပ်ရန် ၉၀ ပေ x ၆၀ ပေ မြေလည်းရှိပါကြောင်း၊ နမ့်ခုတ်ကျေးရွာသည် ခုတင်(၂၀၀)ဆံ့ ပြည်သူ့ဆေးရုံ နှင့် ၁၈ မိုင်ကွာဝေးပြီး ပင်လုံကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးရွာအုပ်စုတွင် ပါဝင်ပြီး ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ခွင့်ရရှိမည်ဆိုပါက ကျေးရွာ ၁၂ ရွာ၊ အိမ်ခြေ ၄၃၆ အိမ်၊ လူဦးရေ ၂၅၄၅ ဦးတို့အား ကျန်းမာရေးစောင့်ရှောက် လွှမ်းခြုံမှုပေးနိုင်မည်ဖြစ်ပါပြီး အဆောက်အဦးဆောက်လုပ်ရန် မြေဧက အကျယ်အဝန်း ပေ ၉၀ x ၆၀ ပေရှိပါကြောင်း၊
ဟွေ့ဝမ်ကျေးရွာသည် ခုတင် (၂၀၀)ဆံ့ ပြည်သူ့ဆေးရုံနှင့် ၄၂ မိုင် ကွာဝေးပါကြောင်းနှင့် နောင်လိုင် ကျေးရွာအုပ်စု ကျန်းမာရေးဌာနခွဲတွင် ပါဝင်ပါကြောင်း၊ ကျေးလက် ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်မည်ဆိုပါက ကျေးရွာ ၁၀ ရွာ၊ အိမ်ခြေ ၃၇၆ အိမ်၊ လူဦးရေ ၁၉၀၆ ယောက်တို့ကို ကျန်းမာရေးလွှမ်းခြုံမှုပေးနိုင်မည်ဖြစ်ပြီး အဆောက်အဦဆောက်လုပ်ရန် မြေနေရာလည်းရှိသည့်အတွက် ကျေးလက်ကျန်းမာရေးသုံးခု တည်ဆောက်ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရှိရေးအတွက် ဆောင်ရွက်ပေးပါမည်ဖြစ်ပါကြောင်း၊ ကျေးလက် ကျန်းမာရေးဌာနခွဲများအဖြစ် အသစ်တိုးချဲ့ဖွင့်လှစ်ခွင့်ရပါက ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခုအတွက် ဝန်ထမ်းနှစ်ဦးလိုအပ်ပါကြောင်း၊ တစ်နှစ်လျှင် လစာနှင့်စရိတ်ဝတ်စုံအပါအဝင် ၃.၆ သန်း၊ ဆေးဝါးပစ္စည်းဝယ်ယူရန် ဝ.၄၅ သန်း ကို ၂၀၁၇-၁၈ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဖြည့်စွက်ရန်ပုံငွေမှ ကျခံသုံးစွဲမည်ဖြစ်ပါကြောင်း၊
ရှမ်းပြည်နယ် လွိုင်လင်မြို့နယ် နားတစ်ကျေးရွာအုပ်စု နားတစ်ကျေးရွာအုပ်စု၊ ပန်ဟူးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲဖွင့်ရန် ၂၀၁၇-၂၀၁၈ ဘတ်ဂျက်တွင် ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ယခုအချိန်တွင် ၁၂ မိုင်ကျော် ကွာဝေးသော နောင်လိုင်ကျေးလက်ကျန်းမာရေးဌာနမှ လက်ထောက်ကျန်းမာရေးမှူး အမျိုးသမီး ကျန်းမာရေးဆရာမ သားဖွာဆရာမတို့မှ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်းနှင့် ပန်ဟူးကျေးလက် ကျန်းမာရေး ဌာနခွဲအသစ် ဖွင့်မည်ဆိုပါက သားဖွားဆရာမတစ်ဦးနှင့် ကြီးကြပ်(၂) တစ်ဦး ခန့်ထားပေးရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
