(င)-တန့်ယန်းမြို့နယ်၊မိုင်းမားကျေးလက်ကျန်းမာရေး ဌာနခွဲနှင့်နမ့်မူဆယ်ကျန်းမာရေးဌာနခွဲကိုကျေးလက် ကျန်းမာရေးဌာနသို့အဆင့်တိုးမြှင့်ပေးရန်နှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၉.၁၂.၂၀၁၆)

ဦးစိုင်းမောင်ပွင့်( တန့်ယန်း မဲဆန္ဒနယ်)ရှမ်းပြည်နယ်၊လားရှိုးခရိုင်၊ တန့်ယန်းမြို့နယ်သည် ကျေးရွာအုပ်စု ၄၉ အုပ်စု၊ ကျေးရွာပေါင်း ၆၀၁ ရွာရှိပြီး လူဦးရေအားဖြင့် ၁၇၆၃၆ ဦးနေထိုင်လျက်ရှိပါကြောင်း၊ မြို့နယ်အတွင်း မြို့နယ်ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံ သုံးခု၊ ကျေးလက်ကျန်းမာရေးဌာန လေးခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၆ ခု ရှိပါကြောင်း၊ မြို့နယ်အတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ ကာကွယ်ဆေးထိုး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျေးလက်ကျန်းမာရေး ဌာနတစ်ခုလျှင် ကျေးရွာပေါင်း ၃၀ခန့်ကို တာဝန်ယူ ရပါကြောင်း၊ တန့်ယန်းမြို့နယ်အတွက် ကျေးလက်ကျန်းမာရေးဌာနခွဲ ဌာနနှစ်ခုနှင့် ကျေးလက် ကျန်းမာရေး ဌာနခွဲ ၁၀ ခုတိုးမြှင့်ဖွင့်လှစ်ပေးရန် တန့်ယန်းမြို့နယ်ကျန်းမာရေး ဦးစီးမှူးမှ တစ်ဆင့် ၁၈-၆-၂၀၁၆ ရက်စွဲပါစာအမှတ်၊ T2/၂၁၃၂၀၁၆ ဖြင်‌့ ပြည်နယ်ကျန်းမာရေးဦးစီး ဌာနမှ တစ်ဆင့်လို အပ်သော အချက်အလက်များ ပြုစုတင်ပြထားပြီးဖြစ်ပါကြောင်း၊

မိမိသိလိုသည်မှာ (က) တန့်ယန်းမြို့နယ်ရှိ မိုင်းမားကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် နမ့်မူဆယ် ကျေးလက်ကျန်းမာရေးဌာနခွဲကို ကျေးလက်ကျန်းမာရေးဌာန သို့ အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိ ၊ ပန်ယ၊ နမ်‌့ပေါင်၊ ပန်ညှောင်၊ လွယ်ကြန့်၊ လွယ်ဆမ်ငမ်၊ နမ့်ဟူး၊ နားငင်၊ ဝမ်ခုံ၊ မန်နောင်ခမ်း၊ နောင်ခမ်း (၁၀) ရွာအား ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/ မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်ခုနှစ်တွင် ဖွင့်လှစ်ပေးနိုင်မည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြင့်ထွေးရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် တန့်ယန်းမြို့နယ်ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံ လေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနလေးခု၊ Roll Health Center လေးခုနှင့် ကျေးလက်ကျန်းမာရေး ဌာနခွဲ(Sub-Center) ၁၆ ခုဖြင်‌့ ကျေးရွာပေါင်း ၆၀၁ ရွာရှိ လူဦးရေ ၁၇၀၀၀၀ ကျော်အား ဆရာဝန် လေးဦး၊ သူနာပြု ၂၄ ဦး၊ ကျန်းမာရေးမှူး ငါးဦး၊ အမျိုးသမီးကျန်းမာရေးဆရာမ လေးဦး၊ သားဖွား ဆရာမ ၂၅ ဦး၊ ကျန်းမာရေးကြီးကြပ်နှစ်ဦး၊ ကျန်းမာရေးကြီးကြပ်(၂) ၁၄ ဦး တို့ဖြင့် ကျန်းမာရေး လုပ်ငန်းများ ကို စောင့်ရှောက်လျက်ရှိပါကြောင်း၊ မိုင်းမား (မိုင်းတွမ်း) ကျေးလက် ကျန်းမာရေးဌာနခွဲ (Sub-Center) သည်  မိုင်းမားတိုက်နယ်ဆေးရုံနှင့် ၁၅ မိုင် ကွာဝေးပြီး ကျေးလက်ကျန်းမာရေးဌာန အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ရရှိပါက ကျေးရွာအုပ်စုပေါင်း ၃ ခု၊ ကျေးရွာပေါင်း ၈၂ ရွာ၊ အိမ်ခြေ ပေါင်း ၃၄၄၆ အိမ်၊ လူဦးရေ ၁၈၇၆၂ ဦးတို့အား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည်ဖြစ်ပါကြောင်း၊ နမ့်မူဆယ်ကျေးလက်ကျန်းမာရေးဌာနခွဲ(Sub-Center)သည် မန်ပန်တိုက်နယ် ဆေးရုံနှင့် ၁၆ မိုင်ကွာ ဝေးပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန Health Center အဖြစ် အဆင့်တိုးမြှင့်မည်ဆိုပါက ကျေးရွာအုပ်စု ငါးခု၊ ကျေးရွာပေါင်း ၉၈ ရွာ၊ အိမ်ခြေပေါင်း ၃၃၁၇ အိမ်နှင့် လူဦးရေ ၁၈၀၀၀ ကျော် တို့အား ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းကျေးလက်ကျန်းမာရေးဌာနခွဲ နှစ်ခုအား ကျေးလက်ကျန်းမာရေးတစ်ခုဖွင့်လှစ်ရန် လိုအပ်ကြောင်းကို  ရှမ်းပြည်နယ် အစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုး ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးမှ အဆိုပြုတင်သွင်း ထားသည့်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင်ဖွဲ့စည်းပုံ ခွင့်ပြုမိန့်ရရှိရေးအတွက် စီစဉ်ဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ ခွင့်ပြုမိန့်ရရှိပါက လစာ၊ စရိတ်နှင့်ဆေးဝါးများကိုလည်း ရရှိမည်ဖြစ်သဖြင့် ကျေးရွာ ၁၀ ရွာအား Sub-Center အဖြစ် ဖွင့်လှစ်ရန်ကိစ္စနှင့် စပ်လျဉ်း၍  ကျေးလက်ကျန်းမာရေးဌာနခွဲ နှစ်ခု အား ကျေးလက်ကျန်းမာရေးဌာနအဖြစ် ခွင့်ပြုသည်နှင့် ကျေးလက်ကျန်းမာရေးဌာနနှစ်ခုနှင့် Sub-Center ရှစ်ခု Automatic အလိုအလျောက် ရသွားပါမည်ဖြစ်သည့်အတွက် ကျေးလက်ကျန်းမာရေး ဌာနနှစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၀ ဖြစ်သွားမည်ဖြစ်ပါကြောင်း၊ ကျေးလက်ကျန်းမားရေး ဌာနတစ်ခု၏ ဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အား ၁၅ ဦး၏ လစာ၊ စရိတ် ၂၇.၁၈ သန်း၊ ဆေးပစ္စည်းစရိတ် ၁.၄၆ သန်း၊ ဆေးဝါးဝယ်ယူဖြည့်တင်းရန်အတွက် ၂၀၁၇-၁၈ ပြည့်သူ့ ကျန်းမာရေးဦးစီးဌာန၏ ဘဏ္ဍာငွေမှ  သုံးစွဲသွားမည်ဖြစ်ပါကြောင်း၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာနသို့ နှစ်စဉ်ခွဲဝေချထားသည့် ဘဏ္ဍာငွေ မှာ ပြည်နယ် စီမံခန့်ခွဲမှုကော်မတီ၏ စီမံမှုဖြင့် ဝယ်ယူဖြည့်တင်းမည် ဖြစ်ပါကြောင်း၊ ထို့ပြင်မိုင်းမား (မိုင်းတွမ်း)ကျေးလက်ကျန်းမာရေးဌာနခွဲ၏ အဆောက်အဦအား 3MDG ( Three Million Development Goals Fund)၏ အထောက် အပံ့ဖြင့် ဆောက်လုပ်ရန်စီစဉ် ဆောင်ရွက် လျက်ရှိပြီး ၊ နမ့်မူဆယ်ကျေးလက် ကျန်းမာရေးဌာနဖြစ်ပါက စံကိုက်အဆောက်အဦ ဆောက်လုပ် မည့်ဘဏ္ဍာငွေ ၁၂၆ သန်းအား ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်တွင် ဦးစားပေး ဆောင် ရွက် ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။