(ဃ)-ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာကျေးလက် ကျန်းမာရေးဌာနအားတိုက်နယ်ပြည်သူ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်း သည့် မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၉.၁၂.၂၀၁၆)

ဦးခွန်သန်းထူး( ဆီဆိုင် မဲဆန္ဒနယ်)ဆီဆိုင်မြို့နယ်၊ တောင်ရှေ့ကျေးရွာအုပ်စုနှင့် နောင်ထော်ကျေးရွာအုပ်စု အရှေ့ခြမ်းအား အရှေ့ဘက်တွင် လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် တောင်ချမ်း၊ ကဒူးကြီးကျေးရွာအုပ်စုနှင့် ပွန်ချောင်းမှ ပိုင်းခြားထားပြီး တောင်ဘက်တွင် ကယားပြည်နယ်နှင့် နန့်တစ်ဖက်ချောင်းက ပိုင်းခြားထား၍ နယ်မြေဆက်စပ်နေသော ဒေသလည်းဖြစ်ပါကြောင်း၊ ၎င်းဒေသသည် တောင်တန်းကြီးများ လျှိုမြောင် များ ထူထပ်စွာတည်ရှိပြီး လမ်းပန်း ဆက်သွယ်ရေးခက်ခဲခြင်းကြောင့် ယခင် ဆယ်စုနှစ်များစွာတွင်   စစ်ဘေးစစ်ဒဏ်ကို အတိတ်ဒုက္ခများစွာ ခံစား ခဲ့ကြရသည့်အတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုဘဝ နိမ့်ကျစွာ ခံစားခဲ့ကြရသည့် ဒေသဖြစ်ပါကြောင်း၊ ယခုအခါ နယ်မြေအေးချမ်းလာပြီဖြစ်သော်လည်း ဖွံ့ဖြိုးမှုတိုးတက်မှု သည် နောက်ကျနေ ဆဲပင် ဖြစ်ပါကြောင်း၊ တောင်ရှေ့ကျေးရွာ အုပ်စု၊ နောင်ထော် ကျေးရွာတွင် အိမ်ခြေ ၆၆၇ အိမ်ရှိပြီး ဆီဆိုင်မြို့နှင့် ၁၇ မိုင်ကွာဝေးပါကြောင်း၊ ၎င်းကျေးရွာတွင် ရှမ်း၊ ပအိုဝ့်၊ ဗမာ၊ ကရင်၊ ကယားနှင့် အခြား လူမျိုးစုများ စုပေါင်းနေထိုင်လျက်ရှိပါကြောင်း၊ လမ်းစုံလမ်းခွတွင် တည်ရှိခြင်းကြောင့် အခြေခံပညာအထက်တန်းကျောင်းရှိပြီး ဆီဆိုင်မြို့နယ်တွင် အကြီးဆုံးသော သဘာဝရေကန်အရင်းအမြစ်နှင့် အွန်ချောင်းနှင့် နန့်သပတ်ပေါင်းချောင်း ဆုံရာ နေရာ လည်းဖြစ် ပါကြောင်း၊ နောင်ထော်ကျေးရွာပတ်ဝန်းကျင်တွင် တောင်ရှေ့ကျေးရွာအုပ်စုမှ ရွာပေါင်း ၁၃ ရွာ၊ နောင်ကျောကျေးရွာအုပ်စုမှ ရွာပေါင်း ၉ ရွာ၊ လင်းခေးခရိုင်၊ မောက်မယ်တောင်ခြမ်း၊ ကဒူးကြီး ကျေးရွာအုပ်စုမှ ရွာပေါင်း ၁၆ ရွာ စုစုပေါင်း လူဦးရေ ၁၂၀၀၀ ခန့် နေထိုင်လျက်ရှိပါကြောင်း၊ မောက်မယ်၊ တောင်ခြမ်း၊ ကဒူးကြီးကျေးရွာအုပ်စုမှ ရွာပေါင်း ၁၆ ရွာသည် အဓိကကူးလူး သွားလာလျက်ရှိ သည့် ဒေသ လည်းဖြစ်ပါကြောင်း၊ ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် အွန်ချောင်းကူးအရှည်ပေ ၂၀၀ ရှိသည့် သံကူကွန်ကရစ်တံတားကို နယ်စပ်ရေးရာ ဝန်ကြီးဌာန ရန်ပုံငွေဖြင့် ဆောက် လုပ်ဆောင် ရွက်ပေးခဲ့ပါကြောင်း၊

၎င်းဒေသနှင့် ပတ်ဝန်းကျင်ကျေးရွာများသည် အထက်ကတင်ပြခဲ့သည့်အတိုင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲ ခြင်းကြောင့် စရိတ်သက်သာစွာဖြင့် ကျန်းမာရေးကုသခံယူနိုင်ရန်နှင့် ဆီဆိုင်မြို့သို့ အချိန်မီသွားရောက်ရန် အခက်အခဲရှိသော ပတ်ဝန်းကျင်ကျေးရွာများအတွက် အဆင်ပြေစေရန်လည်းကောင်း၊ ဒေသခံ ပြည်သူများကလည်း တိုက်နယ်ဆေးရုံတစ်ရုံဖွင့်လှစ်ပေးရန် ထပ်မံဆန္ဒပြုပြောကြားလာ ပါကြောင်း ၊ ဆေးရုံ ဆောက်လုပ်မည့်မြေနေရာ (၄)ဧကခန့်ကိုလည်း သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ မေးမြန်းလိုသည်မှာ နောင်ထော်ကျေးလက် ကျန်းမာရေးဌာနအား တိုက်နယ်ပြည်သူ့ဆေးရုံအဖြစ် တိုးမြှင့်ဖွင့်လှစ်ပေးနိုင်ပါရန်နှင့် မည်သည်‌့ အချိန်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိ လိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင်‌့အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာတွင် တိုက်နယ်ဆေးရုံတစ်ရုံ အသစ်တိုးချဲ့ ဖွင့်လှစ်ခွင်‌့ရရှိရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုသရေး ဦးစီးဌာန၏ ၂၈-၁-၂၀၁၅ ရက်စွဲပါစာအမှတ်ဖြင့် ဖွဲ့စည်းပုံခွင့်ပြုမိန့် ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာ စံကိုက် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံဆောက်လုပ်ပေးရန် စီမံကိန်းခန့်မှန်းတန်ဖိုး ကျပ်သန်း ၆၃၀ လျာထားပြီး ကုသရေးဦးစီးဌာန၏ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်း ၃၉၀ ခွင့်ပြုချက်ရထားပါသဖြင့် အဆောက်အဦ ဆောက်လုပ်ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် လက်ရှိအချိန်တွင် ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာ စံကိုက် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံလုပ်ငန်းတွင် ကျပ် ၆၁၁ သန်းဖြင့် ကုမ္ပဏီတစ်ခုနှင့် တင်ဒါအောင်မြင်ပြီး ဖြစ်သည့်အတွက် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။