(ဂ)-ပင်လည်ဘူးမြို့နယ်အတွင်းတောင်ကုန်းတောင် တန်းများတွင် နေထိုင်ကြသည့်တိုင်းရင်းသားများ၏ ကျန်းမာ ရေးစောင့်ရှောက်မှု ပြည့်ဝစွာရရှိရေးအ တွက် နောင်တောအုပ်စု၊ တုံးမွန်း ကျေးလက်ကျန်း မာရေးဌာနအားတိုက်နယ်ဆေးရုံအဖြစ်တိုးမြှင့်ပေး ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ (၉.၁၂.၂၀၁၆)

ဦးမင်းနောင်(ပင်လည်ဘူးမဲဆန္ဒနယ်)မိမိတို့ ပင်လယ်ဘူးမြို့နယ်သည် ရွာပေါင်း ၂၆၆ ရွာရှိပါကြောင်း၊ထိုကျေးရွာ ၂၆၆ ရွာတွင် မူးမြစ်သည် အလယ်မှဖြတ်၍ စီးစင်းပါကြောင်း၊ မူးမြစ်၏အရှေ့ဘက်ခြမ်းတွင် ရွာပေါင်း ၁၄၀ ကျော်ရှိပြီး မြို့နယ်ဆေးရုံ အပါအဝင် ဆေးရုံပေါင်း (၃)ရုံသာ ရှိပါကြောင်း၊မူးမြစ်၏ အနောက်ဘက်ခြမ်းဒေသ အမှတ်(၁)မဲဆန္ဒနယ်တွင် ရွာပေါင်း ၁၂၀ ကျော်ရှိပြီး ဆေးရုံ တစ်ရုံမှမရှိပါကြောင်း၊ သွားရေးလာရေး ခက်ခဲ တောင်ကြားဒေသဖြစ်ပါကြောင်း၊ ထိုဒေသတွင် တိုင်းရင်းသားများ နေထိုင်ကြပြီး ဆေးရုံမရှိသည့်အတွက် ဆေးရုံ ရှိစေချင်ပါကြောင်း၊ထို့အပြင် အရေးကြီးလူနာများ ဆေးရုံကို ပို့ကြမည် ဆိုလျှင်ဖြစ် အလွန်အချိန်ကြာမြင့်ပြီး အခန့်မသင့်ရင် လမ်းခရီးတွင် အသက်ဆုံးရှုံးသွားကြရသည့်ကို အကြိမ်ပေါင်းများစွာ တွေ့ရှိနေရပါကြောင်း၊ထိုဒေသကို မိမိတို့ ဝန်ကြီးဌာန မှ ဆေးရုံချထားပေးမည် ဆိုပါ က ကျေးရွာပေါင်း ၅၁ ရွာသည် အစိုးရ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူရရှိမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် နောင်တောအုပ်စု၊ တုံးမွန်းကျေးလက်ကျန်းမာရေးဌာနကို အဆင့် တိုးမြှင့်၍ တိုက်နယ်ဆေးရုံအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်မရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်မှာတွင် ထည့်သွင်းပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းအပ်ပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြင့်ထွေးစစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ်တွင် လူဦးရေ  ၁၁၀၀၀၀ ကျော်ရှိပြီး ကျန်းမာ ရေးစောင့်ရှောက်မှုအနေဖြင့် ၂၅ ခုတင်ဆံ့ဆေးရုံတစ်ရုံနှင့် တိုက်နယ်ဆေးရုံနှစ်ရုံ စုစုပေါင်း (၃)ရုံဖြင့် ထားရှိပါကြောင်း၊ တုံးမွန်းကျေးလက်ကျန်းမာရေးဌာနပိုင်နယ်မြေတွင် ကျေးရွာပေါင်း ၅၇ ရွာ၊ အိမ်ခြေ ၃၀၇၈ အိမ်နှင့် လူဦးရေ ၁၇၀၀၀ ရှိပါကြောင်း၊ Rural Health Centre မှာ ဖွင့်လှစ်ထားရှိပြီး  နှစ်စဉ် Rural Health Centre ကိုလာသည့် ဆေးခန်းလူနာများနှင့် HA ကွင်းဆင်းသည့် အခါတွင် တွေ့သည့် လူနာများ၊ Referrer လုပ်သည့်လူနာများကို စမ်းစစ်သည့်အခါတွင် ၂၀၁၃ ခုနှစ်တွင် ၄၃၄၂ ဦး၊ ၂၀၁၄ ခုနှစ်တွင် ၄၇၉၈ ဦးရှိပြီး ၂၀၁၅ခုနှစ်တွင် ၄၈၈၁ ဦးရှိပါကြောင်း၊  ၂၀၁၆ ခုနှစ် ဇွန်လ ခြောက်လ တွင် ၄၈၈၈ ယောက်ရှိကြောင်း တွေ့ရပါကြောင်း၊  အဆောက်အဦ မြေနေရာအတွက် လိုအပ်သည့်  မြေနေရာ (၄) ဧကလိုပါကြောင်း၊ တိုက်နယ်ဆေးရုံ၏ မြေနေရာတွင် မြို့နယ်ဆေးရုံနှင့် အခြား တိုက်နယ်ဆေးရုံနှင့် ၁၀ မိုင်နှင့်အကွာဝေးသည့်အတွက် တုံးမွန်းကျေးလက်ကျန်းမာရေးဌာနမှ ပင်လည်ဘူးဆေးရုံနှင့်  ၄၂ မိုင် ကွာဝေးပါကြောင်း၊ အိမ်ထောင်စုနှင့်ပတ်သက်၍ အကျိုးပြုနိုင်မည့် အိမ်ခြေ ၃၀၀၀ ကျော်၊ လူဦးရေ ၁၇၀၀၀ ကျော်နှင့် အနီးအနားမှ ရွာများအတွက်လည်း အသုံးဝင်ပြီး လုံခြုံရေးအတွက် ရဲစခန်းလည်းရှိပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့်ပတ်သက်ပြီး တုံးမွန်းကျေး လက်ကျန်းမာရေးဌာနသည် အလွန်ခက်ခဲသည့် တောင်ပေါ်ဒေသဖြစ်နေသည့်အတွက် တုံးမွန်းကျေး လက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် တိုးမြှင့် ဖွင့်လှစ်နိုင်ရန်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ဖွဲ့စည်းပုံခွင့်ပြုမိန့်ရရန် ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ပါဝင်ခြင်းမရှိသဖြင့် ၂၀၁၈-၁၉  ဘဏ္ဍာရေးနှစ်တွင် ရရှိပါက လုပ်ပေးမည်ဖြစ်ကြောင်း ဖြေကြားပါသည်။