(စ)-မောင်တောနှင့်ဘူးသီးတောင်မြို့နယ်များရှိဒေ သလုံခြုံမှုကိုမည်ကဲ့သို့ဆောင်ရွက်မည်၊နတ်မြစ်ဝမှ မယူမြစ်ဝထိ ဒေသခံ တိုင်းရင်းသားများပါဝင်ခွင့်ရှိ သည့်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့များကိုမည် သည့် စီမံချက်များ ချမှတ်ဆောင်ရွက်ပေးမည်နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး နဝမနေ့ (၁၅.၂.၂၀၁၇)

မိမိအနေဖြင့် မေးခွန်းမေးမြန်းရသည့်အကျိုးအကြောင်းတွေကို မတင်ပြခင် လွှတ်တော်ကတစ်ဆင့် တင်သွင်းထားသည့် မေးခွန်းနှစ်ခုကို ဦးစွာဖတ်ပြမည်ဖြစ်ပါကြောင်း၊ (၁) ၉-၁၀-၂၀၁၆ နံနက်ပိုင်းက ရဲတပ်ရင်းတပ်ဖွဲ့ စခန်း သုံးခုလုံးတစ်ပြိုင်တည်း အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ ကျေးလက်ဒေသများမှ ရခိုင်တိုင်းရင်းသားများနှင့် ရခိုင်မြို့နယ်စု များသည် နေရပ်စွန့်ခွာထွက်ပြေးနေကြသဖြင့် ထိုဒေသလုံခြုံမှုကို မည်ကဲ့သို့ ဆောင်ရွက်ပါမည်နည်း။ (၂) မောင်တောမြို့နယ်မြောက်ဘက်အစွန်ဆုံးနယ်စပ်မှသည် နတ်မြစ် ကမ်းခြေတစ်လျှောက် နတ်မြစ်ဝမှ မယူမြစ်ဝထိ ပင်လယ်ကမ်းခြေတစ်လျှောက် ဒေသတို့ကို နိုင်ငံတော်အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးအတွက် ဒေသခံတိုင်းရင်းသားများ ပါဝင်ခွင့်ရှိသည့် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များကို နိုင်ငံတော်လုံခြုံရေးရှုထောင့်က လိုအပ်သည့်စီမံချက်များ ချမှတ်ဆောင် ရွက်ပေးပါမည်လားဟူသည့် မေးခွန်းနှစ်ခုကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့က တင်သွင်းခဲ့ပါကြောင်း၊ အဆိုပါ မေးခွန်းမေးရသည့် အကြောင်းအရင်းများကို မေးခွန်း တင်သွင်းစဉ်က ရေးသားထားသည့်စာသားအတိုင်း ဖတ်ကြားတင်သွင်းမည်ဖြစ်ပါကြောင်း၊ အကျိုး အကြောင်းဖော်ပြချက် (၁) ၉-၁၀-၂၀၁၆ နံနက်ပိုင်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်နှင့် ရသေ့တောင်မြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့လုံခြုံမှုထိန်းသိမ်းရေးတပ်ရင်းမှ နေရာချထားသည့်လုံခြုံ ရေးတပ်ဖွဲ့စခန်း သုံးခုကို ရိုဟင်ဂျာအမည်ခံ ဘင်္ဂါလီ၊ မူဆလင်များက အကြမ်းဖက်စီးနင်းတိုက်ခိုက်ခဲ့ ကြပါသည်။ ထိုသို့စီးနင်းတိုက်ခိုက်ခံရစဉ်က လုံခြုံရေးတပ်ဖွဲ့ဝင်များဆုံးရှုံးမှုရှိခဲ့သည့်အပြင် နောက်နေ့ တွင်အကြမ်းဖက်သူများကို တပ်မတော်မှ ရှင်းလင်းတိုက်ခိုက်ရာတွင်လည်း အကျအဆုံးရှိခဲ့သည်ဟု သိရပါတယ်။ (၂) ၉-၁၀-၂၀၁၆ နေ့ လုံခြံရေးတပ်ဖွဲ့စခန်းများ စီးနင်းတိုက်ခိုက်ခံရသည့်နိုင်ငံတော်၏ လုံခြုံရေးနှင့် နိုင်ငံတော်၏အချုပ်အခြာအာဏာကို ခြိမ်းခြောက်ခံရသည့်လုပ်ရပ်ဖြစ်ပါသည်။ ၂၀၁၂ ခုနှစ် မောင်တောမြို့နယ်တွင် ရခိုင်နှင့် ဘင်္ဂါလီလူအုပ်စုနှစ်ခုကြား ကွန်မြူနစ် ဖြစ်ပွားချိန်ကလည်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများရှိခဲ့ပါသည်။ သို့သော် ယင်းဖြစ်ရပ်ကို ကွန်မြူနစ်ဟုသာ အများကရှုမြင်ကြပြီး နိုင်ငံတော်လုံခြုံရေးနှင့် အချုပ်အခြာအာဏာကို ထိခိုက်သည့်လုပ်ရပ်ဟု သဘော မပေါက်နိုင်ခဲ့ကြပါ။ ၉-၁၀-၂၀၁၆ ရက်နေ့က စတင်ဖြစ်ပေါ်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံ ရမှုနောက်ဆက်တွဲအကျိုးသက်ရောက်မှုများ၊ မဟာမောင်တောမြို့နယ်နှင့် ဘူးသီးတောင် မြို့နယ် များရှိ ကျေးလက်ဒေသများမှ ရခိုင်နှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများမှ လောလောဆယ် ဘင်္ဂါလီ၊ မူဆလင်များ၏တိုက်ခိုက်မှုကို မခံရသေးသော်လည်း နောင်ဖြစ်လာနိုင်သည့်အန္တရာယ်စိုးရိမ် ကြောင့်ကြနေကြ၍ မောင်တောမြို့၊ ဘူးသီးတောင်မြို့များသို့ အပြေးအလွှားရောက်ရှိခိုလှုံနေကြရပါ သည်။ ထိုမှတစ်ဆင့် မောင်တောနှင့် ဘူးသီးတောင်မြို့မှ ရခိုင်အချို့မှာလည်း ပို၍အန္တရာယ်ကင်းရာ စစ်တွေမြို့ဘက်သို့ ပြောင်းရွှေ့နေကြသည့်သတင်းကို နေ့စဉ်ကြားသိနေရပါတယ်။ မောင်တောမြို့နှင့် ဘူးသီးတောင်မြို့တွင် ရခိုင်တိုင်းရင်းသားလူဦးရေ ၃၀၀ နှုန်း၊ ၄၀၀ နှုန်းများသာရှိ၍  ဘင်္ဂါလီ၊ မူဆလင် တို့မှာ ၉၆၊ ၉၇ ရာခိုင်နှုန်းရှိသဖြင့် ကွန်မြူနစ်ဖြစ်လာပါက သေဖွယ်ရာမှတစ်ပါး အခြားရွေးစရာမရှိ သောအခြေအနေများနှင့် ရင်ဆိုင်နေရပါသည်။ မိမိအသက်ကို လူတိုင်းချစ်မြတ်နိုးကြပါသည်။ မိမိ အသက်နှင့်ထပ်တူချစ်မြတ်နိုးသော မိမိကျေးရွာရှိ သာသနိကအဆောက်အဦများ၊ ဘုရားကျောင်းကန် စေတီပုထိုးများကို စွန့်ခွာပြီးထွက်ပြေးနေကြရသည့်အပေါ် မည်သို့ ကူညီမည်ဆိုသည့် အဖြေကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည့် နယ်စပ်နယ်နိမိတ် ၁၆၈.၅၇ မိုင်ထိစပ်လျက်ရှိပြီး ဘင်္ဂလားပင်လယ်အော် နတ်မြစ်ဝမှ မြောက်ဘက်မြစ်ဖျားအထိ ၃၉.၈၂ မိုင်နှင့် နတ်မြစ်ဖျားမှ အစပြုကာ ချောင်းများ၊ တောင်ထိပ်များနှင့် ကုန်းပိုင်းတစ်လျှောက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် BP-31 မှ မြန်မာ-ဘင်္ဂလားဒေ့ရှ်-အိန္ဒိယ သုံးနိုင်ငံဆုံရာ နယ်စပ်မှတ်တိုင် BP-73 အထိ ၁၂၈.၇၅ မိုင် ထိစပ်လျက်ရှိပါကြောင်း၊ ၎င်းနယ်စပ်ဒေသအတွင်း နေထိုင်ကြသော ဒေသခံတိုင်းရင်းသားများနှင့် ဘင်္ဂါလီလူမျိုးများအကြား ဖြစ်ပွားတဲ့ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် အတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့သည် ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မတီ များကို ဖွဲ့စည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊

နိုင်ငံတော်သမ္မတရုံး၏  ၂၀၁၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ်(၂၃/၂၀၁၆) နှင့်  ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေးဗဟို ကော်မတီကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ ဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ နိုင်ငံတော်သမ္မတရုံး၊ အမြဲတမ်းအတွင်းဝန်၊ ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးမှူးတို့ပါဝင်သော အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းခဲ့ ပါကြောင်း၊ ယင်းကော်မတီ၏ လုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၆ ခုနှစ်၊ မေလ ၃၀ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ် (၂၄/ ၂၀၁၆)နှင့် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းကော်မတီ၊ လူဝင် မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းကော်မတီ၊ ဒေသတွင်းပြန်လည်နေရာချထား ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံ တကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်းပြီး သတ်မှတ်လုပ်ငန်း တာဝန်များအလိုက် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၁၆ ခုနှစ်၊ မေလ ၁၀ ရက်နေ့ အမိန့်ကြော်ငြာစာ အမှတ် (၄၅/ ၂၀၁၆)နှင့် ရခိုင်ပြည်နယ်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီး အဖွဲ့ဝင်ခြောက်ဦးဖြင့်လည်း ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းကော်မတီ၏လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် ပြည်နယ်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းကော်မတီကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဥက္ကဋ္ဌအဖြစ် အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းပြီး သတ်မှတ် လုပ်ငန်း တာဝန်များကိုလည်း အလေးထားဆောင်ရွက်စေလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၏ အုပ်ချုပ်ရေးကဏ္ဍတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများပါဝင်သော ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီများကို လည်းကောင်း၊ မြို့နယ်များတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့မိမြို့ဖများပါဝင်သော မြို့နယ်လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပေဒစိုးမိုးရေးကော်မတီကိုဖွဲ့စည်းပြီး မိမိတို့မြို့နယ်အတွင်း လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးဆိုင်ရာကိစ္စရပ်များကိုလည်း ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ ဒေသခံမြို့မိမြို့ဖများပါဝင်သော ကော်မတီများ ဖွဲ့စည်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အပြင် မောင်တောခရိုင်အတွင်း ခရိုင်/မြို့နယ် အဆင့် ဌာနဆိုင်ရာဝန်ထမ်းများမှလည်း ဒေသခံအများစုမှ တာဝန်ထမ်းဆောင်လျက်ရှိပါသဖြင့် မြို့နယ် ဒေသဖွံ့ဖြိုးရေး၊ လုံခြုံရေး ကိစ္စတွေမှာ ဒေသခံများပါဝင်ဆောင်ရွက်ခွင့် အပြည့်အဝ ရရှိလျက်ရှိပါကြောင်း၊

ခိုင်ပြည်နယ်အတွင်းဖြစ်ပွားလျက်ရှိသော  ပဋိပက္ခများကို ဖြေရှင်းနိုင်မည့် ရေရှည်နည်းလမ်း ကောင်း များကို ရှာဖွေသွားနိုင်ရန်အတွက် လိုအပ်တဲ့ကော်မရှင်များကိုလည်း ဖွဲ့စည်းတာဝန်ပေး ဆောင်ရွက် စေလျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ်အနောက်ဘက်ရှိ နယ်စပ်ဒေသများသို့ တစ်ဖက်နိုင်ငံမှ တရား မဝင် ဝင်ရောက်လာမှုမရှိစေရေး၊ လုံခြုံရေးနှင့်တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး တို့အတွက် ယခင်ကနယ်စပ်ဒေသလူဝင်မှုစစ်ဆေးရေး ကွပ်ကဲမှုအဖွဲ့ကိုဖွဲ့စည်းပြီး တပ်မတော် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာနတို့ဖြင့် ပူးပေါင်းဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ယခုအခါတွင် ယခင်ကဖွဲ့စည်းခဲ့သော နယ်စပ် ဒေသလူမှု စစ်ဆေး ရေးအဖွဲ့အစား အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံရဲ တပ်ဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီး ဌာနတို့ဖြင့် ပူးပေါင်းဖွဲ့စည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အမှတ်(၁)နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့သည် နယ်စပ် ဒေသတွင် တရားမဝင် ဝင်/ထွက်မှုတွေကို ကာကွယ်တားဆီးရေး၊ အကောက်ခွန်မဲ့ပစ္စည်းများ နယ်စပ်ဖြတ်ကျော်ပြီး တရားမဝင် တင်ပို့/တင်သွင်းခြင်းမပြုစေရေးနှင့် လုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို အလေးစားဆောင်ရွက်လျက်ရှိပါကြောင်း၊

အမှတ်(၁)နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ တာဝန်ယူရသည့်နယ်မြေအတွင်း မောင်တော မြို့နယ်၊ ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့နယ် သုံးခုပါဝင်ပါကြောင်း၊ အမှတ်(၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့၏ ကွပ်ကဲမှုအောက်တွင် မြို့နယ်သုံးခုကို ဒေသလေးခု၊ နယ်မြေ ၁၁ ခု သတ်မှတ်ပြီး နယ်မြေရုံး ၁၁ ရုံး၊ နယ်မြေရဲစခန်း ၁၂ ခု၊ ကင်းစခန်း ၉၅ ခု၊ ချောင်းဝကင်းစခန်း ၂၇ ခု၊ နယ်စပ်ခြံစည်းရိုးကင်းစခန်း ၁၂ ခု စုစုပေါင်း ၁၅၇ နေရာတွင် နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့အောက်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ လေးခုမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါကြောင်း၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့်လည်း မောင်တောခရိုင်အတွင်းရှိ ဘူးသီးတောင်မြို့နယ် မောင်တောမြို့နယ်များတွင် ခရိုင်ရဲတပ်ဖွဲ့မှူးရုံး တစ်ရုံး၊ ခရိုင်အကူတပ်ခွဲ တစ်ခွဲ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှစ်ရုံး၊ မြို့မရဲစခန်း နှစ်ခု၊ နယ်မြေရဲစခန်း တစ်ခုတို့ဖြင့် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး မြို့ပေါ် အရေးကြီး အဆောက်အဦများ၊ မြို့ဝင်/ထွက်ပေါက်များ၊ ရေဆိပ်များမှာ လုံခြုံရေးရဲကင်းများ ချထား ဆောင်ရွက်လျက်ရှိပါကြောင်း၊

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ နယ်မြေဒေသ အခြေအနေအရ ရခိုင်ပြည်နယ်၊ မောင်တောဒေသအတွင်း ဒုတိယညွှန်ကြားရေးမှူး တစ်ဦး အပါအဝင် ဝန်ထမ်းအင်အား ၂၅၁ ဦးတို့ကို တာဝန်ချထားပြီး နယ်မြေလုံခြုံရေးကိစ္စရပ်များ အပါအဝင် လူဝင်မှု ကြီးကြပ်ရေးနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုများ တားဆီးကာကွယ်ရေးတို့ကို ဆောင်ရွက်လျက်ရှိပြီး လူဦးရေဆိုင်ရာလုပ်ငန်းများကိုလည်း သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊

မြန်မာနိုင်ငံရဲ့ အနောက်မြောက်နယ်စပ်ဒေသတစ်လျှောက် ကုန်းနယ်နိမိတ်လုံခြုံရေးအတွက် နယ်စပ် ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကို ၂၀၀၉ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှ  ၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့အထိ အဆင့် ၃ ဆင့်ဖြင့် ဆောင်ရွက်ခဲ့ရာ B-2 မှ BP-66 အထိ စုစုပေါင်း ၁၁၄.၆၅ မိုင်ကို ခြံစည်းရိုးကာရံပြီး ဖြစ်ပါကြောင်း၊ ၂၀၁၆-၂၀၁၇ဘဏ္ဍာရေးနှစ်တွင် တုံးဝချောင်းမှ အငူမော်ကျေးရွာ အထိ မိုင် ၄၀ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် စတုတ္ထအဆင့် BP-66 မှ BP-1 အထိ ခြံစည်းရိုးဆက်လက် ကာရံသွားရန် လိုအပ်သည့်အတွက် ဆက်လက် လုပ်ဆောင်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီးနောက်တွင် အမှတ်(၁) နယ်ခြားစောင့်ရဲကွပ်ကဲမှုအဖွဲ့သည် နယ်မြေရုံး ၁၁ ရုံး၊ နယ်မြေရဲစခန်း ၁၂ ခု၊ ကင်းစခန်း ၁၂၄ ခု၊ ချောင်းဝကင်းစခန်း ၂၇ ခု၊ နယ်စပ်ခြံစည်းရိုးကင်းစခန်း ၁၂ ခု စုစုပေါင်း ၁၈၆ နေရာကို နယ်ခြားစောင့်ရဲကွပ်ကဲမှုအပါအဝင် ရဲအင်အားများဖြည့်တင်းပြီး တပ်မတော်နှင့်ပူးပေါင်း၍ နယ်မြေ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်လျက်ရှိသည့် နည်းတူ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အနေဖြင့်လည်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်မြို့နယ် များမှာရှိတဲ့ ရဲကင်းများမှာ အင်အားထပ်မံဖြည့်တင်းပြီး လုံခြုံရေးများ တိုးမြှင့်ဆောင်ရွက်လျက်ရှိ ပါကြောင်း၊

ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကို ထိန်းချုပ် နိုင်ရန်အတွက် တပ်မတော်နှင့်ပူးပေါင်းပြီး နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်ခဲ့သည့်အပြင် နယ်မြေ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေးယန္တရားများ ပုံမှန်လည်ပတ် နိုင်ရေးအတွက်ဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေမှာ နယ်မြေပြန်လည်အေးချမ်း လျက်ရှိပါတယ်။ တပ်မတော်အနေနဲ့ ရေနယ်နိမိတ်လုံခြုံရေးအတွက် ပင်လယ်ကမ်းရိုးတမ်း တစ်လျှောက် ပင်လယ်ဝနှင့် မြစ်တွင်းလုံခြုံရေးကို တပ်မတော်(ရေ)မှ ငါးမန်းတိုက်ရေယာဉ်များ၊ အမြန်သွားတိုက်ရေယာဉ်များ၊ ရာဘာဘုတ်များဖြင့်လည်း လှည့်ကင်း ပတ်ကင်းများဖြင့် လုံခြုံရေး အပြည့်အဝ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်ဖြစ်စဉ်နှင့် ဆက်စပ်ဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး ပါဝင်သူများကိုလည်း ဖော်ထုတ်ဖမ်းဆီး တရားစွဲတင်လျက်ရှိသည့်အပြင် ဆက်လက်စုံစမ်း ဖော်ထုတ် လျက်ရှိပြီး ကျန်ရှိသည်‌့အမှုများကိုလည်း အမြန်တရားစွဲတင်နိုင်ရေးနှင့် ကျူးလွန်သည့်ပြစ်မှုများ အလိုက် ဥပဒေနှင့်အညီ ပြစ်ဒဏ်ရရှိရေးကိုလည်း သက်ဆိုင်ရာတရားရုံးများနှင့် ပေါင်းစပ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ အမိန့် ကြော်ငြာစာအမှတ် (၈၉/၂၀၁၆)နှင့် အကြမ်းဖက်မှုဖြစ်စဉ်မှန်ပေါ်ပေါက်ရေးနှင့် နောင်အလားတူ ဖြစ်စဉ်မျိုး မဖြစ်ပွားစေရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဒုတိယသမ္မတ ဦးမြင့်ဆွေ ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက်များကို နိုင်ငံတော်သမ္မတထံ တင်ပြနိုင်ရေးကိုလည်း အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊

မောင်တောခရိုင်အတွင်းဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များနှင့်စပ်လျဉ်းပြီး မောင်တော ခရိုင်ဒေသတွင် လုံခြုံရေးနှင့်ဆက်စပ်လျက်ရှိသောကိစ္စရပ်အားလုံးကို ပေါင်းစပ်ညှိနှိုင်း တာဝန်ခံ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့အတွက် မောင်တောခရိုင်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဥက္ကဋ္ဌ အဖြစ်ပါဝင်သော အဖွဲ့ဝင် ၁၀ ဦးနှင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၎င်းတို့၏လုပ်ငန်းများကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်အပြင် ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၁၇)နှင့် ရခိုင်ပြည်နယ် လက်တွေ့အကောင်အထည်ဖော်ဆောင်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆောင်တဲ့ အဖွဲ့ဝင် ခုနစ်ဦးနဲ့ ဖွဲ့စည်းပြီး ရခိုင်ပြည်နယ် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်း ရေးလုပ်ငန်းများကိုလည်း အလေးထားဆောင်ရွက်စေလျက်ရှိပါကြောင်း၊

သို့ပါ၍ ရခိုင်ပြည်နယ် နယ်စပ်ဒေသလုံခြုံရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် ပြည်ထောင်စုအစိုးရနှင့် ရခိုင်ပြည်နယ်အစိုးရတို့မှ လိုအပ်သည့်ကော်မတီများနှင့် အဖွဲ့များဖွဲ့စည်းပြီး အကောင် အထည်ဖော်ဆောင် ရွက်လျက်ရှိသည့်အပြင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်မိရပ်ဖများ လူမှုအဖွဲ့အစည်းများ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ပြီး နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်အေး ချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။

ဦးဘရှိန်(ကျောက်ဖြူမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။

မေးခွန်းနံပါတ်(၁)နှင့် မေးခွန်းနံပါတ်(၂)တွင် အဓိကထားမေးထားသည့်  ဒေသခံတိုင်းရင်းသားများ ပါဝင်ခွင့်ရှိသည့် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ သိရှိလိုပါကြောင်း၊ နေရပ်စွန့်ခွာနေကြသည့် လူများအတွက် ပိုမိုလုံခြုံရေးကို မည်သို့ကောင်းအောင် ဆောင်ရွက်ပေးမည် ဆိုသည်များကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

ဒေသခံပြည်သူများ ပါဝင်ခွင့်ရှိသည့်ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းနှင့်ပတ်သက်ပြီး နိုင်ငံ တော်နှင့် သက်ဆိုင်ရာပြည်နယ်အစိုးရတို့ကဖွဲ့စည်းသည့် အဖွဲ့အစည်းများတွင် ဒေသခံ ပြည်သူများ၊ ဒေသခံကိုယ်စားလှယ်များလည်း ထည့်သွင်းဖွဲ့စည်းဆောင်ရွက်ထားသကဲ့သို့ ဒေသတွင်းရှိ လူမှုရေး ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း သက်ဆိုင်ရာနယ်မြေဒေသ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွင်လည်း ဒေသခံပြည်သူများပါဝင်သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဖွဲ့စည်းပြီး လုပ်ငန်းကော်မတီများက သတ်မှတ်ထားသော လုပ်ငန်းစဉ်များအတိုင်း ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊

နေရပ်စွန့်ခွာသူများနှင့်ပတ်သက်ပြီး ဖြစ်စဉ်စတင်ဖြစ်ပွားပြီးသည့်နောက် ဒေသစွန့်ခွာသူများအတွက် လိုအပ်သော ယာယီစခန်းများ ဖွင့်လှစ်ထားရှိခဲ့သော်လည်း အခြေအနေများ တည်ငြိမ် အေးချမ်းသည့် အခါ ၎င်းတို့နေရပ်ကို ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြပြီးဖြစ်ပါကြောင်းနှင့် ၎င်းတို့နေထိုင်ရာ နေရာဒေသများတွင် လုံခြုံမှုရှိစေရေးအတွက်ကိုလည်း သက်ဆိုင်ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လိုအပ်သည့်အင်အားများ ထုတ်နုတ်ပြီး ကျေးရွာအလိုက် လုံခြုံရေးများ ချထားဆောင်ရွက် ပေးလျက်ရှိကြောင်း၊ ၎င်းဒေသခံများအတွက် လိုအပ်သည့် စားနပ်ရိက္ခာနှင့် လိုအပ်သည့် အထောက် အပံ့ပစ္စည်းများကိုလည်း သက်ဆိုင်ရာနိုင်ငံတော်နှင့် သက်ဆိုင်ရာပြည်နယ်အစိုးရတို့မှ ကြပ်မတ်မှုနှင့် ပြည်သူများ လက်ဝယ်သို့ရောက်ရှိစေရေးကိုလည်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ နောင်အလားတူ ဒေသစွန့်ခွာ ထွက်ပြေးမှုများမဖြစ်စေရေးအတွက်လည်း နိုင်ငံတော်အဆင့်၊ ပြည်နယ်အဆင့် ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီများ၏ လုပ်ငန်းတာဝန်များကိုလည်း ၎င်းရေရှည်အစီအမံများကို လုပ်ငန်းတာဝန်များသတ်မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည် ဖြေကြားပါသည်။