(င) - မန်ဝိန်းကြီးဒေသရှိ တရုတ်-မြန်မာနယ်ခြား ဖြစ်သော (၅၃/၂)ကျောက်တိုင်အနီးတရုတ်နိုင်ငံ ဘက်မှလယ်သမားများဝင်ရောက်စိုက်ပျိုးလုပ်ကိုင် ခြင်း အား တားမြစ် ပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး နဝမနေ့ (၁၅.၂.၂၀၁၇)

မံစီမြို့နယ်သည် တရုတ်ပြည်နှင့်နယ်နိမိတ်ချင်းထိစပ်နေသည့် မြို့တစ်မြို့လည်းဖြစ်ပါကြောင်း၊ထို့ကြောင့် နယ်နိမိတ်ချင်းထိစပ် နေသည့်နေရာဒေသများတွင် မံစီမြို့နယ်၊ မန်ဝိန်းကြီးဒေသမှာရှိသည့် တောင်သူ လယ်သမားများနှင့် တစ်ဖက်နိုင်ငံမှ တောင်သူလယ်သမားများနှင့် မြေယာပြဿနာ မကြာခဏ ဖြစ်ပွားလျက်ရှိပါကြောင်း၊ မိမိသိလိုသည်မှ မံစီမြို့နယ်၊ မန်ဝိန်းကြီးဒေသမှာရှိသည့် တရုတ်- မြန်မာ နယ်စပ် ဖြစ်သည့် (၅၃/၂)ကျောက်တိုင်အနီး တရုတ်ဘက် ကနေမှ မြန်မာဘက်ကို လယ်သမား များ ဝင်ရောက် စိုက်ပျိုးလုပ်ကိုင်နေခြင်းကို တားမြစ်ပေးဖို့အစီအစဉ်ရှိ/မရှိနှင့် နယ်နိမိတ်ကျောက်တိုင်အမှတ် (၅၃/၄) ကိုလည်း ချောင်းအတွင်းမှာပြိုကျခါနီးဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ အချိန်မီ ချောင်းရိုးတစ်လျှောက် မြေထိန်းနံရံ တည်ဆောက်ပေးဖို့ အစီအစဉ်ရှိ/မရှိကို  သိရှိလိုပါကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊မံစီမြို့နယ်၊မန်ဝိန်းကြီးဒေသ၊ပန်ခမ်းကျေးရွာအုပ်စုဟာ တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နယ်မြေဖြစ်ပါကြောင်း၊ မြန်မာ-တရုတ်နယ်စပ်နယ်ခြားမျဉ်းသည် ပန်ခမ်း ကျေးရွာ ရှိ နမ့်ဝမ်ချောင်း အလယ်တွင်တည်ရှိပြီး နယ်နိမိတ်မှတ်တိုင်အမှတ်(၅၃/၂)သည် မြန်မာနိုင်ငံဘက်ခြမ်းရှိ ပန်ခမ်းအုပ်စု၊ နောင်မွန်းကျေးရွာနှင့် တရုတ်နိုင်ငံဘက်ခြမ်းရှိ ကောင်းခမ်းကျေးရွာနှင့် လွယ်ဝိန်းကျေးရွာ၊ နယ်နိမိတ်မှတ်တိုင်အမှတ်(၅၃/၄)သည် မြန်မာနိုင်ငံဘက်ခြမ်းမှာရှိ မန်အိုက်ကျေးရွာနှင့် တရုတ်နိုင်ငံ ဘက်ခြမ်း ရှိ မန်ပန်ကျေးရွာတို့ နှင့်ထိစပ်လျက် ရှိပါကြောင်း၊ အဆိုပါနယ်စပ်ဒေသသည် မံစီမြို့နယ်အတွင်း တည်ရှိ သော်လည်း မံစီမှ တိုက်ရိုက်သွားရောက်ရန်ခက်ခဲပြီး မန္တလေး-မူဆယ်-နမ့်ခမ်း-မန်ဝိန်းကြီးဘက်မှတစ်ဆင့်  သွားရောက် ရသည့်ဒေသ လည်းဖြစ်ပါကြောင်း၊

မံစီမြို့နယ်၊မန်ဝိန်းကြီးဒေသ၊ပန်ခမ်းဂိတ်အနီး၊ မြန်မာ-တရုတ်နယ်ခြားနယ်နိမိတ်မှတ်တိုင် (၅၃/၂)အနီး မြန်မာဘက်ခြမ်း မြန်မာ့လယ်ယာမြေပေါ်တွင် တရုတ်စီးပွားရေးလုပ်ငန်းရှင်များမှ မြန်မာတောင်သူများကို ကြိုတင်ငွေ အရင်းအနှီး စိုက်ထုတ်ပေးပြီး သီးနှံပေါ်ချိန်တွင် ကာလပေါက်ဈေး ဖြင့် ငွေအရင်းအနှီး စိုက်ထုတ် ပေးသူထံ ပြန်လည်ရောင်းချကာ ချေးယူထားသည့်ငွေကို ပြန်လည်ပေးဆပ် သည့်စနစ်ဖြင့် စိုက်ပျိုးနေခြင်းများ ရှိကြောင်း၊ အဆိုပါ နယ်နိမိတ် မှတ်တိုင်(၅၃/၂)အနီးမှာရှိတဲ့ မြန်မာ့ လယ်ယာမြေပေါ်မှာ တရုတ်နိုင်ငံသားများ ဝင်ရောက်လုပ်ကိုင်နေကြောင်း စိစစ်တွေ့ရှိရပါက ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး ပြဋ္ဌာန်းချက်များ အက်ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊

မြန်မာ-တရုတ်နယ်နိမိတ်မှတ်တိုင်အမှတ်(၅၃/၄)ကို ကမ်းပါးပြိုကျမှုနှင့်အတူ ပြိုလဲမကျစေရေးအတွက် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန၊ ဒေသ-၁၀ မှ ဗန်းဗော်ခရိုင်၊ မံစီမြို့ရှိ မြန်မာ-တရုတ် နယ်နိမိတ်မှတ်တိုင်များအနီး ကမ်းပြိုမှုများကို ကာကွယ်နိုင်ရန်အတွက် မြန်မာနိုင်ငံရဲ့ပိုင်နက်နယ်မြေ ရေတိုက်စားဆုံးရှုံးမှု မဖြစ်စေရန် အတွက် ရေဦးထိုးတိုက်စားလျက်ရှိသည့် နေရာများကို နှစ်အလိုက် ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် မြန်မာ-တရုတ် နယ်နိမိတ်မှတ်တိုင်အမှတ် (၅၃/၄)အနီး ကမ်းပါးပြိုကျမှုကာကွယ်ခြင်းလုပ်ငန်းတွေကို ၂၀၀၉-၁၀ ဘဏ္ဍာရေးနှစ်မှာ အလျား ပေ ၆၀၀ ၊၂၀၁၀-၁၁ ဘဏ္ဍာရေးနှစ်တွင် အလျား ၂၁၀ ပေနှင့် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်တွင် အလျား ၆၇၅ ပေတို့ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ နယ်နိမိတ်မှတ်တိုင်အမှတ် (၅၃/၄) သည် မံစီမြို့နယ်၊ မန်အိုက်ကျေးရွာ၊ နမ့်ဝမ်ချောင်းကမ်းပါး တွင်တည်ရှိပြီး ရေကြောင်းပြောင်းလဲမှုကြောင့် ရေတိုက်စားမှုကြောင့်ကမ်းပါးပြိုကျပြီး နမ့်ဝမ်ချောင်းအတွင်းသို့ ယိမ်းယိုင်စပြုနေပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် နယ်နိမိတ်မှတ်တိုင်အမှတ်(၅၃/၄)၏ အရှေ့ကမ်းပြိုကာကွယ်ရေး လုပ်ငန်းအဖြစ် Steel Basket(သံခြင်း) အခြေပြုကျောက်စီမြေထိန်းနံရံအလျား ပေ ၁၀၀ တည်ဆောက်ရန်အတွက် ခန့်မှန်း ကုန်ကျငွေ ကျပ်သိန်း ၂၀၆ သိန်းဖြစ်ကြောင်း၊ လုပ်ငန်းရန်ပုံငွေရရှိရေးအတွက် ကချင်ပြည်နယ်၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒေသ-၁၀ မှ ကချင် ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြခဲ့ပါကြောင်း၊ ကချင် ပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်ရန်ပုံငွေအစီအစဉ်တွင် ထည့်သွင်း လျာထားခဲ့ခြင်းမရှိသည့်အတွက် နိုင်ငံတော်သမ္မတ ၏သီးသန့်ရန်ပုံငွေမှ ကျခံသုံးစွဲခွင့်ရရှိရေး တင်ပြခဲ့ရာ ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း(RE)တွင် ထည့်သွင်း လျာထားရန် ညွှန်ကြားခဲ့ပါကြောင်း၊ သို့သော် RE နှင့် BE တို့တွင် ထည့်သွင်းရန် အချိန်မမီ သည့်အတွက် ၂၀၁၇-၁၈ ဘဏ္ဍာရေး နှစ် မူလလျာထားချက်တွင် ခေါင်းစဉ် ပြောင်းလဲသုံးစွဲခြင်း သို့မဟုတ် တင်ဒါခေါ်ယူရာ တွင် ပိုလျှံရန်ပုံငွေ မှ ကျခံသုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန် လျာထား ထားရှိပါကြောင်း ဖြေကြား ပါသည်။