(ဃ)-နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ“မိုပိုင်းလွတ် မြို့” (အမည်မှား) အား မူလ အမည်မှန် အတိုင်း “မိုဝိုင်လွတ်မြို့”ဟုပြင်ဆင်ခေါ်ဝေါ်ပေးရန်အစီအ စဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး နဝမနေ့ (၁၅.၂.၂၀၁၇)

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ ယခုအခေါ် မိုပိုင်းလွတ်မြို့နယ်၏ အမည်သည် မြို့နယ်ခွဲမရမီကာလ မ.ဆ.လ ခေတ်မှ တပ်မတော်အစိုးရ လက်ထက်အထိ မိုဝိုင်လွတ်ဟုသာ သက်ဆိုင်ရာအစိုးရရုံးများမှ တရားဝင်အသုံးပြုခေါ်ဝေါ်ခဲ့သော်လည်း မြို့နယ်အဆင့် တိုးမြှင့်ပေးသည့် ၂၀၁၁ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့မှစတင်ကာ မိုပိုင်းလွတ် မြို့နယ်ခွဲ အမည်ဖြင့်‌ ပြောင်းလိုက်ပြီး ဌာနဆိုင်ရာများ၏ ရုံးဆိုင်းဘုတ်များနှင့် ရုံးတံဆိပ်များတွင် မှားယွင်းစွာ သုံးစွဲ လာသည်မှာ ယခု မြို့အဖြစ် ပြောင်းလဲသတ်မှတ်သည့်တိုင်အောင် အမည်မှားကိုသာ အသုံးပြုနေဆဲ ဖြစ်ပါကြောင်း၊

မည်သည်‌့တိုင်းရင်းသာမဆို မြို့၊ ရွာများ တည်ရာတွင် ၎င်းတို့၏အယူအဆ၊ ဓလေ့ထုံးတမ်း အစဉ် အလာအရ အဓိပ္ပာယ်နှင့် အမည်နာမများကို အမြတ်တနိုးသတ်မှတ်ခေါ်ဝေါ်ကြပါကြောင်း၊ အလားတူ မိုဝိုင်လွတ်ဟု ခေါ်ဝေါ်သည့် အဓိပ္ပာယ်မှာ ဟူကင်းချင်းတိုင်းရင်းသားဘာသာစကားဖြင့် အရှေ့မှ အနောက်သို့ သွယ်တန်းနေသော တောင်ရိုးကို အစွဲပြုပြီး တောင်ကန့်လန့် သို့မဟုတ် အလျား လိုက်လဲနေသောတောင်ရိုးဟူသော အဓိပ္ပာယ်ဖြင့် စော်ဘွားတစ်ဦးမှ အမည်ပေး ခေါ်ဝေါ်ခဲ့သည့်ဟု သိရှိရပါကြောင်း၊ ၎င်းဒေသခံပြည်သူများမှ မူလအမည်မှန်အတိုင်း ပြောင်းလဲပေးရန် သက်ဆိုင်ရာ အဖွဲ့အစည်းများကို သုံးကြိမ်တိုင်တိုင် တင်ပြကြိုးစားခဲ့ပေးခဲ့သော်ညလ်း အလေးထားဆောင်ရွက် ပေးခြင်း မရှိသည့်အတွက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ လေရှီးမြို့နယ်အတွင်းရှိ မိုပိုင်းလွတ်မြို့ အမည်မှားအား မူလအမည်မှန်အတိုင်း မိုဝိုင်လွတ်မြို့ဟု ပြင်ဆင်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါ ကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

၁၉၇၄ ခုနှစ်၊ ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထဲရေးနှင့် သာသနာရေး ဝန်ကြီးဌာန၊ ပြည်နယ် နှင့်တိုင်းဒေသကြီးများရှိ မြို့နယ်အလိုက် မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများတည်ရှိမှု စာရင်းစာအုပ်တွင် လေရှီးမြို့နယ်၊ မိုပိုင်းလွတ်ကျေးရွာအုပ်စု၊ မိုပိုင်းလွတ် ကျေးရွာဟု ဖော်ပြထားရှိပါကြောင်း၊ ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ခန္တီးခရိုင်၊ လေရှီးမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုငါးအုပ်စုနှင့် ကျေးရွာ ၁၄ ရွာကိုစုစည်းပြီး ရပ်ကွက် တစ်ရပ်ကွက်၊ ကျေးရွာအုပ်စုလေးအုပ်စုနှင့် ကျေးရွာ ၁၂ ရွာပါဝင်သော မိုပိုင်းလွတ်မြို့နယ်ခွဲအဖြစ် တိုးချဲ့ ဖွဲ့စည်းခွင့်တင်ပြခဲ့သည့်အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ညီညွတ်သော အုပ်ချုပ်ရေးဖြစ်စေ ရန်အတွက် မြို့နယ်ခွဲများကို မြို့အဖြစ်သာ ဖွဲ့စည်းထားရှိရန် ပြည်ထဲရေးဝန်ကြီးဌာနမှ ၂၀၁၄ ခုနှစ်၊ မေလ ၂၂ ရက်နေ့တွင် မြို့နယ်ခွဲစကားရပ်ကို ပယ်ဖျက်ခဲ့ခြင်းကြောင့် မိုပိုင်းလွတ်မြို့နယ်ခွဲကို မိုပိုင်းလွတ်မြို့အဖြစ် ပြောင်းလဲအမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့ပါကြောင်း၊

မိုပိုင်းလွတ်မြို့ကို မိုဝိုင်လွတ်မြို့အမည်ပြောင်းလဲရေးကိစ္စနှင့်ပတ်သက်၍ မြို့အတွင်းသို့ ဒေသခံများ၏ သဘောဆန္ဒအရ အမည်ပြောင်းလဲပြင်ဆင်ခွင့်ပြုပါရန် တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြခဲ့သည့် အတွက် ၂၀၁၆ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏  အစည်းအဝေးအမှတ်စဉ် (၆/၂၀၁၆) ဆုံးဖြတ်ချက် (၃) အရကန့်ကွက်ခြင်းဖြင့် ဆုံးဖြတ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ နိုင်ငံတော်သမ္မတရုံးသို့ ၂၀၁၆ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့တွင် သဘောထားတင်ပြတောင်းခံခဲ့ရာ အစိုးရတာဝန်လွှဲပြောင်းကာလဖြစ်သည့်အတွက် လုပ်ငန်းများ ရပ်ဆိုင်းပြီး နောင်အစိုးရလက်ထက်မှသာ ပြန်လည်တင်ပြရန် နိုင်ငံတော်သမ္မတရုံးမှ ပြန်လည် ပေးပို့ခဲ့သည့်အတွက် မိုဝိုင်လွတ်အမည်ပြောင်းလဲရေးကိစ္စနှင်‌့ပတ်သက်ပြီး ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေးအမှတ်စဉ် (၁၄/၂၀၁၆)ဆုံးဖြတ်ချက် (၅၂)မှထောက်ခံတင်ပြရန် ထပ်မံဆုံးဖြတ်ခဲ့ပါကြောင်း၊

 မိုပိုင်းလွတ်မြို့အမည်ကို ပထမအကြိမ်ပြည်သူ့လွှတ်တော်(၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် ဟုမ္မလင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေး၏ မေးမြန်းချက်တွင် မော်ဝိုင်လွတ်မြို့နယ်ခွဲဟူ၍ လည်းကောင်း၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးမှာ လေရှီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေး၏ မေးမြန်းချက်တွင် မိုဝိုင်လွတ်မြို့ဟူ၍ လည်းကောင်း၊ ဒေသခံဒင်းခိုပေါင်(ပညာရေးဌာန-ငြိမ်း)လေရှီး မြို့နယ်တွင် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်စွဲပါစာဖြင့် ဦးကျော်ဌေး၊ လေရှီးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် ဦးမင်းနိုင်၊ လေရှီးမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်သို့ လိပ်မူ၍ မြို့အမည်မှားယွင်းစွာသုံးစွဲနေမှုအား အမှန်ပြုပြင်ပေးနိုင်ရေးအတွက် လိုအပ်သလို ဆောင်ရွက်ပေးနိုင်ပါရန် စစ်ကိုင်းတိုင်းဒေသကြီး  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လိပ်မူ ပေးပို့သည့်စာတွင် မိုဝိုင်းလွတ်ဟု ပြင်ဆင်ပေးရန် တင်ပြလာကြောင်း တွေ့ရှိရသည့်အတွက် ဒေသခံတို့၏ အမည်ပြင်ဆင်ပြောင်းလဲရေး တင်ပြချက်များမှာ သတ်ပုံအမျိုးမျိုးကွဲလွဲလျက်ရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊

ထို့ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသသို့ မြို့အမည်မှန် ပြင်ဆင်နိုင်ရေးအတွက် ဒေသခံတို့၏ သဘောထားရယူပြီး ပြန်လည်တင်ပြစေခဲ့ ပါကြောင်း၊  ထိုသို့ အကြောင်းကြားချက်အရ မိုပိုင်းလွတ်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဒေသခံများ၏ သဘောထား ဆန္ဒခံယူပွဲပြုလုပ်ပြီး  ဒေသခံများ၏ သဘောဆန္ဒဖြင့် မိုဝိုင်းလွတ် အမည်ကို အတည်ပြုထောက်ခံခဲ့ပါကြောင်း၊

 သို့ပါ၍ ဒေသခံတို့၏ သဘောဖြင့် မိုပိုင်းလွတ်မြို့အား မိုဝိုင်းလွတ်မြို့အမည်ဖြင့် အမည်ပြင်ဆင် သတ်မှတ်နိုင်ရေးအတွက်ကို  စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင်  နိုင်ငံတော်သမ္မတရုံးသို့ တင်ပြထားရှိပြီးဖြစ်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။