(ဂ)-One Stop Service (OSS)ရုံးဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်(၄)ရပ်ကိုအကောင်အထည်ဖော်နိုင် ရန် မည်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး နဝမနေ့ (၁၅.၂.၂၀၁၇)

မိမိအနေဖြင့် One Stop Service (OSS)ရုံး ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်လေးချက်ကို အကောင် အထည် ဖော်နိုင်ရန် မည်ကဲ့သို့လုပ်ကိုင် ဆောင်ရွက်နေသည်ကို သိလိုခြင်းနှင့် OSS ရုံးကနေ ဝန်ဆောင်မှုပေးဖို့ အတွက် ရည်ရွယ်ထားသည့် လုပ်ငန်းအမျိုးအစား ၁၅ မျိုးမှ အရေအတွက်မည်မျှကို One Stop Service ဖြစ်စေဖို့အတွက် စီမံ ဆောင်ရွက်ပြီးဖြစ်နေသည်နှင့် မည်မျှတာဝန်ခံ ဆောင်ရွက် နေသည်ကို သိရှိလိုခြင်းကြောင့် ယခုမေးခွန်းကို မေးမြန်းရခြင်းဖြစ်ပါကြောင်း၊  ပြည်သူ့ဝန်ဆောင်မှု ရုံးများသည် မြို့နယ်တိုင်းတွင်ရှိသော်လည်း ပြည်သနှင့် ဝန်ထမ်းက  စိတ်ဝင်စားမှုလျော့နည်းလျက် ရှိသည့်အပြင်  အကျိုးသက်ရောက်မှုနည်းသည်ဟု ခံစားရပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း OSS သို့ ဝန်ထမ်းစေလွှတ်ပေးရခြင်းကြောင့် လုပ်အား ဆုံးရှုံးရသည့်ဟု သိရှိရပါကြောင်း၊ ထို့ကြောင့် အဆိုပါ OSS ရုံးများတွင် ဝန်ထမ်းများကို သီးခြား ခန့်သင့်/မသင့်ကို ဝန်ကြီးဌာနအနေဖြင့် စဉ်းစားပေးစေလိုပါကြောင်း၊

ဝန်ဆောင်မှုလုပ်ငန်းများကို ပြည်သူလူထု၏အခြေခံလိုအပ်ချက်များ အဆင်ပြေချောမွေ့စေသော ဝန်ဆောင်မှုများပေးရန်၊ ပြည်သူများက အစိုးရနှင့်ဌာနဆိုင်ရာများအပေါ် အားကိုးယုံကြည်မှု တိုးပွား စေရန်၊ တာဝန်ထမ်းဆောင်နေ သောဝန်ထမ်းများ ဌာနများအလိုက်အပြန်အလှန်ထိန်းကျောင်းမှု ပြုနိုင် ရန်၊ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုကို တားမြစ်၍ ထိရောက်သောဝန်ဆောင်မှု အလေ့ အကျင့်အား မွေးမြူပေးရန်ဟူသော ရည်ရွယ်ချက်လေးချက်ဖြင့် ဖော်ဆောင်နေပါကြောင်း၊ ပြည်သူက အစိုးရနှင့် ဌာနဆိုင်ရာတွေအပေါ် အားကိုးယုံကြည်မှုတိုးပွားစေရန် ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်ပေးနိုင်သမျှကို ပြောထားသည်နှင့်အညီ အကောင်အထည်ဖော်ပေးနိုင် စေလိုပါကြောင်းနှင့်  အချိန်တိကျစေလိုပါကြောင်း၊

OSS ရုံးများထားရှိခြင်းသည် ပြည်သူများအနေဖြင့် ဝန်ကြီးဌာနတွေအားလုံးကို သွားလာရန် မလိုအပ်သည့်အတွက် လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုကိုလည်း တားမြစ်နိုင်ပါကြောင်း၊ OSS ရုံးများတွင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့်ကိစ္စရပ်များအပေါ် စာရင်းမှတ်သားထားရှိပြီး နောက်အကြိမ်များအတွက် ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများကို  ပြင်ဆင်ထားစေလိုပါကြောင်း၊ လာဘ်ပေးလာဘ်ယူနဲ့အဂတိနှင့် ပတ်သက်၍  ပြည်သူနှင့် တိုက်ရိုက် ထိတွေ့ရသော  မြို့နယ် ဦးစီးမှူးများက ဥပဒေအရမဖြစ်နိုင်သည့် ကိစ္စဆောင်ရွက်ထားခြင်းအပေါ်လည်း အထက်အဆင့် အရာရှိများက အလေးအနက်ထားစေလိုပါကြောင်း၊  သို့မှသာ OSS ရုံးများအပေါ် ပြည်သူများမှ စိတ်ပါဝင်စာ ယုံကြည်မှုရရှိလာမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် One Stop Service (OSS)ရုံး ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်(၄)ရပ်ကို အကောင်အထည်ဖော်နိုင်ရန် မည်ကဲ့သို့ လုပ်ကိုင်ဆောင် ရွက်နေသည်နှင့်စပ်လျဉ်း၍ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားကောင်းမွန်စွာလည်ပတ်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်များ၊ ပြည်ထောင်စုနယ်မြေနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသများ၊ ခရိုင်/မြို့နယ်များတွင် ဖြန့်ခွဲပြီး နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွားကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊

အစိုးရဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းဝန်ဆောင်မှုများကို ဆောင်ရွက်ပေးရာတွင် One Stop Service နှင့် One Stop Shop ဟူပြီး နှစ်မျိုးခွဲခြားအကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ One Stop Service သည် လုပ်ငန်းအကြောင်းအရာတစ်ခုတည်းအတွက်ကို ရည်ရွယ်ပြီး ထိုလုပ်ငန်းပြီးမြောက်စေရန် လိုအပ်သည့် စာရွက်စာတမ်းများ၊ ထောက်ခံချက်များကို သက်ဆိုင်ရာ ဌာနများသို့ သွားရောက်ဆောင်ရွက်ရန်မလိုဘဲ တစ်နေရာထဲမှာ ပြီးမြောက်အောင် ဆောင်ရွက် ပေးသော လုပ်ငန်းဖြစ်ပါကြောင်း၊  ယခုအခါ One Stop Service အဖြစ် သီလဝါအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီတွင် ကုမ္ပဏီမှတ်ပုံတင်ခြင်းလုပ်ငန်းကို စားသုံးသူရေးရာဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန များအပါအဝင် ဌာနကိုးခုနှင့် တစ်နေရာတည်းတွင် ဆောင်ရွက်ပေးနေသည့်နည်းတူ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင်လည်း သွင်းကုန်/ထုတ်ကုန်လိုင်စင်ထုတ်ပေးခြင်းလုပ်ငန်းကို ကုန်သွယ် ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနအပါအဝင် ဌာန ၁၂ ခုတို့နှင့် တစ်နေရာတည်းတွင် ဖွင့်လှစ်ပြီးဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

ယခု မြို့နယ်အလိုက်ဖွင့်လှစ်ထားရှိသည့် ပြည်သူ့ဝန်ဆောင်မှုရုံး  OSS သည် One Stop Shop ဝန်ဆောင်မှုရုံးဖြစ်သည့်အတွက် သက်ဆိုင်ရာဌာနတစ်ခုစီမှ   ဝန်ထမ်းကိုယ်စားလှယများကို ပြည်သူ့ဝန်ဆောင်မှုရုံးသို့စေလွှတ်ပြီး  သက်ဆိုင်ရာဌာန၏ အစိတ်အပိုင်းအဖြစ် ကိုယ်ပိုင်ကောင်တာ များကို တစ်နေရာထဲမှာထားရှိကာ ဝန်ဆောင်မှုရယူသူများအတွက် အချိန်ကုန်သက်သာပြီး လွယ်ကူမှု ရရှိစေရန် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊

 ပြည်သူ့ဝန်ဆောင်မှုရုံးများတွင် အဓိကအားဖြင့် စားသောက်ဆိုင်၊ ပုဂ္ဂလိကအိမ်ဆိုင်လုပ်ငန်း လိုင်စင်ရယူခြင်းကိစ္စရပ်များ၊ ယစ်မျိုးလိုင်စင်အပါအဝင် အခွန်လေးမျိုးကောက်ခံခြင်း၊ မြေစာရင်း ပုံစံ(၁၀၅)ရေးကူးခွင့်ဆိုင်ရာကိစ္စရပ်များ၊ မြေငှားဂရန်လျှောက်ထားခြင်းကိစ္စများ၊ ဘိလိယက်ခုံလိုင်စင် ထုတ်ပေးခြင်းကိစ္စရပ်များ၊ ပျော်ပွဲရွှင်ပွဲအတွက်ပွဲမိန့်လျှောက်ထားခြင်းကိစ္စရပ်များ၊ နိုင်ငံသားစိစစ်ရေး ကတ်လျှောက်ထားခြင်းကိစ္စရပ်များ၊ အိမ်ထောင်စုလူဦးရေပြောင်း/ဝင်/ထွက်ကိစ္စရပ်များ၊ မွေးဖွားမှု၊ သေဆုံးမှုကိစ္စရပ်များ၊ ပထမသတင်းပေးတိုင်ကြားချက်များ၊ မီးဘေးလုံခြုံရေးကိစ္စရပ်များ၊ စည်ပင်နဲ့ ပတ်သက်တဲ့ ရေ၊ မီး၊ မိလ္လာသန့်ရှင်းရေးကိစ္စရပ်များ၊ သစ်တောနှင့်သက်ဆိုင်သောကိစ္စရပ်များ၊ လူမှု ဖူလုံရေး၊ အလုပ်သမားအလုပ်အကိုင်ရရှိရေးကိစ္စရပ်များ၊ မွေးမြူရေးနှင့်ရေလုပ်ငန်းဆိုင်ရာ ကိစ္စရပ် များနှင့်ပတ်သက်ပြီး ချက်ချင်းဆောင်ရွက်ပေးနိုင်သည်များကို ချက်ချင်းဆောင်ရွက်ပေးပြီး ချက်ချင်း ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး ဆောင်ရွက်ပုံနည်းအဆင့်ဆင့်နှင့် လုပ်ထုံးလုပ်နည်းများကို အသိပေးရှင်းလင်းခြင်း၊ သက်ဆိုင်ရာဌာနများသို့ ညွှန်ပြပေးခြင်းများကို ဝန်ဆောင်မှု ပေးလျက်ရှိပါကြောင်း၊ အထက်တွင် တင်ပြခဲ့သော OSS ရုံးမှ ဝန်ဆောင်မှု ပေးနိုင်သည့်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ရာ ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ စုစုပေါင်း လုပ်ငန်း အရေအတွက် ၁၅၅၈၇၆၁ ခုကိုဝန်ဆောင်မှုပေးနိုင်ခဲ့ပါကြောင်း၊

ပြည်သူ့အတွက် OSS ဟူသောဆောင်ပုဒ်နှင့်အညီ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) များကို ရည်ရွယ်ချက်လေးရပ်ဖြင့်ထူထောင်ဖွင့်လှစ် အကောင်အထည်ဖော်ရေးအတွက်ကို လုပ်ငန်း ကော်မတီကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ ညွှန်ကြားရေးမှူးချုပ်ကို  အတွင်းရေးမှူး အဖြစ်ခန့်အပ်ပြီး အဖွဲ့ဝင် ၁၄ ဦးဖြင့်ဖွဲ့စည်း တာဝန်ပေး အပ်ခဲ့ပါကြောင်း၊ ပြည်သူတို့၏ အခြေခံလိုအပ်ချက်များအား အတတ်နိုင်ဆုံးဖြည်‌့ဆည်းပေးနိုင်ရေး အတွက် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS)များကို ၂၀၁၅ ခုနှစ်၊       ဇူလိုင်လ ၇ ရက်နေ့တွင် စတင်ဖွင့်လှစ် ခဲ့ပြီး မြို့နယ် ၃၃၀ ရှိသည့် အနက် နယ်မြေအခြေအနေအရ မဖွင့်လှစ်နိုင်သေးသည့် ရုံး ၁၄ ရုံးမှအပ မြို့နယ် ၃၁၆ မြို့နယ်တို့တွင် ဖွင့်လှစ်နိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုရုံးများအား ဖွင့်လှစ်ပြီး ဆောင်ရွက်ပေးမှုအခြေအနေတွေကို  သိသာ၊ မြင်သာစေရန်အတွက်  ရုံးခန်းတစ်ခု တည်းတွင် ကောင်တာများ ဖွင့်လှစ်ထားရှိခြင်း၊ ရုံးအဝင်မျက်နှာစာမှာ ဌာနဆိုင်ရာအလိုက် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်းများကို ဗီနိုင်းဖြင့် ချိတ်ဆွဲထားခြင်း၊ ပြည်သူများ သိရှိစေရေးအတွက် သတင်း၊ ဂျာနယ်၊ မီဒီယာများမှလည်း အသိပေးဆောင်ရွက်ခြင်းများ လုပ်ဆောင်လျက်ရှိပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုရုံး၏  ရှေ့ပြေးအစီအစဉ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှု ကြီးကြပ် ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနအပါအဝင်  ဌာနခုနစ်ခုဖြင့် စတင်ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအပါအဝင်  ဌာနရှစ်ခုကို ထပ်မံထည့်သွင်းပြီး စုစုပေါင်းဌာန ၁၅ ခုဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

ပြည်သူ့ဝန်ဆောင်မှုရုံးများတွင်  ဝန်ဆောင်မှုပေးလျက်ရှိသည့်ဌာနများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များ၏ လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်ပြီး ကွာခြားမှုလည်းရှိနိုင်ပါကြောင်း၊ ပြည်သူ့ ဝန်ဆောင်မှု ရုံးများတွင် တာဝန် ထမ်းဆောင်ရန်အတွက် ဌာနဆိုင်ရာအလိုက် ဖွဲ့စည်းပုံမရှိ သေးသော်လည်း ဝန်ထမ်းများကို အလှည့်ကျဆောင်ရွက်ခြင်းထက် လုပ်ငန်းကျွမ်းကျင်မှု ရှိသူ၊ ဆက်ဆံရေးပြေပြစ်ကောင်းမွန်သူကိုရွေးချယ်ပြီး ပင်တိုင် တာဝန်ပေးအပ်နိုင်ရေးကိုလည်း ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူ့ဝန်ဆောင်မှုရုံးများ ဖွင့်လှစ်ရာတွင် ပါဝင်သည့်ဝန်ကြီးဌာနများ၊ ဦးစီးဌာနများအနေဖြင့် မိခင်ဌာန၏ လုပ်ငန်းစဉ်များအားလုံးအား သုံးသပ်ပြီး အချိန်တို၍ ဈေးသက်သာ စေမည့်နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းအချို့ကို တက်နိုင်သမျှ ဖြေလျှော့သွားနိုင်ရေး၊ ကာလတို သို့မဟုတ် တစ်ရက်တည်းဖြင့်ဆောင်ရွက်ပေးနိုင်မယ့်လုပ်ငန်းများအား ရွေးချယ်သတ်မှတ် ဆောင်ရွက် နိုင်ရေး၊ ဝန်ဆောင်မှုပေးနေသည့်ပုံစံများ၊ တာဝန်ပေးအပ်သည့် ဝန်ထမ်းများ ပုံမှန်ဖြစ်စေရေးတို့ အတွက်လည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ပါ၍ ပြည်သူ့ဝန်ဆောင်မှုရုံးများ(OSS- One Stop Shop)ရုံးများမှ ဆောင်ရွက်ပေးနိုင်သည့် လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆန်းစစ်ပြီး ပြည်သူများရယူလိုသည့်ဝန်ဆောင်မှုကိစ္စရပ်များကို OSS ရုံးတစ်ခု တည်းတွင်သာ လွယ်ကူစွာဆောင်ရွက်သွားနိုင်သည်အထိ ရည်မှန်းချက်ထားရှိ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။