ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ အောက်ဖော်ပြပါကမ်းခြေများအား ပြည်တွင်း/ပြည်ပ ဧည့်သည်များ လာရောက်လည်ပတ်နိုင်ရန် ခရီးစဉ်ဒေသများအဖြစ် သတ်မှတ်ထားတာကို တွေ့ရှိရပါကြောင်း၊ (၁) မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၊ ကျိုက္ခမီမြို့ရှိ စက်စဲကမ်းခြေ၊ (၂) ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်း မြို့နယ်ရှိ လက်ခုတ်ကုန်းကမ်းခြေ၊ (၃) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ရွှေသောင်လျံမြို့ရှိ ချောင်းသာကမ်းခြေ၊ (၄) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ငွေဆောင်မြို့ရှိ ငွေဆောင်ကမ်းခြေ၊ (၅) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ရှိ ကမ်းသာယာကမ်းခြေ၊ (၇) ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်ရှိ ငပလီကမ်းခြေ တို့ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ခရီးသွားလုပ်ငန်းမှ နိုင်ငံခြားဝင်ငွေအများဆုံး ရရှိသဖြင့် ခရီးသွားလုပ်ငန်းကို မီးခိုးတိပ် ခေါင်းတိုင်ကြီးလို့ တင်စားခေါ်ဝေါ်ခဲ့ပါကြောင်း၊ငပလီကမ်းခြေသည် လေကောင်းလေသန့်ရရှိပြီး အရှေ့တောင် အာရှတွင် သန့်ရှင်းလှသည့် ကမ်းခြေတစ်ခုဖြစ်သောကြောင့် အရှေ့တောင်အာရှတွင် အဆင့်တစ် ၊ ကမ္ဘာနံပါတ် ၈ နေရာတွင် ရှိသည်ဟု ထုတ်ပြန်ကြေညာ ထားတာကို တွေ့ရှိရပါကြောင်း၊ လာရောက်သည့် ခရီးသည်ဦးရေမှ ၂၀၁၄ ခုနှစ်တွင် ၃၆၀၀၀ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၃၉၀၀၀ ဦးနှင့် ၂၀၁၆ ခုနှစ်တွင် ၄၀၀၀၀ ကျော် ဝင်ရောက်ခဲ့ခြင်းကြောင့် ပြည်တွင်းပြည်ပဧည့်သည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် လိုအပ်ပါ ကြောင်း၊
ငပလီကမ်းခြေ ဇီးပီးကုန်းကျေးရွာတွင် မြေဧက ၃၅.၅၇ ဧကကို ဇီးပီးကုန်း ကျေးရွာမိသားစု ၅၇ ဦးမှပိုင်ဆိုင်ပြီး ၁၉၉၉ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံတော်အစိုးရမှ လျော်ကြေး တစ်စုံတစ်ရာပေးဆောင်မှုမရှိဘဲ သိမ်းယူခဲ့ပြီး ကုမ္ပဏီခြောက်ခုက DOT စနစ်နှင့် နှစ် ၃၀ ဂရန်ချပေး ငှားရမ်းပြီး ဟိုတယ်များဆောက်လုပ်ခွင့်ပြုခဲ့ပါကြောင်း၊ ထို့ကြောင့် ဒေသခံပြည်သူများ တစ်ပိုင်တစ်နိုင် ဆောင်လုပ်လျက်ရှိသည့် တည်းခိုခန်းငှားရမ်းခြင်းလုပ်ငန်း ပျောက်ကွယ်ခဲ့ရပြီး DOT စနစ်နှင့် အခြားခန့် ငှားချပေးထားသည့် ကုမ္ပဏီများမှ လင်းဇာနည်ကုမ္ပဏီ၊ အေဒင်ကုမ္ပဏီ၊ ဖော်ကျွန်းကုမ္ပဏီ၊ Mast Myanmar ကုမ္ပဏီနှင့် အင်မေးစင်းကုမ္ပဏီတို့ ဖြစ်ပါကြောင်း၊
ယခုအခါ ငပလီကမ်းခြေတွင် တည်းခိုရိပ်သာနှင့် ဟိုတယ်များဆောက်လုပ် ရန် မြေမရှိခြင်း၊ မြေစာရင်း ထုတ်ချေးခြင်းတို့ကြောင့် ဒေသခံတို့၏ စီးပွားရေးကြပ်တည်းမှုများနှင့်လည်း ရင်ဆိုင်နေကြရပါကြောင်း၊ ဒေသခံတွေက လုပ်ကိုင်စားသောက်ဖို့အတွက် အဆင်မပြေဖြစ်သည့်အတွက်ကြောင့် ကမ်းခြေနှင့်မီတာ ၅၀ အကွာတွင် နှစ်ထပ်အဆောက်အအုံအစား သုံးထပ်အဆောက်အအုံ ဆောက်လုပ်ရန်တင်ပြခြင်းဖြစ်ပါကြောင်း၊
ကမ်းခြေအသိမ်းခံရသည့်ဒေသခံများမှ ကီလိုမီတာ ၅၀ ကျော်တွင် မိမိတို့၏ ဥယျာဉ်၊ ခြံ၊ မြေအတွင်း တစ် ပိုင်တစ်နိုင်တည်းခိုခန်းများဖွင့်လှစ်လိုပါကြောင်း၊ ထို့ကြောင့်မို့လို့ ဒေသခံများစီးပွားရေးအဆင်ပြေပြီး နိုင်ငံတော် ကို ဝင်ငွေရရှိရန်အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဌာနမှ ထုတ်ပြန်ထားတဲ့ (၁/၂၀၁၅) နှင့် (၂/၂၀၁၅) တို့မှာ မီတာ ၅၀ ကျော်မှာ အဆောက်အအုံများကို အမြင့်ပေ ၁၀ ထက်အဖြစ် မသတ်မှတ်ဘဲ ငပလီကမ်းခြေ အပါအဝင် ချောင်းသာ၊ ငွေဆောင်ကမ်းခြေအတွင်းရှိ တည်းခိုရိပ်သာများ၊ ဘန်ဂလိုများနှင့် ဟိုတယ်များအား အမြင့်ပေ ၃၀(၂) ထပ် အဆောက်အဦများအစား (၃) ထပ်နှင့် (၅) ထပ် အဆောက် အဦအဖြစ် ပြောင်းလဲ ဆောက်လုပ်ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း၍ မေးမြန်းပါသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် ကမ်းခြေဒေသများအပါအဝင် မည်သည့်နေရာ ဒေသတွင်မဆို ဟိုတယ်နှင့်တည်းခိုရိပ်သာများ ဆောက်လုပ်ခွင့်နှင့် လုပ်ငန်းလိုင်စင်များခွင့်ပြုပေးရာတွင် တည်ဆဲမြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဥပဒေ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်း လိုင်စင်ဆိုင်ရာ အမိန့်များကို အခြေခံ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများ၏ ထောက်ခံချက်၊ သဘောထားများ၊ ဤဝန်ကြီးဌာနများ၏ ဒေသရုံးခွဲမှ စိစစ်တင်ပြချက်များအပေါ်တွင် ဝန်ကြီးဌာန၏ စီမံခွန့်ခွဲမှုကော်မတီအစည်းအဝေးသို့ တင်ပြပြီးခွင့်ပြုပေးလျက်ရှိပါကြောင်း၊ တည်ဆဲမြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဥပဒေပုဒ်မ ၃၁၊ ပုဒ်မခွဲ(ခ)အရ အပ်နှံထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ကမ်းခြေဒေသများကို ပြည်တွင်းပြည်ပ ဧည့်သည်များလည်ပတ်နိုင်သောခရီးစဉ်ဒေသများအဖြစ် သတ်မှတ်သည့် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၅) နှင့် ကမ်းခြေဒေသရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုက်နာဆောင်ရွက်ရန်အမိန့်၊ အမိန့်ကြော်ငြာစာ အမှတ်(၂/၂၀၁၅)တို့ကို ၁-၁-၂၀၁၅ ရက်နေ့တွင် ထုတ်ပြန်၍ မြန်မာနိုင်ငံအတွင်းရှိ ကမ်းခြေဒေသများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းရေရှည်တည်တံ့ခိုင်မြဲရေးတို့အတွက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊
ကမ်းခြေဒေသ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုက်နာဆောင်ရွက်ရန် အမိန့် ကြော်ငြာစာအမှတ်(၂/၂၀၁၅)၊ အပိုဒ် ၂ တွင် ကမ်းခြေဒေသတွင် ဟိုတယ်နှင့်တည်းခိုရိပ်သာများ တည်ဆောက်လိုသူသည် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေးဥပဒေပုဒ်မ ၈ အရ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသို့ လုပ်ငန်းစီမံချက် စတင်အကောင်အထည်မဖော်မီ ကြိုတင်ခွင့်ပြုချက် ရရှိရန် သတ်မှတ်ထားသော နည်းလမ်းများနှင့်အညီ တင်ပြရမည်ဟု ဖော်ပြထားရှိပြီး အပိုဒ် ၂ ၊ အပိုဒ်ခွဲ (ခ)တွင် ဟိုတယ်နှင့်တည်းခိုရိပ်သာများ၊ အပန်းဖြေစခန်း များတည်ဆောက်ရာတွင် ယေဘုယျအားဖြင့် ၁၀ မီတာအထက် မမြင့်သော နှစ်ထပ်အဆောက်အအုံထက် မပိုစေရဟု ဖော်ပြပါရှိပါကြောင်း၊
သို့ဖြစ်ပါ၍ ဝန်ကြီးဌာနအနေဖြင့် လက်ရှိတည်ဆဲဥပဒေ၊ အမိန့်များအရ ကမ်းခြေဒေသများ တွင် ကမ်းခြေ ဒေသရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုက်နာဆောင်ရွက်ရန်အမိန့်၊ အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၁၅) နှင့်အညီ တင်ပြလာသော ဟိုတယ်နှင့်တည်းခိုရိပ်သာ အဆောက်အဦများကိုသာ ခွင့်ပြုပေးပြီး ၎င်းထက်ပိုမို မြင့်မားသော အဆောက်အဦများကို ဆောက်လုပ်ခွင့်မပြုသေးပါကြောင်း၊
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လက်ရှိပြဋ္ဌာန်းထားသော ကမ်းခြေဒေသများ တွင် ကမ်းခြေဒေသ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် လိုက်နာဆောင်ရွက်ရန် အမိန့်၊ အမိန့်ကြော်ငြာ စာအပေါ်တွင် ခေတ်ကာလ အခြေ အနေ၊ အချိန်အခါနှင့် မလျှော်ညီဟုယူဆသော အချက်များ၊ ဖြည့်စွက်ပြင်ဆင်ပြဋ္ဌာန်းချက်သင့်သည့် အချက်များကို ဟိုတယ်လုပ်ငန်းရှင်များ အသင်း(ချောင်းသာဇုံ)နှင့် ဟိုတယ်နှင့်ခရီးသွားလာညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးရုံးခွဲတို့ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နေဆဲ ဖြစ်ကြောင်းနှင့် ရရှိလာမည့် ဆွေးနွေးမှု ရလဒ်များအပေါ် ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြသွာမည် ဖြစ်ကြောင်း၊ အနာဂတ်တွင် တိုင်းဒေသကြီး ပြည်နယ်များမှ ကမ်းခြေဒေသ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာမှုအခြေအနေ၊ ကမ်းခြေဒေသ၏ မြေပြင်ဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာမှု အခြေအနေ၊ ကမ်းခြေဒေသ၏ မြေပြင်အခြေအနေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကမ်းခြေသဘာဝအလှအပ ထိခိုက်နိုင်မှုရှိ/မရှိ၊ ကမ်းခြေနေပြည်သူများ၏ မိသာစုစားဝတ်နေရေးကို အထောက်အကူပြုမှုနှင့် ဧည့်သည်များနေထိုင်မှုပိုမိုအဆင်ပြေစေရေး အခြေအနေများအပေါ် လေ့လာသုံးသပ် အဖြေရှာ၍ တင်ပြချက်များရရှိလာပါက ဝန်ကြီးဌာနသည် ဒေသတွင်းနှင့် နိုင်ငံတကာကမ်းခြေများရှိ ဟိုတယ်တည်ဆောက်ဝန်ဆောင်မှုပေးနေသော နည်းစနစ်များနှင့်ပေါင်းစပ်၍ အစိုးရနှင့်ပုဂ္ဂလိက ကဏ္ဍတို့ ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းပြီး လက်ရှိအမိန့်ကို လိုအပ်သောပြင်ဆင်မှုများ ဆောင်ရွက်ပြီးမှ ဆောက်လုပ် ခွင့်ပြုပေးနိုင်မည်ဖြစ်ပါကြောင်း သို့ဖြစ်ပါ၍ လောလောဆယ်ကမ်းခြေဒေသများတွင် သတ်မှတ်ချက် ထက်ပိုမို မြင့်မားသော ဟိုတယ်နှင့်တည်းခိုရပ်သာများအား ခွင့်ပြုပေးနိုင်ခြင်းမရှိသေးပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးမင်းကြည်(သံတွဲ)က ဆက်စပ်မေးမြန်းပါသည်။
ဒေသခံပြည်သူများ၏ စားဝတ်နေရေးအဆင်ပြေစေဖို့၊ နောက်တစ်ခါ နိုင်ငံတော်၏ စီးပွားရေးလည်း ဘတ်ဂျက် များကို ဝင်ငွေများရရှိနိုင်ရန်အတွက် မီတာ ၅၀ ထက်အကွာ မီတာ ၁၅၀၊ ၂၀၀ လောက်အကွာ ရွာထဲတွင် ဆောက်ချင်ပါကြောင်း၊ ဒေသခံများ၏ စီးပွားရေးအဆင်ပြေရန်အတွက် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာန မှထုတ်ထားသည့် ကြေညာချက်အမှတ်(၁/၂၀၁၅)နှင့် (၂/၂၀၁၅)ကို ဒေသခံများ လိုအပ်ချက်အရ ပြုပြင် ပြောင်းလဲရန်အချိန်မီ ပြုပြင်ပြောင်းလဲပြီး နိုင်ငံခြားဝင်ငွေရှာဖွေပေးရန် ထပ်မံပြီး တောင်းဆိုချင်ပါကြောင်းဖြင့် ဆက်စပ်မေးမြန်းပါသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်
ခေတ်နှင့်မလျော်ညီသည့် ၎င်းဖြည့်စွက် ပြင်ဆင်ပြဋ္ဌာန်းပေးရန် အချက်များကို ဟိုတယ်လုပ်ငန်းရှင် အသင်း(ချောင်းသားဇုန်)နှင့် ဟိုတယ်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးတို့ရုံးခွဲတို့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နေဆဲ ဖြစ်ပါကြောင်း၊ ရရှိလာမည့် ဆွေးနွေးမှု ရလာဒ်မှုများအပေါ် ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြ လာမည်ဖြစ်ပါကြောင်း၊ အနာဂတ်တွင် တိုင်းနှင့် ပြည်နယ်များမှ ကမ်းခြေဒေသ ခရီးသွားလာဖွံ့ဖြိုးမှု အခြေအနေ ကမ်းခြေဒေသ၏ မြေပြင်အခြေအနေ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ကမ်းခြေသဘာဝ အလှအပ ထိခိုက်နှိုင်မှု ရှိ/မရှိ၊ ကမ်းခြေနေပြည်သူများ၏ မိသားစုစားဝတ်နေရေးကို အထောက်အကူပြုမည့် ဧည့်သည်များနေထိုင်မှု ပိုမိုအဆင်ပြေစေရေး အခြေအနေ များအပေါ် လေ့လာသုံးသပ် အဖြေရှာပြီး ၎င်းတင်ပြချက်များအပေါ် ရရှိလာသည့် အဖြေပေါ်မူတည်ပြီး ဝန်ကြီးဌာနမှနေပြီး ပုဂ္ဂလိကကဏ္ဍတို့နှင့် ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းပြီး လက်ရှိ အမိန့်ကို လိုအပ်သောပြင်ဆင်မှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားသွားပါသည်။
