(က) -တောင်ကြီး၊အင်းလေး၊မန္တလေးနှင့် ပုဂံမြို့ (ရှေးဟောင်းနယ်မြေမဟုတ်သည့်နေရာ)များတွင် ဟိုတယ်များ အသစ်ဖွင့်လှစ်မှုကို ပိတ်ပင်ထားမှု ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး နဝမနေ့ (၁၅.၂.၂၀၁၇)

၁၉၉၈ ခုနှစ် တွင်ပြဋ္ဌာန်းခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေ၊ ၂၀၀၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်တွင် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေနှင့် နည်းဥပဒေတို့ကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ဟိုတယ် အသစ်များ တည်ဆောက်ရာ တွင် ၎င်းရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသများတွင် ဆောက်လုပ်၍မရ ဆိုသည်ကို သိရှိပြီးဖြစ်ပါကြောင်း၊ ၂၀၀၈ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ အခန်း(၁)တွင် နိုင်ငံတော်အခြေခံမူများကို ဖော်ပြထားပါကြောင်း၊ ပုဒ်မ ၃၅ တွင် နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်ဖြစ်သည်ဟု ဖော်ပြပါရှိပြီး ပုဒ်မ ၃၆ ပုဒ်မခွဲ(ခ)တွင် နိုင်ငံတော်၏ စီးပွားရေးလုပ်ငန်းများ တရားသဖြင့် ယှဉ်ပြိုင်ခြင်းနှင့် ပျက်ပြားစေရန် တစ်ဦးတစ်ယောက်ကဖြစ်စေ၊ အစုအဖွဲ့ကဖြစ်စေ၊ လက်ဝါးကြီးအုပ်ဆောင်ရွက်မှု၊ ဈေးကစားမှု ပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွား ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်ရမည် စသဖြင့် ဖော်ပြပါရှိပါကြောင်း၊ ထို့ကြောင့် ယနေ့ ကျင့်သုံးနေသော စီးပွားရေးစနစ်နှင့်အညီ စီးပွားရေးတုံ့ဆိုင်းနေချိန် လည်းဖြစ်သည့် အတွက် နိုင်ငံတော်၏ ဈေးကွက်အတွင်း အခွင့်အလမ်းများ ဖန်တီးပေးရမယ့်အစား အခွင့်အလမ်း နည်းပါးသွားအောင် မလုပ်သင့်ပါကြောင်း၊ ထို့ကြောင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာနမှ တောင်ကြီး၊ အင်းလေး၊ မန္တလေး၊ ပုဂံမြို့ (ရှေးဟောင်း နယ်မြေမဟုတ်သည့်နေရာ)များမှာ ဟိုတယ် အသစ်များဖွင့်လှစ်ထားမှု ပိတ်ပင်ထားခြင်း ရှိ/မရှိနှင့် ထိုသို့ပိတ်ပင်ထားခဲ့သည်ရှိသော် မည့်သည့်အတွက်ကြောင့်ဆိုသည်ကို သိရှိလိုပါကြောင်းနှင့် ပြန်လည် ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်
အဖြေ

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် တည်ဆဲမြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေး ဥပဒေ၊ ခရီးသွားလာရေးဥပဒေ ဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်း လိုင်စင်ဆိုင်ရာ အမိန့်တို့နှင့်အညီ ဟိုတယ်ဆောက်လုပ်ရန် ကြိုတင်ခွင့်ပြုမိန့်နှင့် ဟိုတယ်လုပ်ငန်း လိုင်စင် (ဟ-လိုင်စင်)နှင့် တည်းခိုရိပ်သာလုပ်ငန်းလိုင်စင် (တ-လိုင်စင်)များကို ခွင့်ပြုပေးလျက်ရှိရာ ယခု အစိုးရသစ်လက်ထက်တွင် ၎င်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်များနှင့်အညီ ဆက်လက် စိစစ်၍ ဟိုတယ်နှင့် တည်းခိုရိပ်သာတည်ဆောက်ရန် ကြိုတင်ခွင့်ပြုမိန့်နှင့် လုပ်ငန်းလိုင်စင်များကို ထုတ်ပေး လျက်ရှိပါကြောင်း၊ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းများ ကြိုတင်တည်ဆောက်ခွင့် တင်ပြလာ၍ ခွင့်ပြုပေးခဲ့ခြင်းနှင့် စပ်လျဉ်း၍ ယခု အစိုးရသစ်လက်ထက် ၁-၄-၂၀၁၆ ရက်နေ့မှ ၃၁-၁-၂၀၁၇ ရက်နေ့အထိ မန္တလေးမြို့တွင် ဟိုတယ်အသစ်လေးလုံး၊ မူလဟိုတယ်ကို အခန်းတိုးချဲ့တဲ့ဟိုတယ်က တစ်လုံး စုစုပေါင်း ၂၃၁ ခန်း၊ ညောင်ရွှေမြို့တွင် ဟိုတယ်သုံးလုံး ၈၂ ခန်းတို့အား ကြိုတင် တည်ဆောက်ခွင့် များ ထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊

ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းလိုင်စင် တင်ပြလာ၍ ခွင့်ပြုပေးခဲ့ခြင်းနှင့်စပ်လျဉ်း၍ ၁-၄-၂၀၁၆ ရက်နေ့မှ ၃၁-၁-၂၀၁၇ ရက်နေ့အထိ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်း လိုင်စင်များကို တောင်ကြီး၊ ညောင်ရွှေ(အင်းလေး)၊ မန္တလေးနှင့် ပုဂံမြို့(ရှေးဟောင်းနယ်မြေမဟုတ် သည့်နေရာ) များတွင် ဟိုတယ် ၂၄ လုံး၊ တည်းခိုရိပ်သာ ၁၄ လုံး စုစုပေါင်း ၁၂၇၁ ခန်းကို အောက်ပါ အတိုင်း ခွင့်ပြုခဲ့ပြီးဖြစ်ပါကြောင်း၊ တောင်ကြီးမြို့တွင် ဟိုတယ်သုံးလုံး၊ တည်းခိုရိပ်သာတစ်လုံး၊ အခန်းပေါင်း ၁၀၈ ခန်း၊ ညောင်ရွှေ(အင်းလေး)တွင် ဟိုတယ် ၁၀ လုံး၊ တည်းခိုရိပ်သာရှစ်လုံး၊ အခန်းပေါင်း ၅၉၄ ခန်း၊ မန္တလေးမြို့တွင် ဟိုတယ်ကိုးလုံး၊ တည်းခိုရိပ်သာငါးလုံး၊ အခန်းပေါင်း ၄၈၅ ခန်း၊ ပုဂံမြို့နှင့် ညောင်ဦး (ရှေးဟောင်းနယ်မြေမဟုတ်သည့်နေရာ)မှာ ဟိုတယ်နှစ်လုံး၊ ၈၄ ခန်း ခွင့်ပြုခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ဟိုတယ်နှင့် တည်းခိုရိပ်သာလုပ်ငန်းအတွက် ကြိုတင် ခွင့်ပြုမိန့်နှင့် လုပ်ငန်း လိုင်စင်များကို လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ပြီး ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေး၌ တင်ပြခွင့် ပြုလျက် ရှိရာ ယနေ့အထိ ရပ်ဆိုင်းထားခြင်းမရှိဘဲ ထုတ်ပေးနေပါကြောင်း၊ ၃၀-၁-၂၀၁၇ တွင် နောက်ဆုံးပြုလုပ်ခဲ့သည့် ဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးတွင် မန္တလေးမြို့တွင် ဟိုတယ်အခန်း တိုး တစ်လုံး၊ ညောင်ရွှေမြို့တွင် ဟိုတယ်အသစ်တစ်လုံး၊ တည်းခိုရိပ်သာတစ်လုံး၊ အခန်း ၆၈ ခန်းကို ကြိုတင်တည်ဆောက်ခွင့်များ ခွင့်ပြုပေးခဲ့ပြီး ညောင်ရွှေမြို့တွင် ဟိုတယ်သုံးလုံး၊ တည်းခိုရိပ်သာ နှစ်လုံး၊ အခန်း ၁၄၄ ခန်းတို့အား လိုင်စင်ထုတ်ပေးခြင်းကို အတည်ပြုပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ထပ်မံတင်ပြထားသည့် ဟိုတယ်နှင့် တည်းခိုရိပ်သာများကိုလည်း ခွင့်ပြုနိုင်ရေး အတွက် စိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တောင်ကြီး၊ အင်းလေး၊ မန္တလေး နှင့် ပုဂံမြို့ (ရှေးဟောင်း နယ်မြေ မဟုတ်သည့်နေရာ)များတွင် လျှောက်ထားလာသော ဟိုတယ် နှင့်တည်းခိုရိပ်သာ ဆောက်လုပ်ရန် အတွက် ကြိုတင်ခွင့်ပြုမိန့်နှင့် လုပ်ငန်း လိုင်စင်များကို လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်ပြီး ဝန်ကြီးဌာန၏ စီမံ ခန့်ခွဲမှုကော်မတီအစည်းအဝေးတိုင်းတွင် ထည့်သွင်း ဆွေးနွေးပြီး ခွင့်ပြုပေးလျက်ရှိပါ ကြောင်းနှင့် ဟိုတယ်အသစ်များဖွင့်လှစ်မှုကို ပိတ်ပင်ထားခြင်း မရှိပါကြောင်း  ဖြေကြားခဲ့ပါသည်။