(ဆ)-မောက်မယ်မြို့နယ်၊ဟိုနမ့်ကျေးရွာအုပ်စု၊ဟိုနမ့် တိုက်နယ်(၁၆)ခုတင်ဆံ့ ပြည်သူ့ဆေးရုံကြီး ပြန် လည်ပြုပြင်ပေးမည့်အစီအစဉ်များ၊ ဆရာဝန်နေ အိမ်နှင့် ဝန်ထမ်း နေအိမ်များ ဆောင်ရွက်ပေးမည့် အစီအစဉ်များကိုသိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၅.၁၂.၂၀၁၆)

ဦးစိုင်းငေါင်းဆိုင်ဟိန်း (မောက်မယ်)ဟိုနမ့်တိုက်နယ်ဆေးရုံသည် ဟိုနမ့် ကျေးရွာအုပ်စုနှင့် ပန်းတန်ကျေးရွာအုပ်စုနေ ပအိုဝ်းတိုင်းရင်းသားများအတွက် အဓိကအားကိုး အားထားရသောဆေးရုံတစ်ခုဖြစ်ပြီး ယခင် ရ.လ.လ.ဖ အဖွဲ့ ငြိမ်းချမ်းရေးရယူစဉ်က တည်ဆောက်ခဲ့သော ဆေးရုံကြီးဖြစ်ပါကြောင်း၊ ယခုအခါ အဆောက်အဦနှင့် အခန်းဖွဲ့စည်းမှုများမှာ ပျက်စီးယိုယွင်းလျက်ရှိပြီး ယနေ့အထိ ခေတ်မီသော အဆောက်အဦနှင့် များစွာ ကွာခြားနေပြီဖြစ်ပါကြောင်း၊ ပြန်လည်မွမ်းမံမည်ဆိုပါက အကြီးစားပြုပြင်မွမ်းမံရမည်ဖြစ်ပြီး အသစ်ဆောက်လုပ်ရန် လိုအပ်ပါကြောင်း၊ ယခင်အစိုးရလက်ထက်တွင် ပြုပြင်မွမ်းမံမှုချခဲ့သော်လည်း အကူးအပြောင်းကာလဖြစ်သည့်အတွက် ယနေ့ထိတိုင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း  မရှိပါကြောင်း။

ယခု လက်ရှိဆေးရုံကြီးဝင်းအတွင်း၌ မြေလွတ်၊ မြေလပ်နေရာများရှိပါသဖြင့် အသစ်ဆောက်လုပ်ခွင့် ပြုမည်ဆိုပါက ဆောက်လုပ်နိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ မောက်မယ်မြို့နယ်၊ ဟိုနမ့်ကျေးရွာအုပ်စု၊ ဟိုနမ့်တိုက်နယ်(၁၆)ခုတင်ဆံ့ ပြည်သူ့ဆေးရုံကြီး အဆင့်မီ ပြုပြင်မွမ်းမံပေးနိုင်မည့်အစီအစဉ်များနှင့် ဟိုနမ့်တိုက်နယ်ဆေးရုံ၊ ဆရာဝန်နေအိမ်နှင့် ဝန်ထမ်းများနေအိမ် ဆောင်ရွက်ပေးနိုင်မည့်အစီအစဉ်များကို သိရှိလိုကြောင်း မေးမြန်းပါသည်။

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး6ရှမ်းပြည်နယ်၊ မောက်မယ်မြို့နယ်ရှိ ဟိုနမ့်တိုက်နယ်ဆေးရုံသည် ယခင် ရှမ်းပြည်နယ်လူမျိုး ပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရ.လ.လ.ဖ) ငြိမ်းချမ်းရေးယူစဉ်က ၁၉၉၉-၂၀၀၀ ခုနှစ်တွင် တည်ဆောက်ခဲ့သော ဆေးရုံဖြစ်ပြီး ကုသရေးဦးစီးဌာန၏ စံကိုက်ဆေးရုံတည်ဆောက်မှုနှင့် လုံးဝမညီ ပါကြောင်း၊ ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ဆရာဝန်နေအိမ်နှင့် ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းအတွက် ရန်ပုံငွေသန်း ၂၀၀ ခွဲဝေချခဲ့ပါကြောင်း၊ သို့သော်လည်း ရန်ပုံငွေပြောင်းလွှဲချိန်တွင် ဘဏ္ဍာရေးနှစ် ပြီးဆုံးသော အချိန်မှာသာ ရန်ပုံငွေလွှဲပြောင်းခွင့်ရသည့်အတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းမရှိဘဲ ပြန်အပ်လိုက်ရပါကြောင်း၊ သို့ဖြစ်ပါ၍ ဟိုနမ့်တိုက်နယ်ဆေးရုံအား ဝန်ထမ်းအိမ်ရာအပါအဝင် စံကိုက်ဆောက်လုပ်ခွင့်ရရှိရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အဆိုပြု တင်ပြတောင်းခံထားပြီးဖြစ်သည့်အတွက် ခွင့်ပြုမိန့်ရပါက ချက်ချင်းဆောင်ရွက်ပေးမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားပါသည်။