သစ်တောဦးစီးဌာနအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံပိုင်သစ်တောမြေများကို ၂၀၀၇-၀၈ ဘဏ္ဍာနှစ်ကစပြီး ခွင့်ပြုချက်နှင့်အညီ ပုဂ္ဂလိကလုပ်ငန်းရှင်များကို လုပ်ပိုင်ခွင့်များချထားပေးထားခြင်းနှင့် ပတ်သက်၍ ရော်ဘာစိုက်ပျိုးရန် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် ၁၆၂၁၀၆.၆၃ ဧက၊ ဆီအုန်းအတွက် တနင်္သာရီတိုင်းဒေသကြီးတွင် ၁၁၆၃၁၅ ဧက၊ စက်မှုကုန်ကြမ်း သီးနှံအတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး ရှစ်ခုတွင် ၁၄၈၉၄၉.၉၁ ဧက၊ သစ်မာမျိုးစုံကို တစ်နိုင်ငံလုံးအနှံ့တွင် ၈၆၆၄၅.၂၄ ဧက၊ ကျွန်းစိုက်ပျိုးရန် အတွက်လည်း တစ်နိုင်ငံလုံးအနှံ့တွင် ၁၃၈၀၈၀.၁၅ ဧက၊ သစ်တောမြေစုစုပေါင်း ၆၅၉၉၆.၉၃ ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရပါကြောင်း၊
မိမိ တင်ပြထားသည့် အပင်အမျိုးအစားအလိုက် နိုင်ငံတော်ကရရှိနိုင်သည့် တစ်နှစ်ဝင်ငွေ အနေဖြင့် တစ်ဧကက ပေးသွင်းရသည့် အခွန်နှုန်းများအနေဖြင့် ကျွန်းနှင့်သစ်မာမျိုးစုံ စိုက်ခင်းအတွက် ၂၀၀ ကျပ်နှုန်း၊ ရော်ဘာအတွက် ပထမခုနှစ်နှစ်တွင် ၅၀၀ ကျပ်နှုန်းနှင့် ကျန်ခွင့်ပြုကာလများအတွက် ၁၀၀၀ နှုန်း၊ စက်မှုကုန်ကြမ်းဖြစ်သည့် ကြံ၊ ပီလောပီနံများအတွက် ၁၀၀၀ ကျပ်နှုန်း သတ်မှတ်ကောက်ခံ သည်ကိုတွေ့ရှိရပါကြောင်း၊ နိုင်ငံပိုင်မြေငှားခြင်းနှင့် ပတ်သက်၍ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၏ ၃၁-၈-၂၀၁၂ ရက်စွဲနှင့် ထုတ်ပြန်ခဲ့သည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးနည်းဥပဒေ အခန်း(၄) အပိုဒ် ၃၈ အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ်(၂)အရ အာမခံစပေါ်ငွေအနေဖြင့် မြေတစ်ဧကကို အာမခံစပေါ်ငွေ ၁၀၀၀၀ ကျပ်နှုန်းနှင့် အပိုဒ် ၄၀ အပိုဒ်ခွဲ(က) အပိုဒ်ခွဲငယ်(၁)အရ နှစ်ရှည်ပင်တစ်ဧကကို ကျပ် ၃၀၀၀ နှုန်း၊ စက်မှုကုန်ကြမ်းများအတွက် ကျပ် ၁၀၀၀ နှုန်းနှင့် နှစ်စဉ် အခွန်ပေးသွင်းရန် သတ်မှတ်ထားသောကြောင့် သစ်တောမြေငှားရမ်းမှုအနေဖြင့် အာမခံစပေါ်ငွေမရရှိသလို နှစ်ရှည်ပင်များအတွက် အခွန်ရငွေနှုန်းမှာ ခေတ်ကာလအခြေအနေနှင့် နှုန်းထားအလွန်နည်းနေ သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ နိုင်ငံတော်သစ်တောမြေကို ငှားရမ်းခြင်းမပြုဘဲ ကျွန်းနှင့် ပျဉ်းကတိုးသစ်များ စိုက်ပျိုးမည်ဆိုပါက နှစ် ၃၀ တွင် တန် ၃၀ ကျော် ထွက်ရှိလာမည်ဖြစ်သောကြောင့် တစ်နှစ် တစ်တန်နှုန်းဖြင့် ကျွန်းသစ်လုံးတစ်တန်အပေါ်တွင် ၂၀၁၆ ခုနှစ် သစ်အတန်းအစား ခုနှစ်မျိုး၏ ပျမ်းမျှ ပေါက်ဈေးအခြေခံနှင့် တွက်ချက်ကြည့်မည်ဆိုလျှင် သစ်တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၂၀၀ ကျော် ရရှိမည်ဖြစ်ပြီး စိုက်ပျိုးထိန်းသိမ်းထုတ်လုပ်သည့် ကုန်ကျစရိတ်အနေဖြင့် အများဆုံးငါးနှစ်ခန့် ကုန်ကျနိုင်ပါကြောင်း၊ ထို့ကြောင့် ကုန်ကျစရိတ်ကို ခန့်မှန်းဝင်ငွေ၏ သုံးပုံတစ်ပုံ သတ်မှတ်မည်ဆိုပါက အသားတင်ဝင်ငွေ တစ်နှစ် အမေရိကန်ဒေါ်လာ ၂၀၀၀ ခန့် ကျန်ရှိနိုင်မည်ဖြစ်သောကြောင့် မြေတစ်ဧကကို မြန်မာငွေ ကျပ် ၂.၅ သန်းခန့် ရရှိနိုင်သောကြောင့် ငှားရမ်းခ ကျပ် ၅၀၀၊ ၁၀၀၀ ခန့် အများကြီးကွာခြားနေသည်ကို တွေ့ရှိရပါကြောင်း၊
မြေယာဥပဒေတွင်ပါသည့် နှုန်းများနှင့် ချိန်ထိုးစိစစ်ကြည့်မည်ဆိုလျှင် တစ်နှစ်တွင် ကျွန်းစိုက်ဧကအတွက် ကျပ်သန်း ၃၈၇ နီးပါး၊ သစ်မာမျိုးစုံအတွက် ကျပ်သန်း ၂၄၀ နီးပါး၊ ရော်ဘာစိုက်ဧကအတွက် ကျပ်သန်း ၃၄၃ သန်းကျော်၊ ဆီအုန်းစိုက်ဧကအတွက် ကျပ်သန်း ၂၄၂ ကျော်ကျော် ရရှိနိုင်သောကြောင့် တစ်နှစ်ကို ကျပ်သန်းပေါင်း ၁၂၀၀ ကျော်လောက်နစ်နာမှုရှိခြင်းကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိမေးမြန်းလိုသည်မှာ (၁) စိုက်ပျိုးခွင့်ပြုပြီး မြေဧကနှင့်အညီ သတ်မှတ်ကာလအတွင်း အမှန်တကယ်စိုက်ပျိုးပြီးမှုရှိ/မရှိ၊ မစိုက်ပျိုးနိုင်သည့် မြေများကို ဥပဒေနှင့်အညီ မည်သို့အရေးယူဆောင်ရွက်ထားကြောင်းနှင့် ဆောင်ရွက် ထားမှုအခြေအနေကို ရှင်းလင်းတင်ပြနိုင်ခြင်းရှိ/မရှိ၊ (၂) မူလလျှောက်ထားချက်နှင့်အညီ ခွင့်ပြုထားသည့် သီးနှံအပင်အမျိုးအစားအတိုင်း စိုက်ပျိုးခြင်းရှိ/မရှိ၊ ခွင့်ပြုချက်မဲ့၊ ခွင့်ပြုမထားသည့် လုပ်ငန်းနှင့် အပင်များကို စိုက်ပျိုးခြင်းရှိ/မရှိ၊ စစ်ဆေးဖော်ထုတ်အရေးယူ ဆောင်ရွက်ထားမှုအခြေအနေကို ရှင်းပြနိုင်ခြင်းရှိ/မရှိ၊ ခွင့်ပြုသစ်တောဧရိယာအတွင်း ခွင့်ပြုထားသည့် သီးနှံနှင့်သစ်ပင်များ စိုက်ပျိုးခြင်းမရှိဘဲ မမှန်မကန်ဆောင်ရွက်ထားမှု၊ ဥပဒေမဲ့လွှဲပြောင်းရောင်းချမှုများရှိ/မရှိနှင့် ရှိမည်ဆိုလျှင် အရေးယူ ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်းချပြနိုင်ခြင်းရှိ/မရှိ၊ (၄) သစ်တောမြေ ငှားရမ်းခနှုန်းထားများကို ခေတ်ကာလငွေတန်ဖိုးများနှင့်အညီ နိုင်ငံတော်အတွက် နစ်နာမှုမရှိစေရေး လုပ်ငန်းရှင်များအတွက်လည်း မျှတသည့် နှုန်းထားများနှင့်အညီ စိစစ်ပြင်ဆင်ဆောင်ရွက်ရန် အစီအစဉ်ရှိမည်ဆိုပါကလည်း ပြောင်းလဲ ဆောင်ရွက်မည့် ကာလကိုဖြေကြားနိုင်ခြင်းရှိ/မရှိနှင့်၊ (၅) လုပ်ပိုင်ခွင့်ပေးထားပြီး သစ်တောမြေများအတွက် နှစ်စဉ်ငှားရမ်းခများ အပြည့်အဝရရှိခြင်းရှိ/မရှိ၊ ကြွေးကျန်များရှိနေသေးလျှင် ဥပဒေနှင့်အညီ မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သစ်တောဥပဒေ (၁၉၉၂) အရ သစ်တောဦးစီးဌာနက စီမံခန့်ခွဲလျက်ရှိသည့် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်သော သစ်တောမြေများမှာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးပြုန်းတီးသွားသည့် တောများ တောအဆင့်အတန်း နိမ့်ကျပြီး ဓမ္မတာနည်းနှင့် မျိုးဆက်ရန် ခက်ခဲသည့်နေရာများကို ပုဂ္ဂလိကကျွန်းစိုက်ခင်း တည်ထောင်ခြင်းကို ၂၀၀၆ ခုနှစ် ပုဂ္ဂလိက သစ်မာစိုက်ခင်းတည်ထောင်ခြင်းကို ၂၀၀၇ ခုနှစ်များတွင် စတင်ပြီး စည်းကမ်းချက်များ စနစ်တကျသတ်မှတ်ပြီး ပုဂ္ဂလိကစိုက်ခင်းတည်ထောင်ခြင်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြု ဆောင်ရွက်လျက်ရှိပါကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်တော်ကြီးမေးမြန်းသည့် မေးခွန်းအမှတ်(၁)၊ (၂)၊ (၃) ကိုဖြေကြားရမည်ဆိုလျှင် ၃၁-၁၁-၂၀၁၆ ရက်နေ့အထိ ခွင့်ပြုချက်အားလုံး စိုက်ပျိုးပြီးသည့် ဧရိယာဖြစ်လျှင် ကျွန်းမည်မျှ ရှိမည်ဆိုလျှင်၂၄၀၈၉၃ ဧကရှိပြီး သစ်မာမှာ ၈၉၄၇၅ ဧကရှိပါကြောင်း၊ ထို့အပြင် နှစ်ရှည်သီးနှံဖြစ်သည့် ရော်ဘာ၊ ဆီအုန်း၊ စက်မှုကုန်ကြမ်းစိုက်ခင်းဖြစ်သည့် ရော်ဘာစုစုပေါင်းဧကကို ကြည့်သည့်အခါ အားလုံး ၇၈၂၂၃၇ ဧကဖြစ်ပါကြောင်း၊ သို့သော်လည်း ၎င်းစိုက်ဧကများကို စည်းကမ်းတကျ မစိုက်သည့်အတွက်ကြောင့် ပြန်လည်သိမ်းဆည်းရသည့် ဧကများမှာ ၅၇၀၂၇၀ ဧကဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် ဧက နှစ်သိန်းကျော်ခန့်သာ အမှန်တကယ်မြေပြင်တွင် စိုက်သည်ကို တွေ့ရှိရပါကြောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၏ ၂၁-၁၂-၂၀၁၆ ရက်နေ့စာအရ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် သစ်တောဦးစီးဌာန၊ ပုဂ္ဂလိကသစ်တောစိုက်ခင်း၊ ကျွန်း၊ သစ်မာ၊ ရော်ဘာ၊ ဆီအုန်းနှစ်ရှည်စိုက်ခင်း တည်ထောင်သည့် လုပ်ငန်းရှင်များက စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး၊ ရှင်သန် ဖြစ်ထွန်းမှု အခြားမြေအသုံးချမှု ဆောင်ရွက်ထားမှုအခြေအနေတို့ကို တိုင်းဒေသကြီး/ပြည်နယ်များ၊ ခရိုင်မြို့နယ် တာဝန်ရှိသူများအဆင့်ဆင့်က ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ကာလအတွင်း အမှန်တကယ် စိုက်ပျိုးခြင်း ရှိ/မရှိနှင့် မစိုက်ပျိုးနိုင်သောမြေများကို ပြန်လည်သိမ်းဆည်းရန်အတွက် သဘောထားမှတ်ချက်နှင့် ပြန်လည်တင်ပြထားရန် မိမိတို့ ထပ်မံအကြောင်းကြားထားပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနမှ ၂၂-၁၂-၂၀၁၆ ရက်နေ့စာအရ သစ်တောနယ်မြေအတွင်းမှာရှိသည့် ပုဂ္ဂလိက ရော်ဘာစိုက်ခင်းများတည်ထောင်ရန် စိုက်ပျိုးလုပ်ကိုင်ခွင့်ရှိသည့် လုပ်ငန်းရှင်များမှ စာချုပ်ပါစည်းကမ်းများကို လိုက်နာခြင်းမရှိသဖြင့် စာချုပ်များအား ပယ်ဖျက်ပြီး ပြန်လည်သိမ်းဆည်းရန် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သဘောထားမှတ်ချက်ပြုရန် မိမိတို့ ပြည်ထောင်စုရှေ့နေချုပ်ရုံးကို ညှိနှိုင်းမေတ္တာရပ်ခံချက်အရ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ချုပ်ဆိုထားသော စာချုပ်များအား ဖျက်သိမ်း၍ လုပ်ကိုင်ခွင့်ပြုထားသည့်မြေကို သစ်တောဦးစီးဌာနက ပြန်လည်သိမ်းဆည်းရန် အကြံပြုထားသဖြင့် ၎င်းအကြံပြုချက်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊
အမှတ်(၄) မေးခွန်းတွင် မိမိတို့ ၁၄-၁-၂၀၁၃ ရက်စာအရ အောက်ပါအတိုင်း ပြင်ရန်အတွက်ကို မိမိတို့ဘက်မှ ဆောင်ရွက်ထားပါကြောင်း၊ ရော်ဘာဆိုလျှင် ယခင်က ၅၀၀ နောက်ပြင်လျှင် ၁၀၀၀၊ ဆီအုန်းဆိုလျှင်လည်း ၁၀၀ မှ ၁၀၀၀၊ စက်မှုကုန်ကြမ်း ပီလောပီနံ၊ ကြံကိုလည်း ၅၀၀ မှ ၁၀၀၀ မထိပြင်ဆင်ရန်အတွက် သတ်မှတ်ထားပါကြောင်း၊ စိုက်ပျိုးလုပ်ကိုင်ရာတွင် စိတ်ပါဝင်စားမှုအားနည်းခြင်းကြောင့် စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းမှုမရှိဘဲ ပြန်လည်အပ်နှံခြင်း၊ မြေနေရာလက်ဦးမှုရယူရန်အတွက် အဓိကရည်ရွယ်ပြီး စိုက်ပင်ရှင်သန်မှု အလေးမထားဘဲ နှစ်စဉ်သက်တမ်းတိုးဆောင်ရွက်ခြင်းကြောင့် စိုက်ခင်းအောင်မြင် မှုမရှိသဖြင့် မြေပြန်လည်သိမ်းယူရခြင်းများ ကြုံတွေ့နေရပြီး အဆိုပါလုပ်ငန်းရှင်များမှ စွန့်လွှတ်သွားသည့်၊ ပျက်စီးပြုန်းတီးသည့် သစ်တောမြေများကို လုပ်ငန်းရှင်များက တာဝန်ယူမှုနှင့် အာမခံမှုမရှိသည့်အပြင် လုပ်ငန်းအာမခံငွေပေးသွင်းရန် ပြဋ္ဌာန်မထားသဖြင့် သစ်တောပြန်လည်တည်ထောင်ရန် နိုင်ငံတော်ဘဏ္ဍာ ရန်ပုံငွေမှ ကျခံသုံးစွဲရန်ဖြစ်သကဲ့သို့ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် ၃-၅-၂၀၁၆ ရက်နေ့မှစပြီး ဆုံးဖြတ်ချက်အရ လုပ်ငန်းရှင်များအနေဖြင့် ပုဂ္ဂလိကကျွန်းနှင့် သစ်မာစိုက်ခင်းများ တည်ထောင်ရာ၌ ပိုမိုအလေးထား တာဝန်ယူ ဆောင်ရွက်စေရန်နှင့် ခွင့်ပြုဧရိယာအား စွန့်လွှတ်မှုကြောင့် ပျက်စီးပြုန်းတီးမှုရှိပါက နိုင်ငံတော်ဘဏ္ဍာငွေ ကျခံသုံးစွဲခြင်းမှ လျော့နည်းသက်သာစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်လျက်ရှိသည့် ပုဂ္ဂလိက ကျွန်းနှင့် သစ်မာစိုက်ခင်းများကို လုပ်ငန်းအာမခံငွေ (Performance Granting) တစ်ဧကကို ကျပ် ၅၀၀၀၀ ကြိုတင်ပေးသွင်းရန်နှင့် လုပ်ငန်းစီမံချက်ကာလကုန်ဆုံးသည်အထိ စီမံချက်ပါ ဧရိယာဧကအား ပြီးစီးရန်နှင့် သတ်မှတ်ရှင်ပင် ရာနှုန်းရရှိလျှင် ဆောင်ရွက်ခြင်းမရှိသည့် ဧရိယာအားလုံးအတွက် သက်ဆိုင်ရာဘဏ်တွင် ထားရှိသည့် လုပ်ငန်းအာမခံငွေ (Performance Granting) များကို ခရိုင်သစ်တောအရာရှိမှ သစ်တောဦးစီးရုံးချုပ်၏ အတည်ပြုချက်ကို ရယူပြီး သက်ဆိုင်ရာဘဏ်မှ ထုတ်ပေးပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန် ပြဋ္ဌာန်းထားပါကြောင်း၊ ထို့အပြင် သက်ရှိသတ်မှတ်အခွန် နှုန်းထားများ၊ ပုဂ္ဂလိကလုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများ ညှိနှိုင်းပေါင်းစပ်ပေးမည့် လုပ်နည်းများနှင့် ပတ်သက်ပြီး ဆွေးနွေးအကြံပြု ညှိနှိုင်းရန်အတွက် ဆွေးနွေးပွဲများကို လာမည့်မတ်လတွင် ကျင်းပရန်အတွက် စီစဉ်ထားပြီးဖြစ်ပါကြောင်း၊
မေးမြန်းတဲ့ အမှတ်(၅) တွင် သစ်တောဦးစီးဌာနအနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် မတ်လကုန်အထိ စာချုပ်ချုပ်ဆိုထားသည့် ပုဂ္ဂလိကလုပ်ငန်းရှင်များမှ သစ်တောမြေငှားရမ်းခ အပြည့်အဝကောက်ခံရရှိပြီး ဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် စစ်ဆေးရေးအဖွဲ့များက စစ်ဆေးအတည်ပြုပြီး ဖြစ်ပါကြောင်း၊ ထို့အပြင် ကြိုးဝိုင်း၊ ကြိုးပြင်တောများအတွင်း ရော်ဘာ၊ ဆီအုန်းနှင့် စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုရေးအတွက် ကြိုးဝိုင်း၊ ကြိုးပြင်တောများအတွင်း ရော်ဘာ၊ ဆီအုန်းနှင့် စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးလုပ်ကိုင်ခွင့်ပေးခဲ့သည့် နေရာများတွင် စီမံချက်ပါအတိုင်း စိုက်ပျိုးနိုင်ခြင်းမရှိခြင်း၊ နှစ်ရှည်သီးနှံများစိုက်ပျိုးမှုမရှိခြင်း၊ အခြားမြေအသုံးချရန်ရည်ရွယ်ခြင်း စသည်တို့အပြင် သစ်တောဖုန်းလွှမ်းမှုကို FAO မှ မိမိတို့ ဆန်းစစ်ထားပါကြောင်း၊ ဆန်းသပ်သည့်အခါတွင် Resource Management က သူတို့ သတ်မှတ်ချက်အရ ရော်ဘာနှင့် ဆီအုန်းကို သစ်တောစိုက်ခင်းအဖြစ်မှ သတ်မှတ်ချက်လုံးဝမရှိပါကြောင်း၊ ထို့ကြောင့် သစ်တောဖုံးလွှမ်းမှု ဧရိယာလည်း လျှော့နည်းလာခြင်း စသည့်အတွက်ကြောင့် ကြိုးဝိုင်း၊ ကြိုးပြင် တော၊ သစ်တောနယ်မြေများအတွင်း ရော်ဘာ၊ ဆီအုန်းနှင့် စက်မှုကုန်ကြမ်းသီးနှံများ စိုက်ပျိုးလုပ်ကိုင်ခွင့်ကို လုံးဝခွင့်မပြုပါကြောင်းနှင့် စိစစ်ထောက်ခံချက်များကိုလည်း လုံးဝမပြုကြရန် တိုင်းဒေသကြီး/ပြည်နယ် သစ်တောဦးစီးဌာနများကို သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး၏ ၁၃-၁၀-၂၀၁၅ ရက်နေ့ စာဖြင့် ညွှန်ကြားထားပြီး ဖြစ်ကြောင်းရှင်းလင်းဖြေကြားပါသည်။
