ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ရပ်ကွက်ပေါင်း ၃၂ ရပ်ကွက်၊ လူဦးရေ ၃၇၀၀၀၀ ကျော်နေထိုင် ပါကြောင်း၊ မြို့နယ်အတွင်းမှာရှိသည့် ပြည်သူများ၊ ကျောင်းသားလူငယ်များအနေဖြင့် ကျန်းမာရေးနှင့် အားကစားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒဂုံမြို့သစ်(တောင်ပိုင်း)ဘောလုံးကွင်းကို အဓိကထား အသုံးပြု၍ ရပ်ကွက်ပေါင်းစုံဘောလုံးပွဲများ၊ ကျောင်းပေါင်းစုံဘောလုံးပွဲများ၊ မြို့နယ်ပေါင်းစုံ ဘောလုံးပွဲများ၊ ပြေးခုန်ပစ်ပြိုင်ပွဲများ ကျင်းပခဲ့သည့်ပြီး ၎င်းပြိုင်ပွဲများကြောင့် ရပ်ကွက်လက်ရွေးစင်၊ မြို့နယ်လက်ရွေးစင်၊ တိုင်းဒေသကြီး/ပြည်နယ် လက်ရွေးစင်၊ မြန်မာ့လက်ရွေးစင် အားကစားသမား များ ပေါ်ထွန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ၈.၁၁.၂၀၁၀ ရက်နေ့တွင် အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ နှင့် ဇေယျာရွှေမြေကလပ် ကိုယ်စားပြု တို့ လက်မှတ်ရေးထိုးပြီး အငှားချထား ပေးခဲ့ပါကြောင်း၊ သုံးနှစ် အခမဲ့ဖြစ်ပြီး တစ်နှစ်လျှင် ၁၂ သိန်းဖြင့် အငှားချထားကြောင်း သိရှိရပါ ကြောင်း၊ စည်းကမ်းချက်များမှ အပိုင်း ၁၀ အပိုဒ် ၁၅ အငှားချထားခံရသူသည် အငှားချ ထားသည့်အားကစားကွင်းအား မပျက်ဆီးအောင်ထိန်းသိမ်းစောင့်ရှောက်ရမည်။ (ခ) အငှားချထား သည့် အားကစားကွင်းအား အဆင့်မြှင့်ခြင်း၊ ပြုပြင်ခြင်း၊ တိုးချဲ့တည်ဆောက်ခြင်းများကို အစိုးရအဖွဲ့၏ ကြိုတင်ခွင့်ပြုချက်ဖြင့် ကျခံဆောင်ရွက်ရမည်။ (ဃ) အငှားချထားသည့်အားကစားကွင်းကိုဖြစ်စေ၊ မြေအဆောက်အဦနှင့် ပစ္စည်းကိုဖြစ်စေ၊ ၎င်းတို့၏ တစ်စိတ်တစ်ဒေသ ကိုဖြစ်စေပေါင်နှံခြင်း ၊ငှားရမ်း ခြင်း၊အာမခံခြင်းသို့မဟုတ် တစ်နည်းနည်းဖြင့် လွှဲပြောင်းပေးခြင်းတို့ကို အစိုးရအဖွဲ့၏ စာပြန်ခွင့်ပြု ချက်မရှိဘဲ မပြုလုပ်ရတို့ဖြစ်ပါကြောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)ဘောလုံး အားကစားကွင်းကို ငှားရမ်းခဲ့ သည့်အတွက် မြို့နယ်ပြည်သူလူထု အားကစားနှင့်ကာယကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှု၊ လေ့ကျင့်မှု၊ ပြိုင်ပွဲများကျင်းပမှုနှင့် ရပ်ကွက်ပေါင်း စုံ ဘောလုံးပြိုင်ပွဲများ ၊ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ရာတွင် အားနည်းခဲ့ပါကြောင်း၊ စာချုပ်ပါအချက်အလက်များအရ ဘောလုံးအားကစား ကွင်း၊ မြက်ခင်းပြင်၊ ပွဲကြည့်စင်များ၊ ပြေးလမ်းများ ပျက်စီးနေ သည်ကို သာတွေ့ရပြီး ပြင်ဆင်မွမ်းမံခြင်း ကို မတွေ့ရပါကြောင်း၊ အပိုင်း ၁၀ အပိုဒ် ၁၅ အပိုဒ်ခွဲ(ဃ)ကို ဖောက်ဖျက်၍ သီးနှံစိုက်ခင်းများ ပြုလုပ် ထားခြင်း၊ ဖုန်းတာဝါတိုင်များ ငှားရမ်းထားခြင်းများကို တွေ့မြင်နေရပါကြောင်း၊ ဆက်လက်၍ အားကစားမြှင့်မားရေး၊ လေ့ကျင့်ရေးပြိုင်ပွဲကျင်းပပြုလုပ်ခြင်းလည်း မတွေ့ရပါကြောင်း၊ အင်တာနက်၊ Website သတင်းများအရ ဇေယျာရွှေမြေဘောလုံးကလပ်အသင်းသည် ၂၀၁၇ ခုနှစ် မြန်မာ့နေရှင် နယ်လိဂ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုရန် အတည်ပြုခဲ့ပြီး အသင်းရှိနည်းပြများ၊ အားကစား သမားများအား ထွက်ခွာခွင့်ပြုခြင်း၊ အသုံးပြုခွင့်ရထားသော ဘောလုံးကွင်းကို ၁၅-၉-၂၀၁၆ ရက်နေ့ တွင် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်သို့ ပြန်လည်အပ်နှံခဲ့သည်ကို သိရှိရပါကြောင်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ဘောလုံးအားကစားကွင်းသည် အများပြည်သူ ပြန်လည်အသုံးပြုနိုင်ရေး၊ နိုင်ငံတော်နှင့် ကျန်းမာရေး အားကစား ဝန်ကြီးဌာန မှ ပြန်လည်ရယူဆောင်ရွက်ပေးပါရန် ပြည်သူများမှ လိုလားလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ဘောလုံးအားကစားကွင်းကို အများပြည်သူ အချိန်ပြည့်အသုံးပြုနိုင်ရန် ဇေယျာရွှေမြေကလပ်အသင်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့မှ ပြန်လည်ရယူဖို့အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြန်လည်ရယူ၍ အများပြည်သူ အသုံးပြုနိုင်ရေး အတွက် မည်ကဲ့သို့ဆောင်ရွက်မည်ကို သိလိုပါကြောင်းမေးမြန်းပါသည်။
မြန်မာ့ဘောလုံးအားကစားပြန်လည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိရန် အတွက် ယခင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရ လက်ထက်တွင် နှစ်ရှည်စီမံကိန်းများရေးဆွဲ၍ ဝန်ကြီးချုပ်ရုံး၏ လမ်းညွှန်ချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ မြို့နယ်အားကစားကွင်း အပါအဝင်မြန်မာတစ်နိုင်ငံလုံးရှိ ဘောလုံး အားကစားကွင်းပေါင်း ၂၄ ကွင်းကို ၂၁-၆-၂၀၁၁ ရက်နေ့တွင် ယခင်အားကစား ဝန်ကြီးဌာန မှ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ ငှားရမ်းစာချုပ်ချုပ်ဆိုခဲ့ပါကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အနေဖြင့် သက်ဆိုင်ရာဘောလုံးကလပ်အသင်းများကို သုံးနှစ်အခမဲ့ငှားရမ်းပြီး အဆိုပါငှားရမ်းသည့် ကာလပြည့်သည့်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ မြို့နယ် အားကစားကွင်း အား တစ်နှစ်လျှင် ကျပ် ၁၂ သိန်းဖြင့် ဇေယျာရွှေမြေ ဘောလုံးအသင်းကို လေ့ကျင့်ရေးကွင်းအဖြစ် နှစ်ပေါင်း ၃၀ ချုပ်ဆိုပေးခဲ့ပါကြောင်း၊ မြန်မာ့ဘောလုံးအဆင့်အတန်း တိုးတက်ရေးအတွက် ၂၀၀၉ ခုနှစ်မှစ၍ မြန်မာနေရှင်နယ်လိဂ် အမျိုးသားဘောလုံးပြိုင်ပွဲများ စတင်ကျင်းပခဲ့သည့်အပြင် အသက် ၂၀ နှစ်အောက်နှင့် အသက် ၁၈ နှစ်အောက် မြန်မာနေရှင်နယ်လိဂ် လူငယ် အမျိုးသား ဘောလုံးပြိုင်ပွဲများ ကိုလည်း တိုးချဲ့ကျင်းပပေးနိုင်ခဲ့ပါကြောင်း၊
အခြားနိုင်ငံဒေသများတွင် အမျိုးသမီးလိဂ်ဘောလုံးပြိုင်ပွဲများ ကျင်းပနေသကဲ့သို့ မြန်မာနေရှင်နယ်လိဂ် အမျိုးသမီးပြိုင်ပွဲများကိုလည်း စတင်ကျင်းပရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)အနေဖြင့် မြန်မာနေရှင်နယ်လိဂ် အမျိုးသား/အမျိုးသမီးဘောလုံး ပြိုင်ပွဲများ ကျင်းပပြုလုပ်နိုင်မှသာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၊ အာရှဘောလုံးအဖွဲ့ချုပ်နှင့် အရှေ့တောင် အာရှဘောလုံးအဖွဲ့ချုပ်တို့မှ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သို့ နည်းစနစ်ပိုင်းဆိုင်ရာနှင့် ပတ်သက်၍ အဆင့်မီနည်းပြ A လိုင်စင်၊ B လိုင်စင်၊ C လိုင်စင်နည်းပြသင်တန်းများအတွက် ကူညီပံ့ပိုးခြင်း၊ ဒိုင်လူကြီးများနှင့်ပတ်သက်၍ နိုင်ငံတကာအဆင့်မီ ဒိုင်လူကြီးများ ပေါ်ထွက်လာရေးအတွက် ကူညီ ပံ့ပိုးခြင်း၊ ဘောလုံးကွင်းနှင့် ဆက်စပ်သော အကူအညီပစ္စည်းများ ပံ့ပိုးကူညီခြင်းတို့ကို ရရှိမည် ဖြစ်ပါကြောင်း၊
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ဘောလုံးကွင်းအား ပြန်လည်ပြုပြင်ပြီး မြန်မာနေရှင်နယ်လိဂ် အမျိုးသမီးပြိုင်ပွဲကို ကျင်းပပြုလုပ်ရန်ရှိပါကြောင်း၊ ထို့ကြောင့်ဆက်လက် သုံးစွဲခွင့်ပြုရေးနှင့် ဒေသခံပြည်သူလူထုများသုံးစွဲရန် လိုအပ်ပါက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ကြိုတင်အကြောင်းကြားပါက မိမိတို့ ရအောင်လုပ်ပေးပါမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအမျိုးသား၊ အမျိုးသမီးများ ဘောလုံးကစားနည်း ဖွံ့ဖြိုးတိုးတက်ရေး နှင့် နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုရရှိရေးအတွက်လည်းကောင်း၊ ဒေသတွင်းနိုင်ငံများ နည်းတူ မြန်မာအမျိုးသမီးနေရှင်နယ်လိဂ်ဘောလုံးပွဲများ ကျင်းပပြုလုပ်နိုင်ရန်အတွက် စာချုပ်စည်းကမ်းများအရ လည်းကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ မေတ္တာရပ်ခံချက်အရလည်းကောင်း၊ မိမိတို့အနေ ဖြင့် လောလောဆယ်တော့ ပြန်လည်တောင်းယူရန် အစီအစဉ် မရှိသေးကြောင်း ဖြေကြားပါသည်။
ဦးအေးနိုင်(ဒဂုံမြို့သစ်(တောင်ပိုင်း)) မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။
စာချုပ်ချုပ်လိုက် ၁၀ နှစ်ကြာမှ တစ်ခါပြန်သုံးသပ်လိုက်နှင့် ယခုလို ဖြစ်မည့်အစား သူတို့ဆောင်ရွက် မည်ဆိုပါက အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထိန်းချုပ်ပြီး စီမံကွပ်ကဲခွင့်ပြုစေချင်ပါကြောင်း၊ သို့မှသာအများပြည်သူ လက်တွေ့ဆောင်ရွက်နိုင်မည် ဖြစ်သည့်အတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ ကိုသိလိုပါကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး
အလွန်ကောင်းသည့် အချက်ဖြစ်သည့်အတွက် လုပ်ချင်ပါကြောင်း၊ သို့သော် မိမိအနေဖြင့် ဆုံးဖြတ်လို့မရပါကြောင်း၊ ၎င်းကိစ္စကို Cabinet ကို တင်ပြီးမိမိလုပ်ပါမယ်။ မိမိအနေဖြင့် ၎င်းကွင်းများကို ထိန်းချုပ်နိုင်ပါက အားကစားဒီထက် ပိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ ပြည်သူများကစားမှသာ အားကစားတွင်မည်ဖြစ်ပါကြောင်း၊ မိမိလက်ခံပါကြောင်း၊ Cabinet အထိတင်ရန် မိမိတို့စီစဉ်ပါမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
