(ဇ)-ရဲတပ်ဖွဲ့အင်အားမည်မျှခန့်ထားနိုင်ကြောင်းနှင့် ပြီးပြတ်မှုမရှိသော အမှုများ၏ အခက်အခဲနှင့် ဆောင်ရွက်နေမှုအခြေအနေ၊ မူခင်းကျဆင်းရေး အထူးစီမံချက်များရေးဆွဲရန်ရှိ/မရှိ၊ပြေး(၄)ပြေးနှင့် ပတ်သက်၍ အစီအမံများ ချထားခြင်းရှိ၊ မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့ (၁၀.၂.၂၀၁၇)

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေး လုပ်ငန်းတွေကို အဓိကထားဆောင်ရွက်ရပါကြောင်း၊ ရဲစခန်းအသီးသီးတွင်လည်း ရဲတပ်ဖွဲ့ဆိုင်ရာ မှတ်တမ်းပုံစံ ၃၇ မျိုးထားရှိ မှတ်တမ်းရေးသွင်း ထိန်းသိမ်းဆောင် ရွက်ကြရခြင်း၊ စာရင်းမှတ်တမ်း လချုပ်များ ပြုစု ဆောင်ရွက်ကြရခြင်းနှင့် ပြက္ခဒိန် နှစ်အလိုက် နှစ်ချုပ်စာရင်း ရေးဆွဲရခြင်းများ ရှိကြောင်း သိရှိရပါကြောင်း၊ နိုင်ငံတစ်နိုင်ငံအတွက် တရားဥပဒေစိုးမိုးမှု၊ နယ်မြေအေးချမ်း သာယာ တည်ငြိမ်မှု သည် အင်မတန်အရေးကြီးပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ဖွဲ့စည်းထားသည့် ရဲဝန်ထမ်းဖွဲ့စည်းပုံနှင့် ခန့်ထားမှုအနေအထားအရ နိုင်ငံလူဦးရေအချိုးနှင့် မညီမျှမှု၊ ဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရန် အထောက် အကူပြုဆိုင်ရာပစ္စည်းနှင့် ရန်ပုံငွေ မပြည့်စုံနိုင်မှုများကိုလည်း သိရှိရပါ ကြောင်း၊ထို့ကြောင့် (၁) နိုင်ငံတွင်ရှိသော လူဦးရေအရ နိုင်ငံတကာစံနှုန်းနှင့်အညီ ခန့်အပ်မည် ဆိုလျှင် လက်ရှိခန့်ထားပြီး ရဲတပ်ဖွဲ့ အင်အား အနေ အထားအရ ရာခိုင်နှုန်းမည်မျှအထိ ခန့်ထားနိုင်သေး သည်ကိုလည်းကောင်း၊ (၂) အမှုကြီး ၁၀ မျိုး၊ အခြားအမှု ၁၀ မျိုးနှင့် ကြိုတင်ကာကွယ်မှု ၉ မျိုးတို့နှင့် ပတ်သက်ပြီး ၂၀၁၄ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်များ အတွင်း ဖြစ်ပေါ် ခဲ့သည့် အမှုများနှင့် ပတ်သက်၍ စာရင်းဖွင့်အမှု၊ တစ်နှစ်အတွင်းဖြစ်ပွားသည့်အမှု၊ စွဲဆိုသည့် အမှု၊ ပိတ်သိမ်းသည့် အမှု၊ လက်ကျန်အမှုများအခြေအနေနှင့် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပွားမှု အများဆုံးအမှုများနှင့် ပတ်သက်၍ မည်သည့် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်    ဖြစ်ပွားသည်ကိုလည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် ပြီးပြတ်မှုမရှိဘဲ ကျန်ရှိနေသည့် အမှုများ၊ အဓိကအခက်အခဲနှင့် ဆောင်ရွက်နေမှုအကြောင်းကိုလည်းကောင်း၊ (၃) ၂၀၁၆ ခုနှစ်တွင် အမှုဖြစ်ပွားမှု အများဆုံး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှာ မှုခင်းကျဆင်းရေး၊ ကြိုတင်ကာကွယ်ရေးအစီအမံတွေ ပိုပြီးထိထိ ရောက်ရောက်ဆောင်ရွက်နိုင်ဖို့ အထူးစီမံချက်များ ရေးဆွဲဆောင်ရွက်ရန် အစီအမံများ ရှိ/မရှိနှင့် ဆောင်ရွက် ထားမှုအခြေအနေကို လည်းကောင်း၊ (၄) ပြေးလေးပြေးနှင့် ပတ်သက်၍ ၂၀၁၄ ခုနှစ်၊ ၂၀၁၅ ခုနှစ်၊ ၂၀၁၆ ခုနှစ်များ၏ စာရင်းဖွင့်လက်ကျန်၊ တစ်နှစ်အတွင်း ဖြစ်ပွားမှု၊ ဖမ်းဆီးဖော်ထုတ် နိုင်မှုနှင့် မဖမ်းဆီးနိုင်သည့် လက်ကျန်အခြေအနေ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် လက်ကျန် အများဆုံးကျန်ရှိနေတဲ့ ပြည်နယ်နှင့်တိုင်းဒေသကြီးများ၏ အခြေအနေအကြောင်းအရင်းနှင့် ဒေသများကို မည်သို့အစီအမံများဖြင့် ချမှတ်ဆောင် ရွက်မည်ဖြစ်ကြောင်း ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ပထမမေးခွန်းနှင့်စပ်လျဉ်းပြီး မြန်မာနိုင်ငံ၏ လက်ရှိလူဦးရေမှာ ၅၁ သန်းကျော်ရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်၏ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ရဲတပ်ဖွဲ့ဝင်အင်အားနှင့် ပြည်သူလူထု၏ အချိုးမှာ ၁ း ၆၅၀ ဦးဖြစ်ပါကြောင်း၊ နိုင်ငံတကာစံနှုန်းအရ ရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူအချိုးမှာ ၁ း ၄၀၀ ဖြစ်ပြီး ထိုစံနှုန်းအရခန့်အပ်မည်ဆိုပါက ရဲတပ်ဖွဲ့ဝင်အင်အား ၁၂၇၅၀၀ ဦးရှိရရှိမည်ဖြစ်ပါကြောင်း၊ လက်ရှိ ရဲတပ်ဖွဲ့ဝင်အင်အားအရ နိုင်ငံတကာစံနှုန်းများနှင့်အညီ ခန့် အပ်ထားနိုင်မှုသည် ၆၁.၅ ရာခိုင်နှုန်းသာ ခန့်အပ်နိုင်ပါသေးကြောင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် အနေဖြင့် ရဲတပ်ဖွဲ့ဝင်အင်အားများ ပြည့်မီအောင် ဖြည့်တင်းနိုင်ရေးအတွက်ကို ရဲတပ်ဖွဲ့ဝင် အင်အားတိုးမြှင့်ရေးစီမံချက်များ ရေးဆွဲပြီး တိုင်းဒေသကြီး၊ ပြည်နယ်၊ တပ်ရင်း၊ တပ်ဖွဲ့များအလိုက် ရဲတပ်သားသစ်များ စုဆောင်းရရှိရေးကိုလည်း အလေးထားကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း၊

အမှုဖြစ်ပွားမှု၊ စွဲဆိုမှု၊ ပိတ်သိမ်းမှုများနှင့်စပ်လျဉ်းပြီး ၂၀၁၄ ခုနှစ်တွင် အမှုကြီး ၁၀ မျိုးအနေဖြင့် ၂၃၆၂ မှုဖြစ်ပွားခဲ့ပြီး ၂၁၅၃ မှု တရားစွဲတင်ခဲ့ပြီး ၁၈၆ မှုပိတ်သိမ်းကာ ၂၃ မှုလက်ကျန်ရှိပါကြောင်း၊ အခြား အမှု ၁၀ မျိုးအနေဖြင့် တရားစွဲတင်ခဲ့သည့်အမှုပေါင်း ၅၅၆၆ ဖြစ်ပွားခဲ့ပြီး ၄၈၅၂၉ မှု တရားစွဲ တင်ခဲ့ ကာ ၅၅၆၆ မှုကို ပိတ်သိမ်းပြီး ၁၇၅ မှု တရားစွဲဆိုတင်ခဲ့သည့်အတွက် လက်ကျန် ကျန်ရှိပါကြောင်း၊ ကြိုတင်ကာကွယ်မှု ၁၀ မျိုးအနေဖြင့် ၈၂၈၇၆ မှု ဖော်ထုတ် ဖမ်းဆီးအရေးယူခဲ့ပြီး ၈၂၁၉၇ မှု တရားစွဲ တင်ခဲ့ကာ ၆၇၁ မှု ပိတ်သိမ်းခဲ့သည့်အတွက် ၈ မှု လက်ကျန် ကျန်ရှိပါကြောင်း၊

၂၀၁၅ ခုနှစ်တွင် အမှုကြီး ၁၀ မျိုးအနေဖြင့် ၂၂၉၇ မှု ဖြစ်ပွားခဲ့ပြီး ၂၀၉၃ မှုကို တရားစွဲတင်ခဲ့ကာ ၁၃၉ မှု ပိတ်သိမ်းခဲ့သည့်အတွက် ၆၅ မှု လက်ကျန်ကျန်ရှိပါကြောင်း၊  အခြားအမှု ၁၀ မှုအနေဖြင့် ၅၅၂၂၄ မှု ဖြစ်ပွားပြီး ၄၇၉၇၁ မှု တရားစွဲ တင်ခဲ့ကာ ၅၆၄၀ မှု ပိတ်သိမ်းခဲ့သည့်အတွက် ၁၆၁၃ မှု လက်ကျန်ကျန် ရှိပါကြောင်း၊ ကြိုတင်ကာကွယ် မှု ၁၀ မျိုးအနေဖြင့် ၈၂၆၆၃ မှု ဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့ပြီး ၈၂၀၅၂ မှုတရားစွဲတင်ကာ ၅၅၀ မှု ပိတ်သိမ်းခဲ့သည့်အတွက် ၆၁ မှု လက်ကျန် ကျန်ရှိပါကြောင်း၊

၂၀၁၆ ခုနှစ်တွင် အမှုကြီး ၁၀ မျိုးအနေဖြင့် ၂၈၄၃ မှု   ဖြစ်ပွားခဲ့ပြီး ၂၃၆၇ မှု တရားစွဲတင်ခဲ့ကာ ၅၆ မှု ပိတ်သိမ်းခဲ့သည့်အတွက် အမှု ၄၂၀ လက်ကျန်ကျန်ရှိပါကြောင်း၊ အခြားအမှု ၁၀ မျိုးအနေဖြင့် ၆၂၆၂၈ မှု ဖြစ်ပွားပြီး ၄၆၉၀၀ မှု တရားစွဲတင်ခဲ့ကာ ၃၂၆၅ မှု ပိတ်သိမ်းခဲ့သည့်အတွက် ၁၂၄၆၃ မှု လက်ကျန်ကျန်ရှိပါကြောင်း၊ ကြိုတင်ကာကွယ်မှု ၁၀ မျိုး အနေဖြင့် ၁၇၃၃၁၉ မှု ဖော်ထုတ်ဖမ်းဆီး အရေးယူခဲ့ပြီး ၁၇၁၄၁၅ မှု တရားစွဲတင်ကာ ၅၁၄ မှု ပိတ်သိမ်းခဲ့သည့်အတွက် ၁၃၉၀ မှု လက်ကျန်ကျန်ရှိပါကြောင်း၊

၂၀၁၆ ခုနှစ်တွင် အမှုလက်ကျန်များပြားနေရခြင်းသည် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ရေးဖွင့်ခဲ့သည့် အမှုများဖြစ်ပြီးတော့ တရားခံများ ထွက်ပြေးတိမ်းရှောင်ခြင်း၊ သက်သေများခရီးလွန်နေ ခြင်း၊ လယ်ယာမြေနှင့်ဆက်နွှယ်သည့်မှုခင်းများ၊ လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီအဆင့်ဆင့်သို့ အယူခံတက်ရောက်နေခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများ၊ တရားလို၊ တရားခံ၊ သက်သေများအဖြစ် ပါဝင်မှုများမှာ ၎င်းတို့ကို အချိန်မီစစ်ဆေးဆောင်ရွက်နိုင်မှုမရှိခြင်းနှင့် အချို့ဒေသများတွင် နယ်မြေ လုံခြုံရေးအရ ရဲလုပ်ငန်းများဆောင်ရွက်ရန် အခက်အခဲရှိခြင်းတို့ကြောင့် မှုခင်းများ ကြန့်ကြာလျက် ရှိပါကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် တရားစွဲဆိုနိုင်ခြင်းမရှိသေးသည့် အမှုများကို အမြန်စစ်ဆေးဖော်ထုတ်တရားစွဲဆိုနိုင်ရေးအတွက် လက်ကျန်အမှုများကို တာဝန်ရှိသူ အဆင့်ဆင့်မှ နေ့စဉ်၊ အပတ်စဉ်၊ လစဉ် အမှုတွဲတန်းစီစစ်ဆေး(Case Parade)ပြုလုပ်ပြီး စစ်ဆေး ကြပ်မတ်ခြင်း၊ အမှုမှထွက်ပြေးတိမ်းရှောင်နေသည့် တရားခံများကို အမှုစစ်များမှ လိုက်လံစုံစမ်း ဖမ်းဆီးဆောင်ရွက်ခြင်းနှင့် တရားခံများသွားလာနေထိုင်သည့် နေရပ်များကို စုံစမ်းနိုင်ရေးအတွက် ရဲစခန်းအချင်းချင်းဆက်သွယ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကာ ရဲလုပ်ငန်းများ လွယ်ကူလျင်မြန်စေပြီး လက်ကျန်အမှုများ၊ သက်ဆိုင်ရာ တရားရုံးအသီးသီးသို့ အချိန်မီ တရားစွဲဆိုတင်ပို့နိုင်ရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ အမှုဖြစ်ပွားမှုများအပေါ်တွင်လည်း ဖြစ်ပွားသည့် အမှုတစ်ခုချင်း အပေါ် လေ့လာသုံးသပ်ပြီး မှုခင်းလျော့နည်းကျဆင်းရေးကိုလည်း အလေးထားဆောင်ရွက် လျက်ရှိပါကြောင်း၊

၂၀၁၆ ခုနှစ်တွင် ဖြစ်ပွားမှုအများဆုံးအမှုမှာ အမှုကြီး ၁၀ မျိုးတွင် လူသတ်မှုအများဆုံး ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရပြီး လူသတ်မှုစုစုပေါင်း ၁၃၀၈ မှု ဖြစ်ပွားခဲ့ကြောင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများဆုံးဖြစ်ပွား ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အခြားအမှု ၁၀ မျိုးအနက် အများဆုံးဖြစ်ပွားမှုမှာ ယာဉ်မတော်ဆမှုကြောင့် ဖြစ်ပွားခဲ့သည့် နာကျင်မှုအမှုဖြစ်ပြီး ၁၆၆၄၀ မှုရှိကာ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင် အများဆုံးဖြစ်ပွား ခဲ့ပါကြောင်း၊

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်အနေဖြင့် နှစ်စဉ်မှုခင်းကျဆင်းရေးအတွက် မှုခင်းအများဆုံး တိုင်း ဒေသကြီး/ပြည်နယ်များ၊ အများဆုံးဖြစ်ပွားသည့်မှုခင်းများအပေါ်သုံးသပ်ပြီး မှုခင်းကျဆင်းရေး စီမံချက်ကိုလည်း ရေးဆွဲဆောင်ရွက်လျက်ရသည့်အပြင် ပြည်သူလူထုအား အထိတ် တလန့် ဖြစ်စေသည့် မှုခင်းများ၊ ပြည်သူ့ဘဝလုံခြုံမှုကို ထိခိုက်စေသောမှုခင်းများ၊ အများဆုံးဖြစ်ပွားတဲ့မှုခင်း များနှင့်စပ်လျဉ်းပြီး သီးခြားစီမံချက်များဖြင့် ရေးဆွဲဆောင်ရွက်လျက်ရှိရာ လူသတ်မှုလျော့နည်း ကျဆင်းရေးစီမံချက်၊ မုဒိမ်းမှု၊ သက်ငယ် မုဒိမ်းမှုလျော့နည်းကျဆင်းရေးစီမံချက်၊ ယာဉ်တိုက်မှု မတော် တဆမှုလျော့နည်းပပျောက်ရေးစီမံချက်၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးစီမံချက်၊  လူကုန်ကူးမှုတားဆီးကာကွယ်ရေးစီမံချက်၊ လောင်းကစားမှုပပျောက်ရေးစီမံချက်၊ လက်နက် ပုန်းဖော် ထုတ်ဖမ်းဆီးရမိရေးစီမံချက် စသည့် စီမံချက်များကို တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရဲစခန်းအလိုက် မိမိဒေသများတွင် ဖြစ်ပွားနေသော အမှုအမျိုးအစားနှင့် ဖြစ်ပွားမှုအပေါ်အခြေခံပြီး ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊

မှုခင်းလျော့နည်းကျဆင်းရေးနှင့် မှုခင်းကြိုတင်ကာကွယ်လုပ်ငန်း ဆောင်ရွက်ရာတွင် ပြည်သူလူထုကို မှုခင်းအသိပညာနှင့် ဥပဒေအသိပညာပေးခြင်းလုပ်ငန်းများကို မြို့ပေါ်နှင့် ကျေးလက်ဒေသများပါ မကျန် လူတန်းစား၊ အလွှာအသီးသီးမှာ ကျယ်ကျယ်ပြန့်ပြန့်၊ ထိထိ ရောက်ရောက်ပညာပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊

 ပြေးလေးပြေးနှင့် အစီအမံများ ချမှတ်မှုဆောင်ရွက်မှု အခြေအနေနှင့် စပ်လျဉ်း၍ ၂၀၁၄ ခုနှစ်တွင် ယခင်နှစ် လက်ကျန် ၂၁၃၇၀ ဦး၊ ထပ်တိုး ၇၃၀၀ ဦး စုစုပေါင်း ၂၈၆၇၀ ဦးအနက် ၈၄၃၃ ဦး ဖမ်းဆီးရမိခဲ့ပြီး ၇၅၀ ဦးပယ်ဖျက်ခဲ့သည့်အတွက် ၁၉၄၈၇ ဦး ဖမ်းဆီးရန်ကျန်ရှိပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ယခင်နှစ် လက်ကျန်နှင့် ထပ်တိုး စုစုပေါင်း ၂၅၉၆၈ ဦးနှင့် ၈၅၆၄ ဦး ဖမ်းဆီးရမိပြီး ၁၃၉ ဦး ပယ်ဖျက်ခဲ့သည့်အတွက် ၁၈၂၆၅ ဦး ဖမ်းဆီးရန်ကျန်ရှိပါကြောင်း၊  ၂၀၁၆ ခုနှစ် ယခင်နှစ် လက် ကျန်နှင့် ထပ်တိုး စုစုပေါင်း ၂၄၇၄၅ ဦးအနက် ၆၃၇၆ ဦး ဖမ်းဆီးရမိပြီး ၇၂ ဦးပယ် ဖျက်ခဲ့တဲ့အတွက် ၁၈၂၉၇ ဦး ဖမ်းဆီးရန်ကျန်ရှိပါကြောင်း၊ ပြေးလေးပြေးဖမ်းဆီးရန် အများဆုံးကျန်ရှိတဲ့ တိုင်းဒေသကြီး/ ပြည်နယ်များမှာ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့ဖြစ်ပါကြောင်း၊ နေ့စဉ်ဖြစ်ပွားလျက် ရှိသော အမှုများမှာ တရားခံအချို့မှာ မိမိကျူးလွန်ခဲ့သည့် ပြစ်မှုများအတွက် တရားဥပဒေနှင့်အညီ ရင်ဆိုင် ဖြေရှင်းခြင်းမရှိဘဲ ထွက်ပြေးတိမ်းရှောင်သည့်အပြင် ထွက်ပြေးတိမ်းရှောင်နေစဉ်ကာလအတွင်း ပြစ်မှုများ ထပ်မံကျူးလွန်နိုင်သည့်အတွက် ရပ်ရွာတည်ငြိမ်ရေးနှင့် အေးချမ်းရေးကို ထိခိုက်စေနိုင်သည့်အတွက် ပြေးလေးပြေးဖမ်းဆီးရမိရေးအတွက်ကိုလည်း စီမံချက် များ ရေးဆွဲပြီး အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊

ထို့အပြင် တရားခံပြေးများကို လက်ခံသူများကိုလည်း ဥပဒေအရအရေးယူဆောင်ရွက်ခြင်း၊ ရဲစခန်း အချင်းချင်းချိတ်ဆက်ပူးပေါင်းဖမ်းဆီးဆောင်ရွက်ခြင်း၊ ဖမ်းဆီးရမိပါက ထွက်ပြေးတိမ်းရှောင် နေစဉ် အတွင်း ပြစ်မှုများ ထပ်မံကျူးလွန်ခြင်းရှိ/မရှိ စစ်ဆေးဖော် ထုတ်ခြင်းများကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊  သို့ပါ၍ မြန်မာနိုင်ငံရဲ့တပ်ဖွဲ့အနေဖြင့် ပြည်သူ့ဘဝ အေးချမ်းသာယာ ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတကာစံနှုန်းနှင့်အညီ လိုအပ်သည့်ရဲတပ်ဖွဲ့ဝင် အင်အား ပြည့်မီနိုင်ရေး အတွက်လည်းကောင်း၊ မှုခင်းကြိုတင်ကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေးအတွက် လည်းကောင်း အစီအမံများချမှတ်ဆောင်ရွက်ခြင်း၊  ပြည်သူလူထုအား အသိပညာပေးခြင်း လုပ်ငန်း များ ကျယ်ကျယ်ပြန့်ပြန့်စီမံဆောင်ရွက်လျက်ရှိပြီး ပြည်သူလူထုပူးပေါင်းပါဝင်သည့် ရဲလုပ်ငန်းစနစ်နှင့် ရပ်ရွာပြည်သူများ အခြေပြုရဲလုပ်ငန်းစနစ်များ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ဖြစ်ပွားသည့်အမှုများကို လက်ကျန်မရှိအောင် စုံစမ်းဖော်ထုတ်တရားစွဲတင်နိုင်ရေး အလေးထားဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြေးလေးပြေးများကိုလည်း လက်ကျန် မရှိအောင် ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အစီအမံများဖြင့် အလေး အနက်ထားဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ရှင်းလင်းတင်ပြပါသည်။