(ဂ)-တိုင်းရင်းဆေးဖြင့်ကုသမှုအများဆုံးရောဂါများ အတွက် အထူးဆေးဝါးများနှင့် လက်ရှိ ထုတ် လုပ်နေသောဆေးများကိုသောက်သုံးရန်၊ဆေးညွှန်း ရန်လွယ်ကူသောပုံစံများဖြင့်အဆင့်မြှင့်တင်ထုတ်လုပ် သွားရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၅.၁၂.၂၀၁၆)

ယနေ့ ကမ္ဘာ့နေရာအနှံ့အပြားသာမက မြန်မာနိုင်ငံတွင်ပါ ရောဂါအသစ်အဆန်းများ ဖြစ်ပေါ် နေလျက်ရှိသည့်အပြင် မူလရှိပြီးသား ရောဂါများ၏ ဖြစ်ပွားနှုန်းသည်လည်း ပိုမိုမြင့်မားလာပြီး လူများ၏ ပျမ်းမျှသက်တမ်းကိုလည်းပဲ ခြိမ်းခြောက်ခံနေရတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒီလို ရောဂါတွေကို ကုသဖို့ဆိုလို့ရှိရင် ဆေးသိပ္ပံပညာရှင်များနှင့်အတူ နိုင်ငံ၏ မူလဆေးပညာ တစ်ရပ်ဖြစ်သော တိုင်းရင်းဆေး ပညာရှင်များမှာ တာဝန်ရှိနေပါကြောင်း၊ ကုသရေးလုပ်ငန်းစဉ်များ ထိရောက်အောင်မြင်ရန် ရောဂါရှာဖွေရေးစက်ကိရိယာနှင့် ကုထုံးနည်းစနစ်တွေအပြင် သုတေ သနပြုလုပ်ထားသော ဆေးဝါးအသစ်များ မဖြစ်မနေလိုအပ်နေမည်ဖြစ်ပါကြောင်း၊ တိုင်းရင်းဆေး ပညာဦးစီးဌာနအောက်ရှိ တိုင်းရင်းဆေးရုံ၊ ဆေးခန်းများတွင် ယခုအချိန်တွင် ကုသရေးအတွက် ဆေးအမျိုး ၂၀ နှင့် ထုတ်လုပ်ပေးနိုင်သော်လည်း တိုင်းရင်းဆေးတက္ကသိုလ်တို့၊ တိုင်းရင်းဆေး သိပ္ပံတို့၏ သင်ရိုးညွှန်းတမ်းများတွင် ဆေးဝါး ၅၇ မျိုးအထိ သင်ကြားပေးခဲ့ပါကြောင်း၊ ထို့ကြောင့် သင်ရိုးညွှန်းတမ်းပါ ဆေးဝါးများ၊ ဆေးခန်းသုံးဆေးဝါးများကို အသုံးပြုမှုအများဆုံးဖြစ်မည့် ဆေးများကို ထပ်မံတိုးချဲ့ထုတ်လုပ်ပေးရန် အရေးတကြီးလိုအပ်နေပြီ ဖြစ်ပါကြောင်း၊

၂၀၁၆ ခုနှစ် ဧပြီလမှ ဇွန်လ  သုံးလတာအတွင်း တိုင်းရင်းဆေးရုံ၊ ဆေးခန်းများတွင် လာရောက်ကုသခံခဲ့သော ရောဂါ ၅၃ မျိုးအနက် ကုသမှုအများဆုံးဖြစ်ခဲ့သည့်ရောဂါ ၁၁ မျိုးကို တူရာအုပ်စုခွဲကြည့် လိုက်ရာတွင် နာကျင်ကိုက်ခဲမှု၊ ကြွက်သားတောင့်တင်းခြင်းကို ဖြစ်စေသည့် ရောဂါများ၊ သွေးတိုးနှင့် ဆက်စပ်လျက်ရှိသည့်ရောဂါများ၊ ဆီးချိုနှင့် ဆက်စပ်လျက်ရှိသည့် ရောဂါများဟူ၍ သုံးမျိုးတွေ့ရပါကြောင်း၊ သို့သော်လည်း တိုင်းရင်းဆေးပညာဦးစီးဌာနတွင် အဆိုပါ ရောဂါများကို တိုက်ရိုက်ကုပေးနိုင်သည့်ဆေးမရှိပါသေးပါကြောင်း၊ ထို့ကြောင့် အကိုက်အခဲ ပျောက်ဆေး၊ ဆီးချိုကျဆေး၊ သွေးတိုးကျဆေး စသည့် ဆေးဝါးများကို အထူးဆေးဝါးများအဖြစ် ထုတ်လုပ်ပေးရန် လိုအပ်နေပါကြောင်း၊

အာရှနိုင်ငံများတွင် ၎င်းတို့၏ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား စသည့်နိုင်ငံများတွင် ၎င်းတို့၏ တိုင်းရင်းဆေးဝါးများကို သုတေသနပြုလုပ်ပြီး အဆင့်မီထုတ်လုပ်ပေးနေသကဲ့သို့ မိမိတို့ နိုင်ငံတွင် လည်း ထိုသို့ဆောင်ရွက်ပေးနိုင်မည်ဆိုပါက တိုင်းရင်းဆေးပညာဖွံ့ဖြိုးမှုနှင့် ကုသရေး လုပ်ငန်း များကို  အကောင်အထည်ဖော်ရန်  အထောက်အကူဖြစ်လာမည်ဖြစ်ပြီး ပြည်သူများ၏ ကြားတွင် လည်း ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရန်အတွက် လိုအပ်လျက်ရှိပါကြောင်း၊

လက်ရှိဦးစီးဌာနကထုတ်လုပ်ပေးနေသော ဆေးဝါးများကို လေ့လာကြည့်ရာတွင်လည်း ရက် ၁၀၀ စီမံချက်အရ ထုတ်လုပ်ခဲ့သော စက္ခုပါလဆေးကလွဲရင်  ကျန်သည့်ဆေးများသည် အမှုန့်များသာ ဖြစ်နေသည်ကို ဝမ်းနည်းဖွယ်ရာတွေ့ရှိရပါကြောင်း၊ သောက်ဆေးများသည် ဆေးတောင့်၊ ဆေးပြားပုံစံများဖြစ်ပါက ပိုပြီးသင့်လျော်မည်ဖြစ်သကဲ့သို့ လူနာများအနေဖြင့်လည်း သောက်သုံး ခြင်း၊  သယ်ဆောင်သိမ်းဆည်းခြင်းတွင် ပိုမိုလွယ်ကူ လာမည်ဖြစ်ပါကြောင်း၊ ဆရာများ အနေဖြင့်  ဆေးညွှန်းရာတွင်လည်း လွယ်ကူခြင်း၊ ဆေးညွှန်းဆိုချက် ပမာဏများပိုမိုပြီးတော့ တိကျလာ မည်ဖြစ်ပြီး နိုင်ငံသူနိုင်ငံသားတွေအတွက် ပိုမိုထိရောကသော ဆွဲဆောင်မှုရှိသည့် ကျန်းမာရေး စောင့်ရှောက်မှု ရရှိလာမှာဖြစ်ပါကြောင်း၊

သို့ပါ၍ တိုင်းရင်းဆေးဖြင့် ကုသမှုအများဆုံးသောရောဂါများအတွက် အထူးဆေးဝါးများနှင့် ဆေးခန်းသုံးဆေးဝါးများကို ထပ်မံတိုးချဲ့ထုတ်လုပ်ပေးရန်နှင့် လက်ရှိထုတ်လုပ်နေသော ဆေးဝါး များကို ဆေးပြား၊ ဆေးတောင့် စသဖြင့် သောက်သုံးရန်လွယ်ကူသော၊ ဆေးညွှန်းရန် လွယ်ကူ သော ပုံစံများဖြင့် အဆင့်မြှင့်တင်ထုတ်လုပ်ပေးရန်အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်း မေးမြန်းပါ သည်။

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး 2တိုင်းရင်းဆေးပညာဦးစီးဌာနမှ တရားဝင်ထုတ်ထားသော ဌာနသုံးဆေးနည်းများစာအုပ် တွင် ၅၇ မျိုးပါဝင်ပြီး  တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် တိုင်းရင်းဆေးသမားတော်ကြီးများ အားလုံး စည်းဝေး ထိုင်ပြီး နိုင်ငံတော်မှ အသုံးပြုနိုင်ရန်အတွက် အစွမ်းထက်မြက်သောဆေးနည်းများကို  စုစည်းထားခြင်းဖြစ်သည့်အပြင် တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်း ဆေးကောင်စီ၊ တိုင်းရင်းဆေး တက္ကသိုလ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း၊ တိုင်းရင်းဆေးသမား တော်ကြီး များ စုစည်းဆွေးနွေးကာ ထပ်မံပြီး ၆၀ မျိုး စာရင်းထဲတွင်ထည့်သွင်းထားရှိပါကြောင်း၊ စုစုပေါင်း ၁၁၇ မျိုးရှိပါကြောင်း၊ ဆေးအမျိုး ၆၀ ကိုလည်း ဖြည့်စွက်ထုတ်လုပ်သုံးစွဲနိုင်ရန် ဌာနသုံး တိုင်းရင်း ဆေးနည်းများနှင့် သမားဆေးစဉ်ဆေးဖုံများစာအုပ်အဖြစ် ရက် ၁၀၀ အတွင်းကနေ ထုတ်ပြီး ပါကြောင်း၊ ဆေးကိုပိုထုတ်ရန်ပတ်သက်၍ ဆေးမထုတ်မီ သုတေသန လုပ်ရသည့် အတွက် ငွေကြေး အကုန်အကျ များပါကြောင်း၊ ဆေးနည်း ၅၇ မျိုးကို ရောဂါတစ်မျိုးချင်းစီအလိုက် ဆေးဖုံ အုပ်စု ၁၄ မျိုး ခွဲထားပြီး   အုပ်စုအလိုက်ဆေးဖုံတစ်ခုချင်းမှ အစွမ်းထက်မြက်၍ သင့်တော်သော ဆေးဝါးများကို တိုင်းရင်းဆေးသမားတော်ကြီးများနှင့် တိုင်ပင်ပြီး ထုတ်လုပ်ခြင်းဖြစ်ပါကြောင်း၊ 

ဆေးဝါးများ ထုတ်ဝေရာတွင်လည်း ဘဏ္ဍာရေးနှစ်တစ်ခုချင်းစီအတွင်း နှစ်စဉ်လိုအပ်သည့် ဆေးဝါးလက်ကျန် ၎င်းနှစ်အတွက် တိုင်းဒေသကြီး/ပြည်နယ်တစ်ခုချင်းစီ၏ လိုအပ်ချက်များ ကို တောင်းဆိုပြီး စုစည်းပြီးမှ ထုတ်လုပ်ခြင်းဖြစ်ပါကြောင်း၊ ပုံမှန်အားဖြင့် တိုင်းရင်းဆေးရုံ/ တိုင်းရင်း ဆေးကုဌာနများသို့ လာရောက်ကုသသောရောဂါများဆိုပါက  အဆိုပါတိုင်းရင်းဆေးဝါး ၂၀ ကို ထုတ်လုပ်ခြင်းဖြင့် လုံလောက်သည်ကို  တွေ့ရှိရပါကြောင်း၊  သို့သော်လည်း ထပ်မံထုတ်လုပ်ရန် ရှိပါကြောင်း၊

တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် သောက်ဆေး နှစ်မျိုး၊ အနာထည့်ဆေးတစ်မျိုးကို တိုးချဲ့ထုတ်လုပ်ဖို့ စီစဉ်ထားပါကြောင်း၊ အထူးဆေးဝါးဆိုသည်မှာ တရားဝင်ထုတ်ဝေထားသော ဌာနသုံးဆေးနည်း ၅၇ မျိုးမှအပ တိုင်းရင်းဆေးသမားတော်များမှ ဖော်စပ်သုံးစွဲသင့်သည်ဟု ဆုံးဖြတ်ပြီး ထုတ်လုပ်သည့်ဆေးဝါးများကိုသာ အထူးဆေးဝါးဟု ဆုံးဖြတ်ပြီး ထုတ်လုပ်သည့် ဆေးဝါးများကိုသာ အထူးဆေးဝါးဆိုပြီးတော့ သတ်မှတ်ခြင်းဖြစ်ပါကြောင်း၊ တိုင်းရင်းဆေးပညာ ဦးစီးဌာနအနေဖြင့် အဆစ်ရောင်ရောဂါ၊ ထိခိုက်ဒဏ်ရာအတွက်အသုံးပြုရန် အပူ/အအေး စည်းဆေးနှစ်မျိုးကိုလည်း ထပ်မံထုတ်လုပ်ရန် ရည်ရွယ်ထားပါကြောင်း၊

ထုတ်လုပ်နေသောဆေးဝါးများကို ဆေးပြား(Tablet)၊ ဆေးတောင့် (Capsule) စသည်ဖြင့် သောက်သုံးရလွယ်သော၊ ဆေးညွှန်းရန်လွယ်ကူသော ပုံစံများဖြင့် အဆင့်မြှင့် ထုတ်လုပ်သွားရန် တိုင်းရင်းဆေးသမားတော်ကြီးနှင့် ဆွေးနွေး၊ ညွှန်/ချုပ်၊ ဒု/ချုပ်များနှင့် ဆွေးနွေးပါကြောင်း၊ တိုင်းရင်းဆေး သဘောသဘာဝအရ တိုင်းရင်းဆေးကို ဆေးမှုန့်(Powder Form) သို့မဟုတ် ပြုတ်ရည်(Decoction)၊ သို့မဟုတ်  သတ္တုရည်(Express Juice) အဖြစ် သောက်သုံးခြင်းကပိုမို ထိရောက်ပါကြောင်းနှင့် ယခင် မြန်မာ့တိုင်းရင်းဆေးသမားတော်ကြီးများကလည်း ဆေးနည်းများ ကို ဆေးမှုန့်၊ ပြုတ်ရည်၊ သတ္တုရည်အနေဖြင့်သာ အသုံးပြုခြင်းကလည်း ပိုမိုအကျိုး သက်ရောက်မှု ရှိပါကြောင်း၊ အချို့သော ဆေးကုသမှုများတွင် လိုအပ်သော ဆေးဖုံ ဖော်မြူလာကို မူတည်ပြီး လူနာ၏ ရောဂါအခြေအနေအတိမ်အနက်အရ ဆေး အမျိုးပေါင်း ၆၀ ခန့်ကို အမှုန့်တွေစပ်ပြီး လူနာကို တိုက်ရသည့်အတွက်  အမှုန့်ကိုလုပ်ခြင်းက ပိုမိုလွယ်ကူသည်ဟု သိရှိရပါကြောင်း၊

ဆေးပြားထုတ်လုပ်မှုလုပ်ငန်းစဉ်အရ Capsule  သို့မဟုတ် Tablet များ ပြုလုပ်ပါက အပူချိန်နှင့် Chemical  များသုံးရခြင်းတို့ကြောင့် ဆေး၏ Potency Pharmacodynamics, Pharmacoki netics များ လုံးဝပြောင်းသွားပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် Pharmacokinetics, Pharmacodynamics များကို  အကုန်လေ့လာစောင့်ကြည့်ရပါကြောင်း၊ ဒါအပြင် Capsule များတိုက်ခြင်းထက် ရိုးရိုးအမှုန့်တိုက်ခြင်းသည် ပိုမိုအကျိုးရှိပါက Capsule ကို ထုတ်လုပ်မည့်မဟုတ်ပါကြောင်း၊

တိုင်းရင်းဆေးပညာသည် သုတေသန လုပ်ငန်းမပါဘဲ မည်သည့်အခါမျှ မတိုးတက်နိုင်သည့် အတွက် သုတေသနလုပ်ငန်းများဆောင်ရွက်ရန် ပြောကြားထားပါကြောင်းနှင့် နောက်နှစ်တွင် သုတေသနလုပ်ငန်းများဆောင်ရွက်ရန် တင်ပြထားရှိပြီးဖြစ်ပါကြောင်း၊

ထို့အပြင် ဆေးမှုန့်ဆိုပါက အမှုန့်ဆိုလို့ရှိရင် ကုန်ကျစရိတ် အလွန်သက်သာပါကြောင်းနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနအနေဖြင့် တစ်ပြည်လုံးအတိုင်းအတာအတွက် အခမဲ့ပေးနိုင်ရန် စီစဉ်ပြီး အခကြေးငွေယူခြင်း မရှိ ပါကြောင်း၊ သောက်သုံးရန ခက်ခဲမှုရှိသော စက္ခုပါလနှင့် ပြည်လုံးချမ်းသာ ဆေးမှုန့်များကို ဆေးပြားအဖြစ်နှင့် ပြုလုပ်မည်ဖြစ်ပါကြောင်း၊ ကျန်ဆေးဝါးများကို ဆေးမှုန့်အဖြစ် ဆက်လက်ထုတ်ဝေရန်  ယခုအချိန်တွင် ဆုံးဖြတ်ထား ပါကြောင်း၊

Polity ဆေးများ ရရှိရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အတွင်း မန္တလေးတွင် ဆောက်လုပ်သော GMP-Good Manufacturing Package စက်ရုံ တည်ဆောက်ရေးလုပ်ငန်းများကို လက်စသတ်ရန် ဆောင်ရွက်လျက်ရှိပြီး တိုင်းရင်းဆေးဝါးများကို GMP အဆင့်ဖြင့်  ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားပါကြောင်း ဖြေကြားပါသည်။

ဦးစိုးစံသက်ထွန်း(မြင်းမူ) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

အထူးဆေးဝါးတွေထုတ်လုပ်ရာတွင် တိုင်းရင်းဆေး ပညာရှင်များနှင့် တိုင်ပင်ပြီး ထုတ်လုပ် သင့်သောဆေးဝါးများ ထုတ်လုပ်သည်ဟု ဖြေကြားခဲ့ပါကြောင်း၊  ထိုသို့ အထူးဆေးဝါးများ ထုတ်လုပ်ရာတွင် ခိုင်မာသည့် မူဝါဒချမှတ်၍ လိုအပ်နေသော ဆေးဝါးများကို တိုင်ပင်ပြီး နှစ်စဉ်အလိုက ဆေးတိုးထုတ်ရန် မူဝါဒချထားခြင်း ရှိ/မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး

အထူးဆေးဝါးက တိုင်းရင်းဆေးသမားတော်ကြီးများက လိုအပ်ပါက ထုတ်ကိုထုတ်ရမည် ဖြစ်ပါကြောင်း၊ မကြာခင် တိုင်းရင်းဆေး ညီလာခံကြီး အကြီးအကျယ်ကျင်းပမည်ဖြစ်ရာအဆိုပါ ညီလာခံတွင်လည်း  အထူးဆေးဝါး ထုတ်လုပ်ရန်ကိစ္စကို ဆွေးနွေးမည်ဖြစ်ပါကြောင်းနှင့်  တိုင်းရင်းဆေးသမားတော်ကြီးများ၏ အတွေ့အကြုံများဖြင့်  လိုအပ်သော အထူးဆေးဝါးများကို ထုတ်လုပ်မည်ဖြစ်ပါကြောင်း ဆွေးနွေးပါသည်။