(ဆ)-ရပ်ကွက်(သို့)ကျေးရွာအုပ်စုများ၌ပြုစုထားရှိရ မည့် စာရင်း ဇယားများကိုတိကျမှန်ကန်စေရန်မည် ကဲ့သို့ဆောင်ရွက်ရန်နှင့်ရုံးပုံမှန်မတက်သောဝန်ထမ်း များကို မည်ကဲ့သို့အရေးယူဆောင်ရွက်နေသည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့ (၁၀.၂.၂၀၁၇)

မိမိတို့နိုင်ငံတွင် သန်းခေါင်စာရင်းကောက်ခဲ့ကြရာ ခန့်မှန်း သန်း ၆၀ ရှိသော်လည်း အမှန်တကယ်မှာ ၅၂ သန်း ပတ်ဝန်းကျင်ဖြစ်ပါကြောင်း၊ တစ်ချိန်တည်းမှာပင် ရွေးကောက်ပွဲစာရင်းများ ထွက်လာရာတွင်လည်း စာရင်းများ မှန်ကန်ခြင်း များ ရှိပါကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ အုပ်ချုပ်ရေးဆိုင်ရာ စာရင်းဇယားများ မိမိတို့ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေအရ အုပ်ချုပ်ရေးဆိုင်ရာ စာရင်းဇယားပုံစံ ၉ မျိုးရှိသော်လည်း ပြည့်စုံမှုမရှိသဖြင့် ထိုကဲ့သို့သော ပြဿနာများ ဖြစ်လာပါကြောင်း၊

စီးပွားရေးဆိုင်ရာ စာရင်းပုံစံ ၇ မျိုး၊ လူမှုရေးဆိုင်ရာစာရင်းများ ပုံစံ ၇ မျိုး၊ ရုံးတွင်းစီမံခန့်ခွဲမှု စာအုပ်များပုံစံ ၄ မျိုး၊ လုံခြုံရေးဆိုင်ရာစာအုပ်များပုံစံ ၇ မျိုး ရှိပါကြောင်း၊ ယင်းပုံစံများအားလုံးကို မှန်မှန်ကန်ကန် ဖြည့်စွက်ထားမည်ဆိုပါက အုပ်ချုပ်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမဟာဗျူဟာများ ချမှတ်သည့်နေရာခြင်း၊ တိုင်းပြည်၏ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း စသည့်နေရာများတွင် အဆင်ပြေချောမွေ့မည်ဖြစ်ပါကြောင်း၊

ပြဿနာများကို ကြည့်ရာတွင် မဲဆန္ဒရှင်ပြည်သူများ တင်ပြချက်အရ ကျေးရွာကစာရေးများသည် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် မလာရောက်သည့်အတွက် Dataများ များနေခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ကိုယ်စားလှယ်များ အချင်းချင်းပြောကြရာတွင်လည်း တစ်နိုင်ငံလုံး၌ ထိုကဲ့သို့သော ကိစ္စများ ဖြစ်နေသည်ကို သိရပါကြောင်း၊

ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုများတွင် ထားရှိရမည့် စာရင်းဇယားများ တိကျမှန်ကန်ရန်အတွက် မည်သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုပါကြောင်း၊ ထိုသို့ မေးမြန်းရခြင်း အကြောင်းအရင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ၌  ပုဒ်မ ၂၈၈ တွင် ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်တို့၏ အုပ်ချုပ်ရေးကို နိုင်ငံဝန်ထမ်းများအား တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပါဝင်ပါကြောင်း၊ ထို့အပြင် ကျေးရွာများရှိ ကျေးရွာ စာရေးများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဝန်ထမ်းများဖြစ်ပါကြောင်း၊ ထို့ကြောင့် ခရိုင်၊ မြို့နယ်၊ ကျေးရွာစာရေးများအားလုံးသည် ပြည်ထဲရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုအောက်တွင် ရှိပါကြောင်း၊ ထို့နောက် ပြည်သူလူထုက ရွေးချယ် တင်မြှောက်သည့် အတွက် ဖြစ်လာသော သက်ဆိုင်ရာရပ်/ကျေး ဥက္ကဋ္ဌသည်လည်း မြို့နယ်အုပ်ချုပ်ရေးမှူး၏ စီမံညွှန်ကြားမှုနှင့် အုပ်ချုပ်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် စာရင်းများအားလုံး မှန်မှန်ကန်ကန် ပြည့်ပြည့်စုံစုံ ဖြစ်ရန် ပြည်ထဲရေးဝန်ကြီးဌာနက အားသွန်ခွန်စိုက် ကြိုးစားမည် ဆိုပါက ဖြစ်လာနိုင်သည့်အတွက် အတွက်ကြောင့် ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းများကို မည်သို့ညွှန်ကြားပြီး တာဝန်ကျေပွန်စေရန် မည်သို့သော စီမံချက်များ ရေးဆွဲဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာနည်းဥပဒေ ၄၀ အရ အုပ်ချုပ်ရေးမှူးရုံးများတွင် ထားရှိရမည့် စာရင်းဇယားပုံစံ ၂၇ မျိုးထားရှိရမည်ဖြစ်ပါကြောင်း၊ ၎င်းပုံစံ ၂၇ မျိုးမှာ  လစဉ်နောက်ဆုံးအခြေအနေ ကိန်းဂဏန်း အချက်အလက်များကို မှတ်တမ်းရေးသွင်း ထိန်းသိမ်းထားရှိရန် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဒုတိယဦးစီးမှူးများ ဦးဆောင်သည့် အဖွဲ့က နယ်မြေများပိုင်းခြားသတ်မှတ်ပြီး ကြပ်မတ်ဆောင်ရွက်လျက်ရှိသကဲ့သို့ ရုံးစစ်ဆေးမှုများကိုလည်း ပြုလုပ်စေလျက်ရှိပါကြောင်း၊ သက်ဆိုင်ရာမြို့နယ် အလိုက်လည်း လစဉ် ၁၅ ရက် တစ်ကြိမ် ရပ်ကွက်ကျေးရွာအုပ်စု လစဉ်အစည်းအဝေးများပြုလုပ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ လုပ်ငန်းဆိုင်ရာများ မှာကြားခြင်း၊ လုပ်ငန်းဆောင်ရွက်ချက် တင်ပြချက်များအပေါ် ဖြည့်ဆည်းညှိနှိုင်း ဆောင်ရွက်ပေးခြင်း၊ မှတ်ပုံတင် ဖြည့်ဆည်းမှုများအပေါ်တွင် ခေါ်ယူစစ်ဆေးခြင်းများလည်း ဆောင်ရွက်စေလျက်ရှိပါကြောင်း၊

မြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်ကွက်ကျေးရွာအုပ်စုစာရေးများကို မိမိတာဝန်ကျရာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများသို့ ပုံမှန်ရုံးတက်ပြီး ရုံးလုပ်ငန်းများ ဆောင်ရွက်စေရေးကိုလည်း ကြီးကြပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် မြို့နယ်ဒုတိယဦးစီးမှူးများကို ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် နယ်မြေပိုင်းခြား တာဝန်ပေး ကြပ်မတ်ဆောင်ရွက်စေလျက်ရှိပါကြောင်း၊  ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် တာဝန်ထမ်းဆောင်နေသော စာရေးဝန်ထမ်းများ ရုံးမှန် မှန်တက်ရောက်ရန် တာဝန်ကျေပွန်စွာ ထမ်းဆောင်စေရေးအတွက်ကိုလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမိန့်ညွှန်ကြားချက်များကို စဉ်ဆက်မပြတ် ထုတ်ပြန်ပြီး ကြပ်မတ်ဆောင်ရွက်စေလျက်ရှိပါကြောင်း၊တာဝန်ဝတ္တရား ပျက်ကွက်မှုအပေါ် တာဝန်ရှိသူများက စစ်ဆေးတွေ့ရှိလျှင်သော်လည်းကောင်း၊ တိုင်ကြားခံရလျှင်သော်လည်းကောင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊

၂၀၁၆ ခုနှစ်အတွင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား စစ်ဆေး အရေးယူဆောင်ရွက်ခဲ့မှုများအနေဖြင့် တာဝန်မှရပ်စဲခြင်း ၄၅ ဦး၊ မှတ်တမ်းတင် သတိပေးခြင်း ၃၃ ဦး၊ တာဝန်မှ ယာယီရပ်စဲခြင်း ၇ ဦး၊ စာဖြင့် သတိပေးခြင်း ၇ ဦး စုစုပေါင်း ၉၂ ဦးဖြစ်ပါကြောင်း၊ အငယ်တန်းစာရေး (ရပ်/ကျေး) စာရေးများကို စစ်ဆေးအရေးယူခဲ့မှုများမှာ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခြင်း ၅ ဦး၊ ရာထူးမှထုတ်ပယ်ခြင်း ၉ ဦး၊ ရာထူးတိုးရပ်ဆိုင်းခြင်း ၄ ဦး၊ နှစ်တိုးရပ်ဆိုင်း ခြင်း ၅ ဦး၊ လစာနှုန်းအတွင်း လစာလျှော့ချခြင်း ၂ ဦး၊ မှတ်တမ်းတင်သတိပေးခြင်း ၆ ဦး စုစုပေါင်း ၃၁ ဦး ဖြစ်ပါကြောင်း၊

၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးများကို စစ်ဆေး အရေးယူဆောင်ရွက်မှုကတော့ တာဝန်မှရပ်စဲခြင်း ၄ ဦးနှင့် မှတ်တမ်းတင်သတိပေးခြင်း ၈ ဦး စုစုပေါင်း ၁၂ ဦးဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် ရှိသော အငယ်တန်းစာရေး(ရပ်/ကျေး)ဝန်ထမ်းများကို ပုံမှန်ရုံးတက်ပြီး ရုံးလုပ်ငန်းများဆောင်ရွက်ရန်နှင့် စာရင်းဇယားများ တိကျမှန်ကန်စွာ ဖြည့်သွင်းစေရေးအတွက်ကို အမိန့်ညွှန်ကြားချက်များထုတ်ပြန်ပြီး ကြပ်မတ်ဆောင်ရွက်လျက် ရှိကြောင်းနှင့် တာဝန်ရှိသူအဆင့်ဆင့်မှလည်း စစ်ဆေးကြပ်မတ်လျက် ရှိပါကြောင်း၊ တာဝန်ဝတ္တရားပျက်ကွက်မှုများ ဖြစ်ပေါ်လာပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက် လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

ဦးတင်ကိုကိုဦး (ဘီးလင်း) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။

မိမိတို့ စီးပွားရေးဆိုင်ရာစာရင်းများက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ လူမှုရေး၊ စီးပွားရေးအခြေပြစာရင်း စ/ပုံစံ ၁၃ ပါပါကြောင်း၊ ယင်းနှင့်ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာန အနေဖြင့် ယင်းစာရင်းများကို ကောက်ယူရာတွင် လက်ရှိမြေပြင်တွင် ရှိသော စာရင်းများကို ကောက်ယူခြင်းမျိုးလား၊ သို့မဟုတ် တရားဝင် လိုင်စင်တင်ထားသော လုပ်ငန်းများကိုသာ ကောက်ယူခြင်းမျိုးလား တိတိကျကျ သိလိုပါကြောင်း၊ ပြည်သူအနေဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာစာရေးက ဆောင်ရွက်ရသည်မှာ မှန်သော်လည်း ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှု ရှိသည်ဆိုပါက ပိုမိုထိရောက်အောင်မြင်မည်ဖြစ်ပါကြောင်း၊ ထိုစာရင်းများသည် ပြည်သူကသိချင်၍  မေးမြန်းရာတွင် မြေပြင်စာရင်းဟုတ်/မဟုတ် အကယ်၍ တရားဝင်လုပ်ငန်းသာ ကောက်ပါက ပြည်သူများအနေဖြင့် သိချင်ပါကြောင်း၊

ထိုသို့မဟုတ်ဘဲ မြေပြင်တွင်ရှိသော စာရင်းများအားလုံးကောက်သည်ဆိုသော မြေပြင်တွင်ရှိသော စာရင်းမှာ လိုအပ်သည်များကို ပြည်သူက ဝိုင်းဝန်းကူညီပြီး ကောက်ပေး၍ ရပါကြောင်း၊ထို့ကြောင့် အဓိကအားဖြင့် ယင်းအခြေပြစာရင်းများကိုကောက်ခံရာတွင် လက်ရှိမြေပြင်၌ ရှိသည့် စာရင်းအတိုင်းလား သို့မဟုတ် တရားဝင်မှတ်ပုံတင်ထားသော လုပ်ငန်းများကိုသာ ကောက်တာလား ရှင်းရှင်းလင်းလင်း သိရှိလိုကြောင်း မေးမြန်းပါသည်။

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

ကျေးရွာအုပ်ချုပ်ရေး စာရင်းများမှ ဖြည့်သွင်းရမည့် မှတ်ပုံတင်စာရင်း ၂၇ မျိုးအနက်မှ လွှတ်တော်ကိုယ်စားလှယ်တော်ကြီး ထပ်ဆင့်မေးခဲ့သော စီးပွားရေးဆိုင်ရာစာရင်းများမှ စာရင်းဇယားအရ (၁) ကျေးရွာရှိ လူဦးရေအင်အားနှင့် လယ်လုပ်ကိရိယာ အင်အား အခြေအနေ၊ (၂) တောင်သူတစ်ဦးချင်းအလိုက် လုပ်ပိုင်ခွင့်ရမြေဧရိယာစာရင်း၊ (၃) ရာသီအလိုက် သီးနှံစိုက်ပျိုးမှုအခြေအနေ၊ (၄) မျိုးကောင်းမျိုးသန့် ပြန့်ပွားမှုအခြေအနေ၊ (၅) တိရစ္ဆာန် ရောဂါဖြစ်ပွားကျရောက်မှုစာရင်း၊ (၆) ရေလုပ်ငန်းစာရင်းနှင့် (၇) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ လူမှုရေး၊ စီးပွားရေးအခြေပြစာရင်းဆိုပြီးတော့ စီးပွားရေးဆိုင်ရာ အားလုံးစုစုပေါင်း မှတ်ပုံတင် ၇ မျိုးရှိပါကြောင်း၊ ယင်းစာရင်းဇယားများကို ကောက်ယူသည့်အခါ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာရပ်ကွက်စာရေးများကတော့ မြေပြင်၌ အမှန်ရှိသည့် စာရင်းဇယားများကို ကောက်ယူတင်ပြရမည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ အနေဖြင့် သက်ဆိုင်ရာ မြို့နယ်အဖွဲ့အနေဖြင့် စာရင်းဇယားတိုက်ဆိုင်စစ်ဆေးသည့်အခါ မြေပြင်တွင်ရှိသော စာရင်းနှင့် ခွင့်ပြုထားသော စာရင်း ကွဲလွဲမှုရှိပါက ကျန်ရှိတဲ့စာရင်းများအရ အများနှင့်ပတ်သက်ပြီး တည်ဆဲလုပ်ထုံးလုပ်နည်းများနှင့်အညီလည်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စီးပွားရေးဆိုင်ရာ စာရင်းဇယားများသည် လက်ရှိမြေပြင်အမှန်စာရင်းဇယားများကိုသာ ကောက်ယူ ဖြည့်စွက် တင်ပြရမည်ဖြစ်ကြောင်းနှင့် တရားဝင်စာရင်းဇယားများနှင့် တိုက်ဆိုင်စစ်ဆေးမှုများပြုလုပ်ပြီး လိုအပ်သလို ကြပ်မတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။