(င)-မင်းတပ်မြို့နယ်ရှိမကွီအိမ်နူးကျေးရွာအုပ်စုအား မကွီအိမ်နူး၊ကြုံလောင်၊ထိန်ပြူး၊ဗွီနူးစသဖြင့်ရပ်ကွက် လေးရပ်ကွက်ပါသော မကွီအိမ်နူးမြို့အဖြစ်အဆင့် တိုးမြှင့် ဖွဲ့စည်းပေးနိုင်ခြင်းရှိ၊မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့ (၁၀.၂.၂၀၁၇)

မကွီအိမ်နူးကျေးရွာအုပ်စုသည် မင်းတပ်၊ မတူပီ၊ ကန်ပက်လက်၊ ပလက်ဝ ယင်းမြို့နယ်၏ အစွန်တွင်တည်ရှိပြီး မင်းတပ်မြို့သို့  မိုင် ၉၀ ၊ ကန်ပက်လက်မြို့သို့ ၈၅ မိုင်၊ မတူပီမြို့ သို့ ၈၀ မိုင်နှင့် ပလက်ဝမြို့သို့ ၁၃၀ မိုင်ဝေးကွာပြီး မြို့များဖြင့်အလှမ်းဝေးသော ဒေသကြီးဖြစ်ပါကြောင်း၊  မကွီအိမ်နူး ကျေးရွာအုပ်စုတွင် အိမ်ခြေ ၁၉၃ အိမ်နှင့် လူဦးရေ ၁၀၀၀ ကျော်ရှိပြီး၊ မြေအသုံးချနိုင်မှု အကျယ်အဝန်း မှ ၁၇၂၂၁ ဧကရှိပါကြောင်း၊ထို့အပြင် နယ်မြေရဲတပ်ဖွဲ့စခန်း၊ အစိုးရ အထက်တန်းကျောင်းတစ်ကျောင်း၊ မူလတန်းကျောင်း တစ်ကျောင်းနှင့် မူလတန်းလွန်ကျောင်း တစ်ကျောင်းလည်းရှိပါကြောင်း၊  မကွီအိမ်နူးကျေးရွာအုပ်စုတွင် ဘာသာရေးအသင်းခြောက်ခုရှိပြီး ဘုရားရှိခိုးကျောင်း လည်းခြောက်ကျောင်းရှိပါကြောင်း၊ အုပ်ချုပ်ရေးမှူးရုံးကို ယခင်လက်ထောက်  မြို့ပိုင်ရုံးမြေနေရာတွင် ဖွင့်လှစ်ပြီး စာကြည့်တိုက်ဆောက်လုပ်ရန်လည်း ပြင်ဆင်နေကြပါကြောင်း၊

လျှပ်စစ်မီးအတွက် ဆိုလာများအသုံးပြုပြီး လိုအပ်ပါက ပက်လောင်းချောင်း၊ ပိုင်းလောင်း ချောင်းများမှ ရေအားလျှပ်စစ်ထုတ်ယူလျက်ရှိပါကြောင်း၊  ဆက်သွယ်ရေးအတွက် စာတိုက်အဆင့်များ ဖွင့်လှစ်ထားရှိပြီး CDMA 450 CDMA 450 ဖုန်းများဖြင့်လည်း ဆက်သွယ်နိုင်သော ကျေးရွာ ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးကိုလည်း မကွီအိမ်နူးမှ မင်းတပ်၊ ကန်ပက်လက်မြို့များသို့ မော်တော်ကား၊ ဆိုင်ကယ်များဖြင်‌့ သွားလာနိုင်ပြီးမြို့အဆင်‌့ တိုးမြှင့်လာမည်ဆိုပါက မတူပီ၊ ပလက်ဝ မြို့များသို့လည်း ကားဖြင့်သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ် သို့လည်း ရေလမ်းခရီးဖြင့် ဆက်သွယ်သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ချောင်းသုံးချောင်း ရှိသော ကြောင့် သောက်သုံးရေအတွက် လုံလောက်သောကျေးရွာဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မကွီအိမ်နူး ကျေးရွာအုပ်စုအား မြို့အဖြစ်သတ်မှတ် ပေးမည်ဆိုပါက အိမ်ခြေနှင့်လူဦးရေမှအပ ကျန်သော အချက် များ သည် မြို့အဖြစ်သတ်မှတ်ပေးရန် ပြည့်စုံ လုံလောက်မှုရှိပါကြောင်း၊  ၃၀-၉-၂၀၁၆ ရက်‌နေ့ ၁၃း၀၀ နာရီအချိန်တွင် ကျင်းပသည့် ချင်းပြည်နယ်အစိုးရအဖွဲ့၏  အစည်းအဝေးအမှတ်စဉ် (၂၀/၂၀၁၆) ဆုံးဖြတ်ချက်(၉)တွင် မကွီအိမ်နူးကျေးရွာလေးကို မြို့အဖြစ် တိုးမြှင့်ပေးဖို့ရန် ဦးစားပေးဆုံးဖြတ်ခဲ့ ပါကြောင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၂ ပုဒ်မခွဲ(ဂ)တွင် နိုင်ငံတော်သည် တိုးတက် ဖွံ့ဖြိုးမှုနည်းပါးသည့်တိုင်းရင်းသားတို့၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ ပါဝင်သော လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် ကူညီဆောင်ရွက်မည်ဟု ပါရှိသောကြောင့် ဖွံ့ဖြိုးမှုနည်းပါးသော တိုင်းရင်းသားလူမျိုးများအတွက် ဖွဲ့စည်းပုံတွင်ပါသည့်အချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာ ရောက်ပါကြောင်း၊ ထို့ကြောင့် မကွီအိမ်နူး ကျေးရွာအုပ်စုအား မြို့အဆင့်ပြင်ဆင်ဖွဲ့စည်းမည်ဆိုပါက စီပွားရေး၊ လူမှုရေး၊ စီမံခန့်ခွဲရေး၊ ပညာရေး၊ ကျန်းမာရေး စသည်ဖြင့် လူမှုဘဝများ တိုးတက်လာ မည်ဖြစ်ပါသောကြောင့် မင်းတပ်မြို့နယ်အတွင်းရှိ မကွီအိမ်နူး ကျေးရွာအုပ်စုအား မကွီအိမ်နူး၊ ထိန်ပြူး၊ ကြုံလောင်း၊ ဗွီနူးစသည်ဖြင့် ရပ်ကွက် လေးရပ်ကွက်ပါသော မကွီအိမ်နူးမြို့အဖြစ် တိုးမြှင့်ဖွဲ့စည်းရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိမည် ဆိုပါက မည်သည့် အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန