(ခ)-ဝက်လက်မြို့နယ်၊ဟန်လင်း(ပျူမြို့ဟောင်း)ကျေး ရွာအား တိုက်နယ်ဆေးရုံ တည်ဆောက်ဖွင့် လှစ်ပေးနိုင်ခြင်းရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ (၅.၁၂.၂၀၁၆)

ဦးမြင့်သိန်း (ဝက်လက်)ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာတွင် အိမ်ခြေပေါင်း ၁၄၀၀ ကျော်နှင့် လူဦးရေ ၆၅၅၀ ကျော်ရှိပြီး ရွှေဘိုမြို့နှင့် ၁၆ မိုင်၊ ရွှေဘို-မန္တလေးလမ်းမကြီးနှင့် ၁၀ မိုင်အကွာအဝေးတွင် တည်ရှိပါကြောင်း၊ ပျူမြို့ဟောင်းဖြစ်သည့်အတွက် လမ်းပန်းဆက်သွယ်ရေး အသင့်အတင့် ကောင်းမွန်ပြီး အလွန်ကောင်းမွန်ရန် လိုအပ်ပါကြောင်း၊

ပညာရေးအဆင့်အတန်းမြင့်မားလာစေရေးအတွက်လည်း အထက်တန်းကျောင်းတစ်ကျောင်းရှိရန် လိုအပ်ပြီး ကျန်းမာရေးအနေဖြင့် ရွှေဘိုမြို့နယ်နှင့် ၁၆ မိုင်၊ ဝက်လက်မြို့နယ်နှင့် ၈ မိုင်ကွာဝေးခြင်းတို့ကြောင့် ဆေးကုသမှုခံယူရန် အခက်အခဲများရှိပါကြောင်း၊    

ယခုအခါမှာ ယူနက်စကိုက ကမ္ဘာ့ရှေးဟောင်း ယဉ်ကျေးမှုအမွေအနှစ် နယ်မြေအဖြစ် သတ်မှတ် ထားသည့် အတွက် ပြည်တွင်း/ပြည်ပခရီးသွားများ နေ့စဉ်လာရောက်လျှက်ရှိပါသောကြောင့် နိုင်ငံခြား ခရီးသွား ဧည့်သည် များ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များနှင့် ကျေးရွာသူကျေးရွာ သားများအတွက် ကျန်းမာရေးစောင်‌့ရှောက်မှုပေးပါရန် အထူး အရေးတကြီးလိုအပ်နေပါကြောင်း၊

တစ်ကယ်၍ ဆေးရုံဖွင့်လှစ်ခွင်‌့ရရှိပါက ပတ်ဝန်းကျင် ကျေးရွာ၂၇ ရွာ၊ အိမ်ခြေပေါင်း ၆၇၉၈၊ လူဦးရေပေါင်း ၃၀၇၃၇ ဦးအတွက် ဆေးရုံ၏ ကျန်းမားရေးစောင့်ရှောက်မှုကို ပေးနိုင်မည် ဖြစ်ပါသည့်အတွက် ဝက်လက်မြို့နယ်၊ ဟန်လင်းကျေးရွာအား တိုက်နယ်ဆေးရုံ ဖွင့်လှစ်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင်‌့ အစီအစဉ် ရှိပါက မည်သည့်အချိန်တွင်စတင်အကောင်အထည်ဖော်မည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးစစ်ကိုင်း တိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်တွင် လူဦး‌ရေ ၂၀၀၀၀ နီးပါးနေထိုင်လျက်ရှိပြီး ကျန်းမာ ရေးစောင်‌့ ရှောက်မှုအနေဖြင့် ၂၅ ခုတင်ဆံံ မြို့နယ်ဆေးရုံတစ်ရုံ၊ တိုက်န‌ယ်ဆေးရုံတစ်ရုံ စုစုပေါင်းဆေးရုံလေးရုံနှင်‌့ ကျန်းမာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် မိခင်းနှင့် ကလေးကျန်းမာရေးဌာန တစ်ခု၊ ကျေးလက်ကျန်းမာရေးဌာနရှစ်ခု၊ ကျေးလက် ကျန်းမာ ရေးဌာနခွဲ ၃၉ ခုဖွင့်လှစ်ထားရှိပြီး ပြည်သူ့ကျန်းမာရေးကိစ္စများတွင် ကျန်းမာရေးမှူးရှစ်ဦး၊အမျိုးသမီးကျန်းမာရေးဆရာမခြောက်ဦး၊ကျန်းမာရေးကြီးကြပ်(၁)နှစ်ဦး၊ သားဖွားဆရာမ ၅၈ ဦး၊ကျန်းမာရေးကြီးကြပ်(၂) ၅၂ ဦးဆိုပြီး ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ကိုလည်း ဆောင်ရွက် လျက်ရှိပါကြောင်း၊

ဟန်လင်း(ပျူမြို့ဟောင်း) ကျေးလက်ကျန်းမာရေးဌာနခွဲပိုင်နယ်မြေတွင် ကျေးရွာပေါင်း ၂၇ ရွာ၊ အိမ်ခြေ ၆၇၀၀ ကျော်၊ လူဦးရေက ၃၀၀၀၀ ကျော်ရှိသည်ကို  စိစစ်တွေ့ရှိရပါကြောင်း၊ ဟန်လင်း မြို့နယ်အပိုင်ရှိ မုဆိုးခြုံကျေးလက် ကျန်းမာရေးဌာန(Roil Hard Centre)နှင့်  ၎င်းလက်အောက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ(Self Centre) ခုနှစ်ခုတို့ကို ၂၀၁၆ ခုနှစ်၊ ဇွန်လအထိစာရင်းများကို  ကြည့်ရှုရာတွင် စုစုပေါင်းလူနာ  ၅၀၀၀ နီးပါးရှိပြီး တစ်လလျှင် ၈၂၇ နှင့် ကျန်းမာရေးဌာနခွဲ အနေ ဖြင့် တစ်နေ့လျှင် သုံးဦးမျှသာလာသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊

ဟန်လင်း (ပျူမြို့ဟောင်း) ကျေးရွာသည် မုဆိုးခြုံကျေးလက်ကျန်းမာရေးဌာနနှင့် လေးမိုင်၊ မန်ချီ တိုက်နယ်ဆေးရုံနှင့် ၁၆ မိုင်၊ ခြေမကန်းတိုက်နယ်ဆေးရုံနှင့် ၂၂ မိုင်၊ ရွှေဘိုမြို့ပြည်သူ့ ဆေးရုံကြီးနှင့် ၂၁ မိုင်၊ ဝက်လက်မြို့နယ် ပြည်သူ့ဆေးရုံနှင့် ရှစ်မိုင်သာလျှင်ဝေးကွာသည်ကို တွေ့ရှိရပါကြောင်း၊ ရွှေဘိုပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန် ၆၈ ဦး၊ သူနာပြု ၉၁ ဦး၊ အခြားဝန်ထမ်း ၈၈ ဦးနှင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိသည့်အပြင် ၈ မိုင်သာဝေးသော ဝက်လက်ပြည်သူ့ ဆေးရုံနှင့်လည်း မြို့နယ်ကျန်းမာရေးဆရာဝန်တစ်ဦး၊ လက်ထောက်ဆရာဝန်သုံးဦး၊ သွားဆရာဝန် တစ်ဦး၊ သူနာပြု ၁၀ ဦးနှင်‌့ လုပ်ကိုင်လျက်ရှိသည့်အတွက် ယခုအချိန်တွင်  ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း၊ သို့သော်လည်း  ဟန်လင်းနှင့် အနီးဆုံးဖြစ်သည့် ၈ မိုင်သာလျှင် ကွာ ဝေးသော ဝက်လက်ပြည်သူ့ဆေးရုံတွင်  ပစ္စည်းအင်အား၊ လူအင်အားအားလုံးကို ပိုမိုပံပိုးပေးရန် စီစဉ်ဆောင်ရွက်ထားရှိပါကြောင်း။ သို့ဖြစ်၍ ဟန်လင်း(ပျူမြို့ဟောင်း)ကျေးရွာတွင် တိုက်နယ် ဆေးရုံဖွင့်လှစ်ရန် ယခုနှစ်တွင် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားပါသည်။