(ဃ)-မြန်မာနိုင်ငံ၏အနောက်ဘက်နယ်စပ်နှင့်ထိစပ် လျက်ရှိသည့်တစ်ဖက်နိုင်ငံမှထုတ်လုပ်သောတယ်လီ ဖုန်း (Sim Card) များကို မောင်တော၊ ဘူးသီးတောင် မြို့နယ်များ၌ တွင်ကျယ်စွာ သုံးစွဲ နေခြင်းကို တားဆီးအရေးယူပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့ (၁၀.၂.၂၀၁၇)

မြန်မာနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ပင်လယ်ပိုင်း မိုင် ၄၀၊ ကုန်းပိုင်း ၁၂၃ မိုင် စုစုပေါင်း ၁၆၃ မိုင်ထိ ဆက်စပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ဘူးသီးတောင်၊ မောင်တောမြို့နယ်ရှိ ဘင်္ဂါလီ လူမျိုးများသည် မြန်မာနိုင်ငံ၏ MPT ဖုန်းနှင့် Sim Card များကို သုံးစွဲခြင်းနည်းပါးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထုတ် Sim Card များကိုသာ တွင်ကျယ်စွာအသုံးပြုလျက်ရှိပါကြောင်း၊

ယခင်အစိုးရလက်ထက် နစကတာဝန်ယူသည့် အချိန်မှစပြီး အသုံးပြုလာခဲ့ရာ ယနေ့ ထက်တိုင် ဆက်လက်သုံးစွဲနေကြဆဲဖြစ်ပါကြောင်း၊ ထိုသို့သုံးစွဲနေခြင်းကြောင့် MPT ၏ ဝင်ငွေ ကို များစွာထိခိုက်နစ်နာစေသကဲ့သို့ မြန်မာနိုင်ငံ၏ လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးကို ဖောက်ဖျက် ကျူးလွန်လျက်ရှိသည်ဟုလည်း ထင်မြင်ယူဆမိပါကြောင်း၊  

ပြီးခဲ့သည့်အောက်တိုဘာလ ၉ ရက်နေ့က အစိုးရနယ်ခြားစောင့်တပ်စခန်းများကို ဝင်ရောက် သိမ်းပိုက်စဉ်က ထိုဖုန်း Sim Card များသည်  တပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များကို သေကျေ ဒဏ်ရာအနာတရဖြစ်စေခဲ့သည်မှာ ထင်ရှားသည့် သာဓကတစ်ခုဖြစ်ပါကြောင်းနှင့် မကြာခဏ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်ရာတွင်လည်း ဖော်ပြပါဖုန်းများဖြင့် ဆက်သွယ် လုပ်ကိုင်ကြသည်ဟုလည်း ဒေသခံများမှ ဝေဖန်ပြောဆိုမှုများရှိနေသည့်အပြင် တစ်ဖက်နိုင်ငံထုတ်ဖုန်း Sim Card များကို အသုံးပြုစေခြင်းအားဖြင့် မမှန်ကန်သည့်နည်းလမ်းများဖြင့် ဆက်သွယ်ရန် အခွင့်အလမ်းကို ပိုမိုရရှိစေနိုင်သည့်အတွက် တစ်ဖက်နိုင်ငံမှ တရားမဝင်ဖုန်းကတ်များကို သုံးစွဲခြင်းအား တားဆီး ပိတ်ပင်ရန် အထူးလိုအပ်နေပြီဖြစ်ပါကြောင်း၊

ထို့ကြောင့် မြန်မာနိုင်ငံ၏ အနောက်ဘက်နယ်စပ်နှင့် ထိစပ်လျက်ရှိသော တစ်ဖက် နိုင်ငံမှ ထုတ်လုပ်သည့် တယ်လီဖုန်း Sim Card များကို မြန်မာနိုင်ငံ မောင်တော၊ ဘူးသီးတောင်မြို့များ၌ တွင်ကျယ်စွာ သုံးစွဲနေခြင်းကို တားဆီး အရေးယူပေး ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ရေဒီယိုလှိုင်းနှုန်းများ၏  သဘောသဘာဝအရ မြန်မာနိုင်ငံမှာသာမက အခြားသောနိုင်ငံများတွင် လည်း နယ်နိမိတ်ချင်းထိစပ်နေသော နိုင်ငံများနှင့် ဆက်သွယ်ရေးတာဝါတိုင်များ၏ ကွန်ရက်များ အပြန်အလှန်ဖြန့်ကျက်မှု များဖြစ်ပေါ် လျက်ရှိပြီး ၎င်းဒေသများမှာ နိုင်ငံအချင်းချင်း အပြန်အလှန် ကွန်ရက်လွှမ်းခြုံမှုအပေါ် International Telecommunication Union(ITU)ရဲ့ Radio Regulation SM 1049-1နှင့်အညီ သတ်မှတ်ထားသည့် ရေဒီယို လှိုင်းနှုန်းထုတ်လွှင့်မှုပမာဏထက် ကျော်လွန် မရောက်ရှိစေရေးကို နိုင်ငံအချင်းချင်း ညှိနှိုင်း ဆောင်ရွက်ကြရပါကြောင်း၊ နယ်စပ်ဒေသများတွင် တည်ဆောက်တပ်ဆင်ထားသော တာဝါတိုင်များ၏ ရေဒီယိုလွှမ်းခြုံနိုင်မှုဧရိယာသည် အခြား နယ်မြေချင်းထိစပ်နေသည့် နိုင်ငံများသို့လည်း ဖြန့်ကျက် ရောက်ရှိနိုင်သည့်အတွက် တစ်ဖက်နိုင်ငံရှိ တယ်လီဖုန်း(Sim Card)များကို မြန်မာနိုင်ငံနယ်စပ်ဒေသများတွင် သုံးစွဲရရှိနေခြင်းဖြစ်ပါကြောင်း၊

ယင်းဒေသရှိ ဒေသခံများ အဆင်ပြေလွယ်ကူချောမွေ့စေရန် ပြည်တွင်း/ပြည်ပ ဆက်သွယ်ရေး အော်ပရေတာများဖြစ်သည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်များတွင် တည်ဆောက်ပြီး တာဝါတိုင် ခုနစ်တိုင်၊ တည်ဆောက်ဆဲ တာဝါတိုင် နှစ်တိုင်၊ မောင်တောမြို့နယ်တွင် တည်ဆောက်ပြီးတာဝါတိုင် ၁၃ တိုင်၊ တည်ဆောက်ဆဲ တာဝါတိုင်လေးတိုင် ရှိသည့်အပြင် တယ်လီနောမြန်မာလီမိတက်မှ မောင်တောမြို့နယ်အတွင်း  တည်ဆောက်ပြီး တာဝါတိုင်သုံးတိုင် ရှိပါကြောင်း၊ မောင်တောခရိုင်အတွင်း စုစုပေါင်းတည်ဆောက်ပြီးတာဝါတိုင် ၂၃ တိုင်နှင့် တည်ဆောက်ဆဲတာဝါတိုင် ခြောက်တိုင်ရှိသည့်အတွက် မိုဘိုင်းဖုန်းဝန်ဆောင်မှု အရည်အသွေး ကောင်းမွန်စေရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊

တစ်ဖက်နိုင်ငံမှ တယ်လီဖုန်း(Sim Card)များ သုံးစွဲနေမှုအပေါ် တည်ဆဲဆက်သွယ်ရေးဥပဒေများအရ အရေးယူနိုင်သေးခြင်းမရှိသေးကြောင်းကို ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ပေါင်းစပ် ဖြေကြားချက်အရ သိရှိရပါကြောင်း၊ ရခိုင်ပြည်နယ်၊ မောင်တောဒေသသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် နယ်နိမိတ်ထိစပ်လျက်ရှိရာ နေထိုင်သူအများစုသည် ဘင်္ဂါလီလူမျိုးများဖြစ်ပြီး တစ်ဖက် နိုင်ငံတွင် နေထိုင်သူများနှင့် အလွယ်တကူဆက်သွယ်ပြော ဆိုနိုင်ရန် တစ်ဖက်နိုင်ငံ၏ မိုဘိုင်းဖုန်း(Sim Card) များကို တရားမဝင်သုံးစွဲလျက်ရှိကြပါကြောင်း၊  ထိုသို့သုံးစွဲမှုများကြောင့် မြန်မာနိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကိုထိခိုက်နိုင်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့ရာ မောင်တောခရိုင်အတွင်း အရေးယူဆောင်ရွက်မှုများအနေဖြင့် ၂၀၁၄ ခုနှစ်တွင် ၈၁ မှု၊ ၂၀၁၅ ခုနှစ် တွင် ၈၄ မှု၊ ၂၀၁၆ ခုနှစ် တွင် ၂၂ မှု စုစုပေါင်း ၁၈၇ မှု တရားခံ ၁၈၇ ဦးကို လည်း ဖမ်းဆီးအရေးယူခဲ့ပါကြောင်း၊

သို့ဖြစ်ပါ၍ မောင်တောခရိုင်နယ်မြေအတွင်း လုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် တစ်ဖက်နိုင်ငံမှ ထုတ်လုပ်သော(Sim Card)တွေကို တရားမဝင်အသုံးပြုခြင်းများကို တားဆီးနိုင်ရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေဖြင့် ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ပြီး သတင်းဖော်ထုတ်ဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။