(ဂ)-ဧရာဝတီမြစ် တစ်လျှောက်ပြုလုပ်နေသော မြစ်ကျောက်လုပ်ငန်းများမှာ ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပူးပေါင်း ဆောင်ရွက်ရန် ရှိ၊မရှိ မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့ (၁၀.၂.၂၀၁၇)

မြစ်သဲကျောက်ထုတ်လုပ်သည့်လုပ်ငန်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေအရ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်  အခြားဆက်စပ် ဌာနများ၏ စိစစ်ထောက်ခံချက်ဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ လိုင်စင်ခွင့်ပြုချက်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြုသည်ကို သိရပါကြောင်း၊၂၀၁၆ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလများတွင် ရွှေတောင်မြို့နယ်အပါအဝင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တရားဝင်လုပ်ကိုင်ခွင့် ချထားပေးခြင်း မဟုတ်သည့်နေရာများနှင့် တရားဝင်ချထား ပေးသောနေရာများတွင်လည်း သတ်မှတ်ချက်ထက်ကျော်လွန်ထုတ်ယူနေခြင်းများကိုတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မြစ်ကမ်း ပြိုခြင်းကို ခံစားရသော ပတ်ဝန်းကျင်ကျေးရွာများမှ အထောက်အထားများနှင့် တိုင်ကြားခဲ့သည့်အတွက် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လုပ်ငန်းများရပ်ဆိုင်းရန် ညွှန်ကြားသောစာကို ၂၄-၁၀-၂၀၁၆ တွင် ထုတ်ပြန်ခဲ့ကြောင်း၊ သို့သော် ရွှေတောင်မြို့နယ်အတွင်း နေရာအချို့နှင့် အခြား မြို့နယ်များနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နေရာများတွင် တရားမဝင်လုပ်ကိုင်မှုများ ရှိနေခဲ့ပါကြောင်း၊ ဤသို့ပြုလုပ်နေခြင်းကြောင့် နိုင်ငံတော် အခွန်ဘဏ္ဍာများလည်း ဆုံးရှုံးပြီး သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်စေပါကြောင်း၊၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် လိုင်စင်များ ပြန်ချပေးသည့်အတွက် ခွင့်ပြုဧရိယာများတွင် စည်းကမ်းနှင့်အညီ ထုတ်လုပ်နေသည်ကို တွေ့ရှိ ခဲ့ရပါကြောင်း၊ မြစ်သဲကျောက်သည် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်ပါကြောင်းနှင့် ထိုသို့ထုတ်လုပ်ရာတွင် စနစ်တကျထုတ်လုပ်မှုဖြစ်ရန် လိုအပ်ပါကြောင်း၊ ရွှေတောင်မြို့နယ်၏ ဧရာဝတီမြစ် ကမ်းဘေးကျေးရွာ များတွင် ကမ်းပါးပြိုခြင်းများကို ရင်ဆိုင်နေ ကြရပြီး ကျေးရွာလူနေအိမ်ခြေများဆုံးရှုံးသွားသည့်အတွက် အသစ်နေရာပြန်လည် ချထားပေးရန် သက်ဆိုင်ရာဌာနများက ရန်ပုံငွေ တင်ပြတောင်း ခံခြင်းများပြုလုပ်နေရပြီး နိုင်ငံတော်မှလည်း ရန်ပုံငွေများ ချထား၍ ရေကာတာရိုက်ပေးခြင်းစသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးနေရပါကြောင်း၊

သို့ဖြစ်ပါ၍ ဝင်သင့်ဝင်ထိုက်သောအခွန်ဘဏ္ဍာများလည်း နိုင်ငံတော်သို့ ပြန်ဝင်သင့်ပါကြောင်း၊ ထို့ကြောင့် စနစ်တကျထုတ်လုပ်မှုများဖြစ်ရန်၊ လုပ်ငန်းရှင်များရော၊ မြစ်ကြောင်းတစ်လျှောက် ကျေးရွာများမှ ပြည်သူများပါ သိရှိရန်အတွက် ရွှေတောင်မြို့နယ် အပါအဝင် ဧရာဝတီမြစ်ကြောင် းတစ်လျှောက် မြစ်အတွင်းပြုလုပ်နေသော မြစ်ကျောက်လုပ်ငန်းများတွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ချမှတ်ထားသော ဥပဒေစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ပူးပေါင်းဆောင်ရွက် ပေးရန်အစီအစဉ် ရှိ/မရှိသိရှိလိုပါကြောင်းမေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

မြစ်သဲကျောက်များထုတ်ယူခြင်းလုပ်ငန်းနှင့် ပတ်သက်ပြီး လုပ်ငန်းလုပ်ကိုင်နိုင်ရေးအတွက် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ စိစစ်ပြီး သက်ဆိုင်ရာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရ တို့ရဲ့ခွင့်ပြုချက်ဖြင့် လုပ်ငန်းလိုင်စင်များ ထုတ်ပေးလျက်ရှိပါကြောင်း၊ ဧရာဝတီမြစ်အတွင်း မြစ်သဲကျောက်ထုတ်လုပ်ခြင်းများနှင့်ပတ်သက်ပြီး တိုင်းဒေ သကြီး/ပြည်နယ် ခုနစ်ခုမှာ ၂၀၁၄ ခုနှစ်တွင် လုပ်ကွက် ၃၂၇ ခု၊ ၂၀၁၅ ခုနှစ်တွင် လုပ်ကွက် ၃၅၃ ခု၊ ၂၀၁၆ ခုနှစ်တွင် လုပ်ကွက် ၃၂၈ ခုတို့ကို  လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ခွင့်ပြုခဲ့သည့်အနက် ပဲခူးတိုင်းဒေသကြီးက ၂၆ ခု ပါဝင်ကြောင်း၊

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေပုဒ်မ ၁၃ တွင် မည်သူမျှမြစ်ချောင်းနယ်၊ ကမ်းပါးနယ်နှင့် ကမ်းနားနယ်တွေမှာ ဦးစီးဌာန၏ ထောက်ခံချက်မရှိဘဲ စီးပွားရေးအလို့ငှာ သဲစုပ်ခြင်း၊ သဲတူးခြင်း၊ သဲကျုံးခြင်း၊ မြစ်ကျောက်ထုတ်ခြင်း၊ ရွှေကျင်ခြင်း၊ ရွှေသတ္တုတူးဖော်ခြင်း သို့မဟုတ် သယံဇာတ တူးဖော်ခြင်းမပြုရဟု ဥပဒေပြဋ္ဌာန်းထားသည့်အပြင်  ဥပဒေပုဒ်မ ၁၄ တွင်လည်း မြစ်သဲကျောက် ထုတ်လုပ်ခြင်းလုပ်ငန်းများနှင့် ပတ်သက်ပြီး တိကျပြဋ္ဌာန်းထားရှိကြောင်း၊ ပြဋ္ဌာန်း ထားရှိတဲ့ ပြဋ္ဌာန်းချက်များအပေါ် ဖောက်ဖျက်ကျူးလွန်ပါက ယင်းဥပဒေပုဒ်မ ၂၆ အရ နှစ်နှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၃၀၀၀၀ ထက်မပိုသောဒဏ်ငွေဖြစ်စေ၊ ဒဏ်ငွေနှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေး ဥပဒေပုဒ်မ ၂၆ သည် ရဲအရေးပိုင်သည့်ပုဒ်မဖြစ်သည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် မြစ်ချောင်းများအတွင်း တရားမဝင် သဲစုပ်ယူခြင်း၊ မြစ်ကျောက်ထုတ်ယူခြင်းများကို အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ထုတ်လုပ်ခြင်း ရှိ/မရှိ၊ ခွင့်ပြုချက်လိုင်စင်မရှိဘဲ ထုတ်လုပ်ခြင်း ရှိ/မရှိတို့ကို စစ်ဆေးအရေးယူဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခုနှစ်တွင် ရှစ်မှု၊ တရားခံစုစုပေါင်း ကျား ၃၃ ဦး၊ မ တစ်ဦး ပေါင်း ၃၄ ဦး၊ ၂၀၁၅ ခုနှစ်တွင် အမှု တစ်မှု၊ တရားခံကျား ခုနစ်ဦး၊ ၂၀၁၆ ခုနှစ်တွင် အမှုငါးမှု၊ တရားခံကျား ၁၉ ဦး တို့ကို အရေးယူခဲ့ ကြောင်း၊

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ မြို့နယ်များမှ လုပ်ငန်းရှင်များအနေဖြင့် မြစ်သဲကျောက်လုပ်ကွက် ၅၅ ကွက်ကို တင်ပြလျှောက်ထားခဲ့ကြောင်း သိရှိရပါတယ်။ အဆိုပါ မြစ်သဲကျောက်လုပ်ကွက် ၅၅ ကွက်အနက် ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြေစာရင်းမြေပုံ ၁၀၅/၁၀၆ နှင့် လတ္တီကျူ၊ လောင်ဂျီကျူမြေပုံများ ရေးဆွဲပြီးသည့် လုပ်ကွက် ၄၉ ကွက်ကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ သဘောထားရရှိရေး ပေးပို့ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ သဘောထားတောင်းခံမှုအရ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတ်မှတ်ရေလမ်းကြောင်းနှင့် လွတ်ကင်းပြီး ကမ်းပြိုကမ်းစားမဖြစ်နိုင်တဲ့လုပ်ကွက်များကို သဘော ထားပြန်ကြားခဲ့ရာတွင် ပြည်မြို့နယ်မှ နှစ်ကွက်၊ ပန်းတောင်းမြို့နယ်မှ ရှစ်ကွက်နှင့် ရွှေတောင်မြို့နယ်မှ ကိုးကွက် စုစုပေါင်း ၁၉ ကွက်ကို သဘောထားရရှိခဲ့ပြီး ဖြစ်ပါတယ်။ ယင်းလုပ်ကွက်များကို ခရိုင်အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူး၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လုပ်ငန်းရှင်များ၊ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ မြစ်ကြောင်းအတွင်းမှာကွင်းဆင်းပြီးတော့ မြစ်သဲကျောက် ထုတ်လုပ်တဲ့ သတ်မှတ်နေရာတွေမှာ ဒေသခံပြည်သူများနှင့် ရပ်မိရပ်ဖများသိရှိစေရန် ချပြရှင်းလင်း ဆောင်ရွက်ခဲ့ပါကြောင်း၊

ထို့နောက် အဆိုပါလုပ်ကွက် ၁၉ ကွက်ကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ သဘောထားအပါအဝင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၏ သဘောထား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ ရပ်မိရပ်ဖနှင့် ဒေသခံပြည်သူတို့၏ သဘောတူညီချက်၊ တိုင်းဒေသ ကြီးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သယံဇာတဦးစီးဌာနတို့ရ၏ သဘောထားများရရှိသည့် လုပ်ကွက်များကိုသာ လုပ်ကိုင်ခွင့်ရရှိရေးအတွက် ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပဲခူး တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနသို့ ဆက်လက်ထောက်ခံတင်ပြခဲ့ပါကြောင်း၊ ထိုသို့ တင်ပြလာသည့် မြစ်သဲကျောက်လုပ်ငန်းများအနက် ပဲခူးတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဖြင့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့ထုတ်ပြန်ချက်အရ ပန်းတောင်းမြို့နယ်မှ ငါးကွက်၊ ရွှေတောင် မြို့နယ်မှ ခုနစ်ကွက်၊ ပြည်မြို့နယ်မှ နှစ်ကွက် စုစုပေါင်း ၁၄ ကွက်တို့ကို ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်များ စနစ်တကျခွင့်ပြုဆောင်ရွက်စေခဲ့ပါကြောင်း၊ ရွှေတောင် မြို့နယ်မှ မြေသဲကျောက်လုပ်ကွက် ခုနစ်ကွက်နှင့် ခြောက်ကွက်ကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် မြေသဲကျောက်ထုတ်လုပ်ခွင့်လိုင်စင် ချထားပေးခဲ့ပါကြောင်း၊ ကျန်ရှိသည့် လုပ်ကွက်အမှတ် ၁၁၅၇ ကို ကျေးရွာနေပြည်သူများ ရပ်မိရပ်ဖများမှ ကန့်ကွက်လာတဲ့အတွက် ယနေ့ထိ လိုင်စင်ချထား ပေးခြင်းမရှိဘဲ ရပ်ဆိုင်းထားခဲ့သည့်အပြင် ခွင့်ပြုလိုင်စင်မရမီ အမှုတွဲ တည်ဆောက်နေစဉ်ကာလအတွင်း တရားမဝင်မြေသဲကျောက်ထုတ်လုပ်နေမှုနှင့်ပတ်သက်သည့် လုပ်ငန်းရှင် သုံးဦးကိုလည်း အမှု ဖွင့်အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊

ပဲခူးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြစ်သဲကျောက်လုပ်ငန်းများ ခွင့်ပြုရာတွင် တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သဘောထား မှတ်ချက်ပေးသည့်အတိုင်း ဆောင်ရွက်ရန်၊ ဆောင်ရွက်ရာတွင် သဘာဝ ပတ်ဝန်းကျင်ထိခိုက်နစ်နာ မှုမရှိစေရေးဆောင်ရွက်ရန်၊ လုပ်ကွက်ထပ်ခြင်း၊ အငြင်းပွားခြင်း၊ တိုင်ကြားခြင်းများရှိလာပါက လုပ်ငန်းလိုင်စင်ရုပ်သိမ်းခံရမည်ကိုလည်း စည်းကမ်းချက်များထည့်သွင်းသတ်မှတ်ထားရှိပါကြောင်း၊ ထို့အပြင် သတ်မှတ်ထားသည့် အခွန်နှုန်းထားများအပြည့်အဝပေးသွင်းစေရေး၊ သတ်မှတ်နေရာ၊ သတ်မှတ်ပမာဏ အတိုင်းထုတ်လုပ်စေရေး ကြီးကြပ်ဆောင်ရွက်ရန်တို့ကိုလည်း အလေးထား ကြပ်မတ် ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့်လည်း ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဘဏ္ဍာရေးနှစ်အတွက် မြစ်သဲကျောက်လုပ်ငန်းလိုင်စင် ခွင့်ပြုချက် ရရှိသောလုပ်ငန်းရှင်များအနေဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သတ်မှတ်ပေးထားသည့်ဧရိယာအတွင်း ထုတ်လုပ်ခြင်းရှိ/မရှိ၊ သတ်မှတ်ဧရိယာအပြင်သို့ တရားမဝင် ကျူးကျော်လုတ်လုပ်မှုများမရှိစေရေးကိုလည်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊

သို့ပါ၍ ဧရာဝတီမြစ်အတွင်း ပြုလုပ်နေတဲ့ မြစ်သဲကျောက်လုပ်ငန်းများနှင့်ပတ်သက်ပြီး ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ချမှတ်ထားသည့် ဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖြစ်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီး ဌာနတို့က လည်း အလေးထားစစ်ဆေးကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဥပဒေစည်းမျဉ်းစည်းကမ်း နှင့်အညီဆောင်ရွက်ခြင်းမရှိသည့် လုပ်ငန်းများကို ရေအရင်းအမြစ်နှင့်မြစ်ချောင်းများထိန်းသိမ်းရေး ဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြား ပါသည်။