(ခ)-နိုင်ငံ့ဝန်ထမ်းများ၊ဒေသအသီးသီးတွင်တာဝန် ထမ်းဆောင်ရာ၌ တာဝန်ထမ်းဆောင်မှု ကာလ တစ်ပြေးညီသတ်မှတ်ပေးရန်နှင့် မိုင်းခတ်မြို့နယ် အပါအဝင် ဒေသအသီးသီးတွင် ဝန်ထမ်းအင်အား ပြန်လည်ဖြည့်တင်းပေးနိုင်ခြင်းရှိ/မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့ (၁၀.၂.၂၀၁၇)

မိုင်းခတ်မြို့နယ်သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  ကျိုင်းတုံခရိုင်တွင် ပါဝင်သည့် လမ်းပန်း ဆက်သွယ်ရေးခက်ခဲသော ဝေးခံခေါင်သီ တောင်ပေါ်ဒေသဖြစ်သည့် အားလျော်စွာ ဖွံ့ဖြိုးတိုးတက်မှုသည်လည်း အခြားမြို့နယ်များနှင့် နှိုင်းယှဉ်ပါက အဖက်ဖက်မှာ နောက်ကျနေသည့် မြို့နယ် ဖြစ်ပါကြောင်း၊ မြို့နယ်၏ စီမံခန့်ခွဲရေး၊ စီးပွားရေး၊ လူမှုရေးဒေသဖွံ့ဖြိုးရေးအတွက် တာဝန်ယူ ဆောင်ရွက်နေသော ဌာနဆိုင်ရာ ဝန်ထမ်းများအနက်အချို့မှာ အနေကြာ ဝန်ထမ်းများဖြစ်နေပါကြောင်း၊  အဆိုပါ အနေကြာဝန်ထမ်းများသည် ကာလကြာလာသည်နှင့်အမျှ တာဝန်ထမ်းဆောင်မှုအပိုင်းများတွင် စိတ်ဝင်စားခြင်းမရှိတော့ဘဲ လုပ်ငန်းဆောင်ရွက်မှု အားနည်းနေသည်ကို တွေ့ရှိရမည် ဖြစ် ပါကြောင်း၊

မြို့နယ်၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်တာ ဆောင်ရွက်မှုအပိုင်းတွင် အားနည်းမှုကို ဖြစ်ပေါ်စေပါကြောင်း၊ အဆိုပါဝန်ထမ်းများကို ကြီးကြပ်သော ပြည်နယ်၊ ခရိုင်အဆင့်ရှိ ပုဂ္ဂိုလ်အချို့မှာလည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့် မြို့နယ်သို့ ကွင်းဆင်းပုံမှန် လာရောက်စစ်ဆေးခြင်း အားနည်း နေသည်ကိုလည်း တွေ့ရပါကြောင်း၊ အနေကြာဝန်ထမ်းများသည်လည်း နှစ်ကာလကြည်ရှည်စွာ ထမ်းဆောင်ရာတွင် မိမိတာဝန်ယူဆောင်ရွက်ရသော လုပ်ငန်းများအပေါ် စိတ်ဝင်စားမှုနည်းခြင်း၊ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ပူးပေါင်း လိုစိတ်မရှိခြင်း အားနည်းချက်များကြောင့် တာဝန်ယူလုပ်ကိုင်ရသည့်လုပ်ငန်းများမှာ တိုးတက်မှု မရှိရာမှ အစပြု၍ မြို့နယ်အတွက် ဆုတ်ယုတ်မှုများကို ဖြစ်ပေါ်စေပါကြောင်း၊

ဒေသခံများမှာလည်း ၎င်းတို့အပေါ် အထင်အမြင်သေးရာမှ အစပြုပြီး ဌာနဆိုင်ရာများအပေါ် ယုံကြည်အားကိုးမှု လျော့နည်းလာပါကြောင်း၊ အချို့သော ဌာနဆိုင်ရာဝန်ထမ်းများ၏ ပြောင်းရွှေ့တာဝန်ထမ်းဆောင်မှု အပိုင်းများတွင် ခြောက်လ၊ တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်စသည့် ကာလသတ်မှတ်ပေးချက်များ မတူညီကြဘဲ ကွဲပြားခြားနားစွာ ပြောင်းရွှေ့သွားသည်ကိုလည်း တွေ့ရပါကြောင်း၊ ယင်းတို့ အခြေအနေများတွင် နိုင်ငံ့ဝန်ထမ်း အချင်းချင်းအတူတူ နှစ်ကာလ ပြောင်းရွှေ့မှု၌ နှစ်ကာလ သတ်မှတ်ချက် မတူညီကြဘဲ ပြောင်းရွှေ့သွားကြမှုအပေါ် မပြောင်းရွှေ့ရသေးသည့် ဝန်ထမ်းများအနေဖြင့် စိတ်ဓာတ်ကျဆင်းမှုများ ဖြစ်ပေါ်လာကာ ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန်များအပေါ် စိတ်ဝင်စားမှုနည်းလာသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊

သို့ဖြစ်ပါ၍ ပြောင်းရွှေ့နိုင်ငံ့တာဝန်ထမ်းဆောင်ရာတွင် နှစ်ကာလသတ်မှတ်ချက် တပြေးညီထားရှိပြီး ရွှေ့ပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ  သိရှိလိုပါကြောင်း၊ဝန်ထမ်းအင်အားများကို ကြည့်ပါက ဖွံ့ဖြိုးသည့်မြို့နယ်များတွင် ပြည့်နီးပါးရှိသော်လည်း မိမိတို့ တောင်ပေါ်ဒေသ ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသများတွင် ဝန်ထမ်းအင်အားများ လျော့နည်းနေကြောင်း စိစစ်တွေ့ရှိပါကြောင်း၊သို့ဖြစ်ပါ၍ မိုင်းခတ်မြို့နယ်အပါအဝင် ဝေးလံခေါင်းပါး ဒေသများတွင် တာဝန်ထမ်းဆောင်မှုမှာ လစ်လပ်လျက်ရှိသည့်နေရာ များမှာ ဝန်ထမ်းအင်အား အပြည့်အဝ ဖြည့်ဆည်းပေးနိုင်ခြင်း အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။


ဖြေကြားသူ
ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ဝန်ကြီးဌာနများအနေဖြင့် ဝေးလံခေါင်သီသော ဒေသများတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများကို သက်ဆိုင်ရာဒေသများတွင် တာဝန်ထမ်းဆောင်ကာလ အနည်းဆုံး နှစ်နှစ်မှ သုံးနှစ်အထိ တာဝန်ထမ်းဆောင်ပြီးပါက ပြောင်းရွှေ့ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ပြောင်းရွှေ့တာဝန်ပေးအပ်ရန် ပြည်ထောင်စုမြန်မာနိုင်ငံတော်၊ ဝန်ကြီးချုပ်ရုံး၏ ၂၀၀၈ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၂၇ ရက် ရက်စွဲဖြင့် ညွှန်ကြားထားရှိပြီး အဆိုပါ ညွှန်ကြား ချက်ဟာလည်း ယခုတိုင် ပယ်ဖျက်ခြင်း မရှိသေးသည့် အတွက် ညွှန်ကြားချက်နှင့်အညီ ဝန်ကြီးဌာနအားလုံးသည် လိုက်နာကျင့်သုံး ဆောင်ရွက်လျက်ရှိပါကြောင်း၊

ဝန်ကြီးဌာနများ၏ လုပ်ငန်းသဘောသဘာဝအပေါ်မူတည်၍ အချို့သောဝန်ကြီးဌာနများသည် ဝေးခံခေါင်သီသောဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများကို အနည်းဆုံး နှစ်နှစ် တာဝန်ထမ်းဆောင်ပြီး ပြောင်းရွှေ့လိုပါက ဆန္ဒပြုလျှောက် ထားစေပြီး ဆန္ဒပြုသည့်နေရာ သို့မဟုတ် လစ်လပ်သည့်နေရာများသို့ ပြောင်းရွှေ့တာဝန်ချထား ပေးလျက်ရှိပါကြောင်း၊ အချို့သော ဝန်ကြီးဌာနများသည် ဒေသတစ်ခု၌ သုံးနှစ်တာဝန် ထမ်းဆောင်ပြီး ပါက သင်‌့လျော်သည့် နေရာဒေသများသို့ ပြောင်းရွှေ့ပေးခြင်း များကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် ဒေသပြောင်းရွှေ့ရေး ဆောင်ရွက်ရာတွင် ကာယကံရှင်၏ လူမှုရေးအခက်အခဲ တင်ပြချက်၊ ကျန်းမာရေးအခြေအနေ တင်ပြချက်များအပေါ်တွင်လည်း ထည့်သွင်းစဉ်းစား ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

ထို့သို့ ပြောင်းရွှေ့တာဝန်ချထားခြင်းကိုလည်း ဝန်ကြီးဌာနများအနေဖြင့် စီမံအဆင့် အရာထမ်း များကိုသာ ဌာန၏ လုပ်ငန်းသဘောသဘာဝကို အခြေခံ၍ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်ကာလအတွင်း ပြောင်းရွှေ့ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အမှုထမ်း ဝန်ထမ်းများကို မူလခန့်အပ်စဉ်ကပင် ၎င်းတို့၏ နေထိုင်ရေး၊ စားသောက်ရေး၊ လူမှုရေးအခက်အခဲများ ပြေလည်စေရေးအတွက် ဒေသခံပြည်သူများကိုသာ ဦးစားပေး ခန့်အပ်လျက်ရှိသည့်အတွက် ၎င်းတို့၏ ဆန္ဒအလျောက် ဆက်လက် တာဝန် ထမ်းဆောင် လိုပါက သတ်မှတ်ကာလမထားဘဲ ဆက်လက်တာဝန် ထမ်းဆောင်စေလျက် ရှိပါကြောင်း၊

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀၁၃ ခုနှစ်၊ ဖော်ဖော်ဝါရီလ ၂၂ ရက်နေ့ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်အရ ပညာရေး၊ ကျန်းမာရေး၊ ပြည်ထဲရေးဝန်ကြီးဌာနများကို ဦးစားပေးပြီး ဖွဲစည်းပုံ အပြည့် ခန့်အပ်ခွင့်ပြုခဲ့ပါကြောင်း၊ အခြားသော ဝန်ကြီးဌာန၊ ဦးစီးဌာနများ အနေဖြင့် ဝန်ထမ်းသစ်များ ခန့်ထားရေးနှင်‌့စပ်လျဉ်း၍ ခွင့်ပြုအင်အား၏ သုံးပုံနှစ်ပုံသာ ခန့်ထားဆောင်ရွက်ရန် အစိုးရအဖွဲ့ရုံး၏ ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့တွင်  လမ်းညွှန်မှုပြုထားခဲ့ပါကြောင်း၊

ဝန်ကြီးဌာနများအနေဖြင့် သတ်မှတ်ခွင့်ပြုထားသည့် ခွင့်ပြုအင်အားအတိုင်း အင်အားပြည့်မီစေ ရေးအတွက်ကိုလည်း ဖြည့်တင်းဆောင်ရွက်နိုင်ရေး အလေးထားလိုက်နာဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ရာတွင် နှစ်စဉ်ပြုန်းတီးအင်အားများ ဖြစ်ပေါ်နေသော်လည်း ဝေးလံသည့် ဒေသများတွင် ဌာနအလိုက် သတ်မှတ်ထားသော အရည်အချင်းပြည့်မီသူများမှ တာဝန်လျှောက်ထားမှုများ နည်းပါးလျက်သည့်အတွက် ဝန်ထမ်းများ သတ်မှတ်ချက်အတိုင်း အင်အား ပြည့်မီစေရန် ခန့်ထားနိုင်မှုမရှိသေးသည်ကို တွေ့ရှိရပါကြောင်း၊ ဝန်ကြီးဌာနများအနေဖြင့် သက်ဆိုင်ရာဒေသအလိုက် လုပ်ငန်းတာဝန် အနည်းအများပေါ်မူတည်ပြီး လက်ရှိအင်အားဖြင့် ချင့်ချိန်လျက် ဝန်ထမ်းများကို တာဝန်ချထားဆောင် ရွက်ပေးလျက်ရှိပါကြောင်း၊ ထို့အပြင် အချို့ဒေသများ၌ ဒေသခံများနှင့်သာ သင်‌့လျော်မှုရှိသော ရာထူးနေရာများအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ဒေသခံများမှ လျှောက်ထားလာပါက ခန့်အပ်ထားနိုင်သည့် အင်အားအတွင်း ဦးစားပေး ခန့်ထားနိုင်ရေးအတွက်လည်း ဝန်ကြီးဌာနများအနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ တွဲဖက် တာဝန်ချထားသည့် ဝန်ထမ်းများနှင့်စပ်လျဉ်းပြီး လုပ်ငန်းအခြေအနေနှင့် ဝန်ထမ်းအင်အား အခြေအနေပေါ် မူတည်ပြီး ဝန်ကြီးဌာနအစီအစဉ်ဖြင့် ခေတ္တ တွဲဖက်ထားခြင်းသာ ဖြစ်ပါကြောင်း၊ ရေရှည်တွဲဖက်ထားရမည့်ဝန်ထမ်းများရှိပါက ဝန်ထမ်းအင်အား ရရှိမှုပေါ်မူတည်ပြီး အစားထိုး ခန့်အပ်သွားမည် ဖြစ်ကြောင်းလည်း သက်ဆိုင်ရာဝန်ကြီးဌာန အားလုံး၏ ပေါင်းစပ်ဖြေကြားချက် များအရ သိရှိရပါကြောင်း၊

သို့ပါ၍ နိုင်ငံ့ဝန်ထမ်းများကို ဒေသအသီးသီးတွင် တာဝန်ပေးအပ်ရာ၌ နိုင်ငံတော်လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍအလိုက် ဝန်ကြီးဌာန၊ ဦးစီးဌာနအသီးသီး၏ ရည်မှန်းချက် လုပ်ငန်း တာဝန်များနှင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် မှုများအပေါ် မူတည်ပြီး တာဝန် ထမ်းဆောင်မှုကာလကို အနည်းဆုံး နှစ်နှစ်မှ သုံးနှစ်အထိ သတ်မှတ်၍ ပြောင်းရွှေ့ ဆောင်ရွက်ပေးလျက် ရှိပါကြောင်းနှင့် ဝန်ကြီးဌာနများအနေဖြင့်လည်း ဝန်ထမ်းအင်အား ပြည့်မီစွာ ခန့်အပ်ထားနိုင်ရေးကို သတ်မှတ်ချက်များနှင့်အညီ အလေးထားလိုက်နာ ဆောင်ရွက်လျက်ရှိပါကြောင်း ဝန်ကြီးဌာန အားလုံး၏ ပေါင်းစပ်ညှိနှိုင်း ဖြေကြားချက်အရ ပြန်လည်ရှင်းလင်းဖြေကြားပါသည်။