လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ တာဝန်များဖြစ်သည့် နိုင်ငံသားများ၏မူလအခွင့်အရေး ရရှိနိုင်ရေးကို ရှေးရှုဆောင်ရွက်ခြင်း၊ မဲဆန္ဒရှင်များအား လွှတ်တော်အတွေ့အကြုံပြန်လည် ရှင်းလင်းတင်ပြခြင်း၊ မဲဆန္ဒရှင်များ၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ တင်ပြခြင်း၊ လွှတ်တော်ကပေးအပ်သည့် အခြား တာဝန်များကို ထမ်းဆောင်ခြင်း အစရှိသည့် တာဝန်များကို ထမ်းဆောင်ကြရပါကြောင်း၊ ယခုလိုတာဝန် ထမ်းဆောင်သည့် အခါတွင် အုပ်ချုပ်ရေး၊ လုံခြုံရေး တာဝန်ယူ ထားသည့် အဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်တချို့သည် ကိုယ်စားလှယ်များ၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေသော သို့မဟုတ် ဂုဏ်သိက္ခာ ကိုထိခိုက်စေနိုင်သော နောက်ယောင်ခံစောင့်ကြည့်ခြင်း၊ စုံထောက်ခြင်း၊ စုံစမ်းခြင်း၊ အသံဖမ်းခြင်း၊ ဓာတ်ပုံရယူခြင်းတို့အပြင် ကိုယ်စားလှယ်များနှင့်တွေ့ဆုံခဲ့သော ပြည်သူ လူထုကို မည်သည့်အတွက်ကြောင့် တွေ့ဆုံ၍ မည်သို့ပြောဆို ကြောင်းကို အမြဲလိုလိုစုံစမ်းထောက်လှမ်း လျက်ရှိပါကြောင်း၊ ၎င်း လုပ်ရပ်များသည် နိုင်ငံသားများ၏မူလအခွင့် အရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာအခွင့်အရေးများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေသလို ခံစားနေရပါကြောင်း၊ ၎င်းစနစ်သည်တစ်ချိန်က အာဏာရှင်စနစ်ဆိုးများက ဒီမိုကရေစီ လိုလားသူများနှင့် လူထုကိုဖိနှိပ်ရန် ကျင့်သုံးခဲ့ သည့် ပုံစံမျိုးဖြစ်နေပါကြောင်း၊ ထိုအပြင် အရေးကြီးသည့် နိုင်ငံရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၏ တယ်လီဖုန်းများကိုလည်း ကြားဖြတ်နားထောင်ဆဲဖြစ်ပါကြောင်း၊ယနေ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်အောင် ဦးတည်ဆောင်ရွက်နေသည့် ပြည်သူလူထု ရွေးချယ်ထားသည့် ပြည်သူ့အစိုးရလက်ထက်တွင် ယခုလိုလုပ်ရပ်များသည် အာဏာရှင် စနစ်ဆိုးကို ပြန်လည် အသက်သွင်းဖို့ ဦးတည်နေသည်ဟု သံသယဖြစ်စရာဖြစ်နေပါကြောင်း၊ အကယ်၍ ယခုလိုကိစ္စမျိုး လိုအပ်သည် ဆိုပါက ဥပဒေနှင့်အညီ ဆောင်ရွက်သင့်ပါကြောင်း၊ မိမိတို့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတော်နှင့် နိုင်ငံသားတို့အကျိုးအတွက် လွှတ်တော် ကိုယ်စားလှယ်များ၏ တာဝန် ထမ်းဆောင်နေချိန်တွင် ကိုယ်စားလှယ်များ၏ လှုပ်ရှားဆောင်ရွက်မှုများကို တိုးတိုးတိတ်တိတ် ဖြစ်စေ၊ ပေါ်ပေါ်တင်တင်ဖြစ်စေ နောက်မှလိုက်လံစုံစမ်းသတင်းယူနေကြသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကို မည်သည့်တာဝန်ရှိပုဂ္ဂိုလ်၊ အဖွဲ့အစည်းများမှ တာဝန်ပေးထားခြင်းရှိ/မရှိနှင့် တာဝန်ပေး ထားခြင်းရှိပါက မည်သည့်အတွက်ကြောင့် တာဝန်ပေးထားသည်ကို သိလိုခြင်းနှင့် ၎င်းကိစ္စအား တားမြစ်ရန် မည်ကဲ့သို့ပြုလုပ်ရမည် ကို သိလိုပါကြောင်း မေးမြန်းသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)တွင် နိုင်ငံသူနိုင်ငံသားများ၏ မူလ အခွင့်အရေး၊ တာဝန်များ နှင့်စပ်လျဉ်း၍ ပုဒ်မ ၃၄၅ မှ ၃၉၀ တို့တွင် ဖော်ပြထားရာ ပုဒ်မ ၃၅၄ တွင် နိုင်ငံသား တိုင်း သည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျှင် လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်၊ လုပ်ပိုင်ခွင့် အခွင့်အရေး များရှိကြောင်း ကိုဖော်ပြထားပါကြောင်း၊ ၎င်းအခွင့်အရေးများကို ဆောင်ရွက်ရာတွင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ လုံခြုံမှုရှိရေးနှင့် လူမှုပတ်ဝန်းကျင်၏လုံခြုံမှုရှိရေးဟာ အဓိကကျပြီး လုံခြုံမှုရှိမှသာလျှင် မိမိတို့ဆောင်ရွက်လိုသည့်ကိစ္စများကို အနှောင့်အယှက်ကင်းစွာဖြင့် ချောချောမွေ့မွေ့ ဆောင်ရွက်နိုင်မည်ဖြစ်ပါ ကြောင်း၊
လွှတ်တော်ကိုယ်စားလှယ်လောင်းများအဖြစ် ဝင်ရောက်အရွေးခံမည့် ကိုယ်စားလှယ်လောင်းများသည် အဆိုပြုလွှာများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တင်ပြကြ ရပါ ကြောင်း၊ ထိုသို့ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြ မည့် အမည်စာရင်းတင်သွင်းထားသည့် လွှတ်တော် ကိုယ်စား လှယ်လောင်းများအား သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ နှင့် ပုဒ်မ ၁၀ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်းရှိ/မရှိ စိစစ်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြည်ထဲရေးဝန်ကြီး ဌာနသို့ ညှိနှိုင်းအကြောင်းကြားမှုများ ပြုလုပ်လေ့ရှိပါကြောင်း၊ ထိုသို့အကြောင်းကြားမှုများ လက်ခံရရှိပါက ပြည်ထဲရေးဝန်ကြီးဌာနမှ အဆိုပါ လွှတ်တော် ကိုယ်စားလှယ်လောင်းများအား လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈ နှင့် ပုဒ်မ ၁၀ တို့ပါ ပြဋ္ဌာန်းချက်များနှင့် ငြိစွန်းခြင်းရှိ/မရှိ သက်ဆိုင်ရာစစ်ဆေးရေးအဖွဲ့များသို့ စစ်ဆေး စေပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ပြန်လည် တင်ပြလေ့ရှိပါကြောင်း၊ အဆိုပါကိစ္စမှလွဲ၍ ပြည်ထဲရေး ဝန်ကြီးဌာနအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များကို လိုက်လံစုံစမ်းခြင်း၊ သတင်းရယူ ခြင်းများ မရှိပါကြောင်း၊ ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် လွှတ်တော် ကိုယ်စားလှယ်များကို တာဝန် ထမ်းဆောင်နေချိန်တွင် ၎င်းတို့၏လှုပ်ရှားဆောင်ရွက်မှုများကို တိုးတိုးတိတ်တိတ်ဖြစ်စေ၊ ပေါ်ပေါ်တင်တင် ဖြစ်စေ နောက်မှ လိုက်လံစုံစမ်း သတင်းမေးမြန်းရယူရန် တာဝန်ပေးထားခြင်း၊ ဆောင်ရွက်စေခြင်းများ မရှိပါကြောင်း ဖြေကြားပါသည်။
ဦးမောင်မောင်ဦး(အင်းစိန်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
လွှတ်တော်ဖြစ်သည့်အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို အမှန်မပြောချင် သည့်အတွက် မိမိတွင် သက်သေအထောက်အထားများစွာရှိပါကြောင်း၊ ၎င်းကို ပြည်ထဲရေးဝန်ကြီးဌာနသို့ို လွှဲပြောင်းပေးအပ် မည်ဖြစ်ပါကြောင်း၊ မိမိတို့သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များဖြစ်ပါကြောင်း၊ ပြည်သူမှ ရွေးချယ်တင်မြောက်ပေးလိုက်သည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ပါကြောင်း၊ ယခုလို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊လွှတ်တော်ကိုယ်စားလှယ်များ၏ တာဝန်ကို ထမ်းဆောင်သည့် အချိန်တွင် အခုလို နှောင့်ယှက်ခြိမ်းခြောက်၊ နေခြင်းသည် ကိုယ်စားလှယ်များကို ခြမ်းခြောက်သလိုဖြစ်သလို ကိုယ်စားလှယ်များ၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေပါကြောင်း၊ ထို့အပြင် ပြည်သူများမှ ရွေးချယ်ထားသည့် ပြည်သူ့ကိုယ်စားလှယ်များဖြစ်သည့်အတွက် ပြည်သူလူထုကို တိုက်ရိုက်ခြိမ်းခြောက်သလိုဖြစ်နေပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ၎င်းကို အစည်းအဝေးကြီးပြီးသည့် အခါတွင် ပြည်ထဲရေးဝန်ကြီးဌာနသို့ အထောက်အထားများ ပေးအပ်မည်ဖြစ်ပါကြောင်း ဆက်စပ်မေးမြန်းခဲ့ပါသည်။
အဆိုပါမေးခွန်းနှင့် ပတ်သက်၍ ဥက္ကဋ္ဌ မှ မှတ်ချက်ပြုပြောကြားရာတွင်
ပြည်ထဲရေးဝန်ကြီးဌာနမှ ရှင်းသွားသည့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ စည်းကမ်း၊ စနစ်တကျ ဥပဒေနှင့်အညီ လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲဖြစ်ရန် ကူညီပံ့ပိုးပေးခဲ့ သည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ပြီး ပြည်သူများ၏ မဲဆန္ဒနှင့် ရွေးကောက်ပွဲကော်မရှင်၏ အတည်ပြုချက်ဖြင့် ကိုယ်စားလှယ်ဖြစ်လာပြီ ဆိုပါက ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်နှင့် တာဝန်များရှိပါကြောင်း၊ ရပိုင်ခွင့်များလည်းရှိပါကြောင်း၊ ထို့ကြောင့် ကိုယ်စားလှယ်များ၏ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်နှင့် တာဝန်များကို သက်ဆိုင်ရာအဖွဲ့အစည်းမှ လေးစားလိုက်နာရန် လိုပါကြောင်း၊ လေးစားလိုက်နာမှုမရှိဘူးဆိုပါက မေးခွန်းရှင် ကိုယ်စားလှယ်ပြောသလို အချက်အလက်အတိအကျ အထောက် အထားနှင့် သက်ဆိုင်သည့် ပြည်ထဲရေးဝန်ကြီးဌာနကို ပေးပို့သကဲ့သို့ မိမိတို့လွှတ်တော်တွင် ဖွဲ့စည်းထားသည့် လွှတ်တော်အခွင့်အရေးကော်မတီ ရှိပါကြောင်း၊ ၎င်းကော်မတီသည် လွှတ်တော်ကိုယ်စားလှယ်အားလုံးနှင့် ဆိုင်ပါကြောင်း၊ ၎င်းကိုလည်း ပေးနိုင်ပါကြောင်း၊ ပြီးရင် မိမိတို့ကိုလည်း သိအောင်လည်း ပေးနိုင်ပါကြောင်း၊ နိုင်ငံသားတစ်ယောက်၏ လွတ်လပ်မှုနှင့် လုံခြုံမှုဥပဒေဋ္ဌာန်းရန် လိုသည်ဆိုမှ ၎င်းအရာများဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ဆိုသည်မှ ဥပဒေအရ ပေးထားသည်မှ တိုင်းပြည်၏ တာဝန်ပေးထားပါကြောင်း၊ ဂုဏ်သိက္ခာနှင့် ညီသည့်ပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ထားပါကြောင်း၊ တန်ဖိုးထားလေးစားရမယ်ဆိုသည့် ပြဋ္ဌာန်းချက်လည်း ရှိကြောင်း၊ ထို့ကြောင့် ဂုဏ်သိက္ခာနှင့်ညီသည့် တန်ဖိုးထားလေးစားရမည့် ကိုယ်စားလှယ်များကို ယခုလိုလုပ်သည်ဆိုပါက အထောက်အထား ခိုင်ခိုင်လုံလုံနှင့်ပေးနိုင်ပါကြောင်း၊ ဥပေဒကြမ်းကော်မတီ ကိုလည်းအသိပေးချင်ပါကြောင်း၊ လူပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံခွင့်ဥပဒေကို ယခု စတုတ္ထပုံမှန်အစည်း အဝေးတွင် ပြီးချင်ပါကြောင်း၊ ထို့ကြောင့်ဥပဒေကြမ်းကော်မတီအနေဖြင့် အထူးအလေးအနက် ထားပြီး ကြိုးစားပေးပါဟု ပြောကြားခဲ့ပါသည်။
