လဟယ်မြို့နယ် နန်ဖုတ်ချောင်းအရှေ့ခြမ်းရှိ ကူကူးနောက်ကုန်းကျေးရွာအပါအဝင် စုစုပေါင်းကျေးရွာ ၁၀ နှင့် ကျေးရွာအုပ်စု ၃ ခုရှိ
လူဦးရေပေါင်း ၂၄၀၀ ကျော်သည် လူမှုစီးပွားကိစ္စများ ဆောင်ရွက်ရန် ကူကူးနောက်ကုန်း ကျေးရွာအနက် လွန်းထောင်းကျေးရွာကြားရှိ နန်ဖုတ်ချောင်းကို လေယာဉ်ငယ်ဖြင့် စွန့်စွန့်စားစား ဖြတ်သန်းသွားလာနေကြရပါကြောင်း၊ ထို့အပြင် အစိုးရ၏ ဖွံ့ဖြိုးရေးစီမံကိန်းများဖြစ်သော လမ်း၊ စာသင်ကျောင်း၊ ဆေးပေးခန်း စသည့် ဆောက်လုပ်ရေးလုပ်ငန်းများ လက်တွေ့ အကောင် အထည်ဖော်နိုင်ရန် ချောင်းကူးတံတားတစ်စင်း မရှိမဖြစ်လိုအပ်နေပါကြောင်း၊ တံတားမရှိသည့်အတွက် အရေးကြီးလူနာများအား လဟယ်မြို့ပေါ်ကို အချိန်မီပို့ဆောင်ရန် ချောင်းအရှေ့ဘက်ခြမ်းရှိ ဒေသခံပြည်သူများအတွက် မဖြစ်နိုင်ပါကြောင်း၊ ယခင်အစိုးရလက်ထက်ကစပြီး လဟယ်တွင် လွန်းထောင်းကျေးရွာ နန်ဖုတ်ချောင်း အထိ တစ်ချောင်းထိုးမြေသားလမ်း ဖောက်လုပ်ပါကြောင်း၊ ယခင်နှစ်များမှာလည်း ချောင်းကူးတံတား တစ်စင်းတည်ဆောက်ပေးရန်အတွက် ဒေသခံပြည်သူများက အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့သော်လည်း တစ်စုံတစ်ရာ လုပ်ဆောင်ပေးခဲ့ခြင်းမရှိပါကြောင်း၊
သို့ဖြစ်ပါ၍ နန်ဖုတ်အရှေ့ခြမ်းရှိ ကူကူးနောက်ကုန်းကျေးရွာအပါအဝင် စုစုပေါင်း ကျေးရွာ ၁၀ နှင့် ကျေးရွာအုပ်စု ၃ ခုမှ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ဖြတ်သန်းသွားလာရန်အတွက် အဓိကလိုအပ်နေသည့် လွန်းထောင်းကျေးရွာနှင့် ကူကူးနောက်ကုန်းကြား နန်ဖုတ်ချောင်းကူးတံတားတစ်စင်း ပေ ၄၀၀ အရှည် ဘေလီတံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်မည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိ လိုကြောင်း မေးမြန်းပါသည်။
နန်ဖုတ်ချောင်းကူးတံတားတစ်စင်း ပေ ၄၀၀ အရှည် ဘေလီတံတား တည်ဆောက်ခြင်းလုပ်ငန်းသည် ၂၀၁၄-၁၅ ဘဏ္ဍာရေးနှစ်၌ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဖောက်လုပ်ခဲ့သည့် လဟယ်- လုံခင်- ယွန်းတိုင်း- လွန်းထောင်း- နန်ဖုတ်ချောင်းအထိ ၂၆ မိုင် မြေသားလမ်းပေါ်တွင် တည်ရှိပါကြောင်း၊ နန်ဖုတ်ချောင်းက အကျယ်ပေ ၄၀၀ ခန့်ရှိပြီး ရေစီးကြမ်း၍ ဒေသခံများ ခရီးသွားလာရာတွင် အခက်အခဲဖြစ်ပေါ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါ နန်ဖုတ်ချောင်းကူးဘေလီတံတား တည်ဆောက်နိုင်ရေး အတွက် တံတားကျွမ်းကျင်အင်ဂျင်နီယာများဖြင့် မြေပြင်အနေအထားအား ကွင်းဆင်းစစ်ဆေးခြင်း၊ တိုင်းတာတွက်ချက်ခြင်းများပြုလုပ်ပြီး ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ကိုယ်စား ရှင်းလင်းဖြေကြားပါသည်။
