(က)-ကျောက်တံခါးမြို့နယ်၊သာယာကုန်းလျှပ်စစ် ဓာတ်အားခွဲရုံအား ယခုထက်ပိုမို၍ လျှပ်စစ်ဓာတ် အားခွဲဝေပေးနိုင်ရေးအတွက်ဆောင်ရွက်မှုအခြေ အနေကို သိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့ (၁၉.၁၂.၂၀၁၆)

ဒေါက်တာဦးမြင့်သိန်း (ညောင်လေးပင်)သာယာကုန်းပင်မဓာတ်အားခွဲရုံသည် ၂၃၀/၃၃/၁၁ ကေဗွီ ဓာတ်အားခွဲရုံဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးနှင့် တောင်ငူခရိုင် အတွင်းရှိ အချို့သောမြို့ရွာများကို ၃၃ ကေဗွီဖီဒါ နှစ်ဖီဒါနှင့် ဓာတ်အား ခွဲဝေပို့လွှတ်ပေးလျက်ရှိရာ ဒိုက်ဦးဖီဒါနှင့် ဖြူးဖီဒါဆိုပြီးရှိပါကြောင်း၊ ဒိုက်ဦးဖီဒါ မှ လျှပ်စစ်ဓာတ်အားကို ညောင်လေးပင်၊ ပိန်းဇလုပ်၊ ဖဒို၊ ပြွန်တဇာ၊ မတောက်၊ ဒွန်ဇေး၊ ဒိုက်ဦး၊ ဖောင်တော်သီဒေသများက သွယ် ယူကြရပြီး လျှပ်စစ်ဓာတ်အသုံး အများဆုံးအချိန်တွင် အများဆုံးတက်သောဝန် (Peak Load) မှာ ၁၂.၅ မဂ္ဂါဝပ်အထိ ရောက်ရှိပါကြောင်း၊ ဖြူးဖီဒါမှ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ တောကျွဲအင်း၊ ကညွတ်ကွင်း၊ နတ်သံကွင်း၊ ကျောက်ကြီးဒေသ များကို လျှပ်စစ်ဓာတ်အား ရယူသုံးစွဲရာတွင် ၎င်းဒေသများသည် Peak Load မှာ ၈.၅ မဂ္ဂါဝပ်အထိ ရောက်ရှိပါကြောင်း၊ ထို့ကြောင့် ထိုဖီဒါနှစ်ခုမှ Peak Load တစ်ပြိုင်တည်း ရောက်အောင်အသုံးပြုသည့်အခါ ၂၁ မဂ္ဂါဝပ်အထိ ဝန်အား တက်သွားသောကြောင့် ဓာတ်အားခွဲရုံက Load ကိုမနိုင်သည့်အခါ လျှပ်စစ်ဓာတ်အား ဖြတ်တောက်ရခြင်းများ ရှိပါကြောင်း၊ ထို့အပြင် သာယာကုန်းပင်မဓာတ်အားခွဲရုံရှိ ဝန်ထမ်းအင်အားသည် ရှိရမည့် ဦးရေထက် တစ်ဝက်ခန့်သာရှိပြီး အများအားဖြင့် လုံခြုံရေးဝန်ထမ်းများ လည်း လုံလောက်စွာမရှိပါကြောင်း၊

လွှတ်တော်ရပ်နားထားချိန်တွင် ကျေးရွာများကိုဆင်းပြီး ပြည်သူများနှင့် တွေ့ဆုံရာတွင် ကျေးရွာတိုင်း ရှိပြည်သူများက လျှပ်စစ်ဓာတ်အားရရှိရေးကို တောင်းဆိုနေကြပါကြောင်း လျှပ်စစ် ရရှိပြီးသည့် ရွာများမှ လည်း ဓာတ်အားပြည့်စုံ လုံလောက်စွာရရှိရန် တောင်းဆိုကြပါကြောင်း၊ထို့အပြင် ကျေးလက်မီးလင်းရေးစီမံကိန်းအရ ကျေးရွာများကို လျှပ်စစ်ဓာတ်အားသွယ်တန်းပေးရန်လည်း ရှိနေပါကြောင်း၊ ထို့ကြောင့် ဒေသအတွင်း တိုးတက်လာနိုင်သည့် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် သာယာကုန်းပင်မ ဓာတ်အားခွဲရုံကို အဆင့်မြင့်တင်ရန် စီမံဆောင်ရွက်ထားခြင်းရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်ကာလတွင် စတင်အကောင်အထည်ဖော် ပါမည်ကိုသိရှိလိုခြင်းနှင့် မရှိပါက မည်သည့်အတွက်ကြောင့် မရှိသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
‌လျှပ်စစ်နှင့် စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

‌လျှပ်စစ်နှင့် စွမ်းအားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၎င်းဓာတ်အားခွဲရုံများတွင် ဝန်ထမ်းဦးရေ နည်းပါးရခြင်းအကြောင်းအရင်းသည် ဖွဲ့စည်းပုံအင်အား၏ သုံးပုံနှစ်ပုံသာ ဝန်ထမ်းခန့်ထားရန်ဆိုသည့် ကန့်သတ်ချက်အရ ဝန်ထမ်း ဦးရေ လျော့နည်း‌နေ ရခြင်းဖြစ်ပါကြောင်း မိမိတို့အနေဖြင့် ဝန်ထမ်းများကို ဝန်ထမ်းဖွဲ့စည်းပုံအတိုင်း ခန့်ထားခွင့်ရရှိလိုနေခြင်း ဖြစ်ပါကြောင်း၊ သာယာကုန်း ပင်မဓာတ်အားခွဲရုံတွင် ၂၃၃/၃၃/၁၀ အမ်ဗွီအေ သုံးလုံးဖြင့် ဖွဲ့စည်းတည်ဆောက်ထားသော စုစုပေါင်း ၃၀ အမ်ဗွီအေ Main Transformer ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနေခြင်းဖြစ်ပါကြောင်း၊ ပုံမှန်အားဖြင့် ၃၀ အမ်ဗွီအေ Transformer ကို ဓာတ်အားဖြန့်ဖြူးပေးရာမှာ အများဆုံး ၂၄ မဂ္ဂါဝပ်သာ ဓာတ်အားဖြန့်ဖြူးပေးရခြင်း ဖြစ်သော်လည်း အဆိုပါဒေသရှိ အများပြည်သူ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် အဆိုပါ Transformer ကို ဝန်ပို ထမ်းဆောင်စေခြင်းဖြင့် လက်ရှိအခြေအနေတွင် ၂၆ မဂ္ဂါဝပ်အထိ ဓာတ်အားပေးနေရသည့် အခြေအနေ ဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလမတိုင်မီက ဒိုက်ဦးဖီဒါ၏ အများဆုံး ဓာတ်အား သုံးစွဲမှုသည် ၁၃ မဂ္ဂါဝပ်၊ ၁၄ မဂ္ဂါဝပ်အထိ ရောက်ရှိလာပြီး ဖြူးဖီဒါ၏ ဓာတ်အားသုံးစွဲမှုသည် အများဆုံး ၁၃ မဂ္ဂါဝပ်အထိ ရောက်ရှိလာသည်ကို တွေ့ရှိရပါကြောင်း၊ ထိုအခါ လျှပ်စစ်ဓာတ်အားသုံးစွဲမှုသည် စုစုပေါင်း ၂၇ မဂ္ဂါဝပ် အထိ ရောက်ရှိလာခြင်းဖြစ်ပါကြောင်း၊ ဒိုက်ဦးဖီဒါမှ အများဆုံးသုံးစွဲသည့်အချိန်နှင့် ဖြူးဓာတ်အားလိုင်းက အများဆုံး သုံးစွဲသည့်အချိန် နှစ်ချိန်တိုက်ဆိုင်လာပါက စုစုပေါင်း ၂၆ မဂ္ဂါဝပ်အထိ ရောက်ရှိ လာနိုင်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့ ဖြူးဖီဒါတွင် ၁၃ မဂ္ဂါဝပ်လောက်အထိတက်လာပါက စုစုပေါင်း ၂၇ မဂ္ဂါဝပ်ဖြစ်လာသည့်အချိန်၌ Transformer က ၂၆ မဂ္ဂါဝပ်သာ ဝန်အားပိုနှင့် နိုင်နင်းသည့် အခါတွင် ဖြူးဓာတ်အားလိုင်းပေါ်တွင် အချို့သောနေရာများတွင် Partial Load Shed ဟုခေါ်သည့် ကွက်ပြီးမီးလျှော့သုံးရန်အတွက် စီစဉ်ရသည့် အခြေအနေများ ဖြစ်ပေါ်လာပါကြောင်း၊ သာယာကုန်းခွဲရုံတွင် ၃၃ ကေဗွီ ဗက်စ်ပေါ်တွင် ၂၃၀ Transformer မှနေပြီး ၂၆ မဂ္ဂါဝပ်ဓာတ်အား ပို့လွှတ်သည့်အစီအစဉ်နှင့် ရဲနွယ်ဓာတ်အားပေးစက်ရတွင် တပ်ဆင်ထားသည့် ၁၂.၂၅ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံ ၂ လုံးမှ ထုတ်လွှတ်သည့်ဓာတ်အား များကိုပေါင်းပြီး ဓာတ်အားပေးခြင်းဖြစ်ပါကြောင်း၊ သို့ရာတွင် ရဲနွယ် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံသည် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ခြင်းကိုသာမက စိုက်ပျိုးရေး ရေပေးဝေရန်အတွက် အသုံးပြုရသည့် ဓာတ်အားပေး စက်ရုံဖြစ်ပါကြောင်း၊ အဆိုပါ အစီအစဉ်အရ စိုက်ပျိုးရေး ရေလိုအပ်မှု၊ တောင်းခံမှုအချိန်ဆိုလျှင် မိမိတို့မှ ရဲနွယ်ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ၏ ဓာတ်အား ထုတ်လွှတ်မှုကို ရပ်တန့်ထားရခြင်းဖြစ်ပါကြောင်း၊ အဆိုပါ စိုက်ပျိုးရေး ရေလိုအပ်မှုမရှိသည့် အချိန်တွင် ရဲနွယ်ဓာတ်အားပေးစက်ရုံကို ရပ်တန့်ထားရသည်ဖြစ်သည့်အတွက် ထုတ်လွှတ်မှုသည် သုညမဂ္ဂါဝပ်ဖြစ်နေသည့် အချိန်ဆိုပါက Main Transformer ကြီးမှသာ ဒိုက်ဦးနှင့် ဖြူးကို အဓိကမီးပေးရသည့် အခြေအနေဖြစ်လာပါကြောင်း၊ ထို့ကြောင့် Transformer ကြီးမှ နိုင်နင်းမှုမရှိသည့်အတွက် ဝန်အားလျော့ရခြင်းဖြစ်ပါကြောင်း၊

Main Transformer ကြီး လောင်ကျွမ်းမှုမဖြစ်စေရန်အတွက် မိမိတို့မှ ဒိုက်ဦးနှင့် ညောင်လေးပင်မြို့နယ်အတွင်းရှိ ပြည်သူများ ကာလကြာရှည် ဓာတ်အားပြတ်တောက်ခြင်းမှ ကင်းဝေးစေရန်အတွက် ၁ မဂ္ဂါဝပ်ခန့် ဓာတ်အားပေးလျော့ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရဲနွယ်ဓာတ်အားပေးစက်ရုံမှ ၂၀ မဂ္ဂါဝပ်ခန့် ထုတ်နိုင်ပါက ဒိုက်ဦး၊ ဖြူးမြို့များတွင်သုံးသည့် ၂၇ မဂ္ဂါဝပ်အတွက် ထပ်မံလိုအပ်သည့် ၇ မဂ္ဂါဝပ်ခန့်ကို Main Transformer မှ ဖြတ်သန်းပေးရသော အခြေအနေသည် ရဲနွယ်ဓာတ်အားပေးစက်ရုံဝင်နေပါက Transformer ကြီး Over Load မဖြစ်ပါကြောင်း၊ မိမိတာဝန် စပြီးတာဝန်ထမ်းဆောင်ရပြီး နောက်ပိုင်းတွင် လုပ်ငန်းခွင်များသို့ ခရီးထွက်ပြီး စစ်ဆေးသည့် အခါ အထက်ပါအကြောင်းအရာကို သိရှိခဲ့ရပါကြောင်း။

ထိုသို့သိရှိခဲ့သည့်အတွက်ကြောင့် ထပ်မံ၍ အမြန်ဆုံးဖြေရှင်းရန် ဖြူးဖီဒါဓာတ်အားပေးထားသည့် 10 MVA ဖြူးဓာတ်အားခွဲရုံကို ၄-၁၀-၂၀၁၆ ရက်နေ့မှစပြီး ၂၃၀ ကေဗွီ တောင်ငူ ပင်မဓာတ်အားခွဲရုံမှ ဓာတ်အားပေး ထားသော ဇေယျဝတီဖီဒါပေါ်ကို ပြောင်းလဲပြီး ဓာတ်အားပေးခဲ့သည့်အတွက် မူလက ဖြူးဖီဒါအပေါ်၌ သုံးထားသော ၅ မဂ္ဂါဝပ်ဝန်အားသည် သာယာကုန်းခွဲရုံပေါ်မှ လျော့နည်းသွားပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိ အခြေအနေတွင် ရဲနွယ်ဓာတ်အားပေးစက်ရုံက ဓာတ်အားထုတ်လုပ်နိုင်ခြင်းမရှိသည့်အချိန်တွင် သာယာကုန်းခွဲရုံ၌ ဝန်အားပိုခြင်းမရှိတော့ဘဲ Partial Load Shed ဆောင်ရွက်ခြင်းမရှိတော့ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် သာယာကုန်း ပင်မ ဓာတ်အားခွဲရုံမှ ဓာတ်အားပေးထားသော မြို့နယ်၊ ကျေးရွာများကို ယခုထက်ပိုမိုပြီး လျှပ်စစ် ဓာတ်အားပေးနိုင်ရန်အတွက် သာယာကုန်း ပင်မဓာတ်အားခွဲရုံတွင်ရှိသော 30 MVA Tarnsformer နေရာ၌ 60 MVA Transformer ဖြင့် ၂၀၁၇-၁၈ ခုနှစ်အတွင်း အစားထိုး စီစဉ်တပ်ဆင်သွားရန် စီစဉ်ဆောင်ရွက်ထား ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။