နိုင်ငံတစ်ဝှမ်းတွင်ရှိသည့် တည်းခိုခန်းငယ်လေးများကို ယင်းတို့နှင့်သက်ဆိုင်သည့်
စည်ပင်သာယာရေးကော်မတီများက ညွှန်ကြားချက်များကို ယခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလများတွင် ထုတ်ပြန်ပြီး ပေးပို့ခဲ့သည် ကို တွေ့ရှိရပါကြောင်း၊တည်းခိုခန်းများတွင် နိုင်ငံခြားသားများ မတည်းခိုနိုင်ရန်အတွက် ၎င်း တို့နားလည်မှုမရှိစေရန် တည်းခိုခန်း၏ အမည်များကို မြန်မာဘာသာဖြင့် ပြောင်း လဲချိတ်ဆွဲထားရန်ဆိုခြင်း ဖြစ်ပါကြောင်း၊ အခြားဖွံ့ဖြိုးဆဲနိုင်ငများ၊ အိမ်နီးချင်းနိုင်ငံများတွင် နိုင်ငံခြားသား Tourist များအတွက် BNB ဟုခေါ်သည့် Bed and Breakfast များသာမက Home Stay ဟုခေါ်သည့် ပုံစံမျိုးများ ခွင့်ပြုနေသည့် အချိန်တွင် မိမိတို့နိုင်ငံမှာ ရှိပြီးသားတည်းခိုခန်းများ တည်းခိုခွင့်မပြုနိုင်အောင်၊ တည်းခိုခန်းမှန်းမသိနိုင်အောင် ပုံဖျက်ထားရမလိုဖြစ်နေပါကြောင်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းတိုးတက်ရန်အတွက်လည်း ရင်လေးစရာဖြစ်လာပါကြောင်း၊
ထို့ကြောင့် ယခုလိုအင်မတန်နားလည်ရခက်သည့် ညွှန်ကြားချက်မျိုးကို မည်သည့်အတွက်ကြောင့် ထုတ်ပြန်ရသနည်း ဆိုသည်ကို ဆက်လက်လေ့လာသည့်အခါ နိုင်ငံတွင် ဟိုတယ် သို့မဟုတ် တည်းခိုခန်းများ ဖွင့်လှစ် ဆောင်ရွက်ရန်အတွက် လုပ်ငန်းလိုင်စင်များ လျှောက်ထားခြင်းနှင့် ခွင့်ပြုခြင်းများကို ဌာနနှစ်ခုမှလုပ်ကိုင် ဆောင်ရွက်ခြင်းကို တွေ့ရှိရပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၊ သက်ဆိုင်ရာမြို့၏ စည်ပင်သာယာရေး ကော်မတီများ ဖြစ်ပါကြောင်း၊ ယေဘုယျအားဖြင့် ပြောရမည်ဆိုလျှင် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပေးသည့် (ဟ) လိုင်စင်ဆိုလျှင် နိုင်ငံခြားသားများတည်းခိုခွင့်ရမည်၊ စည်ပင်သာယာရေး ကော်မတီက ထုတ်ပေးသည့် လိုင်စင်ဆိုလျှင် ပြည်တွင်း၌ နေထိုင်သည့်သူများ တည်းခိုခွင့်ရမည်ဟု ယေဘုယျအားဖြင့် သတ်မှတ်ထားခြင်း ဖြစ်ပါကြောင်း၊ တူညီသည့် ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ လိုင်စင်လျှောက်ထားမှုကို မတူညီသည့် ဌာနနှစ်ခုက ခွဲခြားလျှောက်ထားခွင့်ပြုချက်ရယူနေခြင်း၏ အကျိုးဆက်ဖြစ်ပါကြောင်း၊ လျော်ကန်မှုလည်းမရှိသကဲ့သို့ ချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်းများ၏ မတူညီမှုကြောင့် လုပ်ငန်းပိုင်းဆိုင်ရာတွင်လည်း ထိန်းသိမ်းရန်အတွက်၊ ကြီးကြပ်ရန်အတွက် အခက်အခဲတွေ့စေပါကြောင်း၊
ထို့အပြင် တာဝန်ခံဝန်ကြီးဌာန တစ်ခုရှိပြီးဖြစ်ပါလျက် အခြားဌာနတစ်ခုမှ သီးခြားခွင့်ပြုချက်ပေးရန် အခွင့်အာဏာရှိနေခြင်းသည် စီမံခန့်ခွဲရာတွင် အခက်အခဲဖြစ်စေရုံမျှမက လာဘ်ပေးလာဘ်ယူမှုကိုလည်း ဖြစ်ပေါ်စေရန်အတွက် တွန်းအားပေးနေသကဲ့သို့ ဖြစ်နေပါကြောင်း၊ ထို့ကြောင့် နေရာဒေသတစ်ခုတွင် တည်းခိုခန်းဖွင့်ရန်အတွက် မသင့်တော်သဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနမှ လိုင်စင်ထုတ်မပေးခြင်းကို မြို့၏စည်ပင်ထံသွားပြီး လုပ်ငန်းလိုင်စင်မရရအောင် နည်းမျိုးစုံသုံးပြီး တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်နေခြင်းကို တွေ့ရှိရပါကြောင်း၊ စည်ပင်တာဝန်ခံ ဝန်ကြီးဌာန (Focal Ministry) ရှိနေပါလျက်နှင့် ယင်းဌာန၏ လုပ်ငန်းများကို ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်နေသည်မှာ ဌာနချင်းပေါင်းစပ် ညှိနှိုင်းခြင်းဟု ခေါ်ရမည်မဟုတ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ခရီးသွားဥပဒေအသစ်ကို ရေးဆွဲပြီးမှ ၂၀၁၇ ခုနှစ်တွင် ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းဆောင်ရွက် နေသည်မှာလည်း မိမိတို့သိရှိရပါကြောင်း၊ နိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် ယခုကဲ့သို့ ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကြိုးပမ်းနေသည့် အချိန်တွင် အထက်မှဖော်ပြခဲ့သလို အင်မတန်နားလည်ရခက်သည့် ညွှန်ကြားချက်မျိုးများ ထပ်မံထုတ်ပြန်ခြင်းမျိုး မဖြစ်ပေါ်စေရန်အတွက် ဟိုတယ်နှင့်တည်းခိုခန်းဆိုင်ရာ လိုင်စင်များကို သက်ဆိုင်ရာဝန်ကြီးဌာန တစ်ခုမှ တာဝန်ယူလုပ်ကိုင် ဆောင်ရွကရန် လိုအပ်ပါကြောင်း၊
ထို့အပြင် ဝန်ကြီးဌာနက သတ်မှတ်ထားသည့် (ဟ) လိုင်စင်၊ (တ) လိုင်စင် အစရှိသည်များမှာ လက်တွေ့တွင် မလုံလောက်ခြင်းများကို တွေ့ရှိရပါကြောင်း၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းအစရှိသဖြင့် မည်ကဲ့သို့ နာမည်ဖြင့်သုံးသုံး တိကျသည့် အဆင့်အတန်း သတ်မှတ်ချက်များချမှတ်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် ပြုမည်ဆိုပါက ဟိုတယ်လုပ်ငန်းက ပိုမိုတိုးတက်လာမည် ဖြစ်သည့်အပြင် နိုင်ငံ့ဘဏ္ဏာငွေများလည်း တိုးပွားရရှိလာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့တော် စည်ပင်သာယာရေး ကော်မတီများမှ လုပ်ငန်းလိုင်စင်များ ခွင့်ပြုနေခြင်းကို ပယ်ဖျက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဟိုတယ် နှင့် တည်းခိုခန်းလုပ်ငန်းများ လျှောက်ထားခြင်း၊ ခွင့်ပြုခြင်းတို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာန Focal Ministry ဖြစ်သော ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတစ်ခုတည်းကသာ တာဝန်ယူဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။
ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနအနေဖြင့် တည်ဆဲမြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေးဥပဒေ၊ ခရီးသွားလာရေး ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ ဟိုတယ်နှင့်တည်းခိုရိပ်သာလုပ်ငန်း လိုင်စင်ဆိုင်ရာ အမိန့်တို့နှင့်အညီ ဟိုတယ်လုပ်ငန်းလိုင်စင် (ဟ-လိုင်စင်) နှင့် တည်းခိုရိပ်သာလုပ်ငန်း လိုင်စင် (တ-လိုင်စင်) ကို ခွင့်ပြုပေးလျက်ရှိပါကြောင်း၊
မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားလာရေး ဥပဒေပုဒ်မ ၈ အရ ဟိုတယ်လုပ်ငန်း သို့မဟုတ် တည်းခိုရိပ်သာလုပ်ငန်း လုပ်ကိုင်လိုသည့် ပြည်သူများသည် လုပ်ငန်းစီမံချက် စတင်အကောင်အထည် မဖော်မီ ကြိုတင်ပြီး ခွင့်ပြုချက်ရရှိရန် ဝန်ကြီးဌာနသို့ သတ်မှတ်ထားသည့် နည်းလမ်းများနှင့်အညီ လျှောက်ထားရမည်ဖြစ်ပြီး ထိုသို့ လျှောက်ထားချက်ကို ခွင့်ပြုချက်ရရှိပြီးမှ ဟိုတယ်တည်း ခိုရိပ်သာလုပ်ငန်းကို ဆောက်လုပ်ပြီး ဟိုတယ်လုပ်ငန်း သို့မဟုတ် တည်းခိုရိပ်သာလုပ်ငန်းအတွက် လိုင်စင်ရရန် လျှောက်ထားယူရမည် ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး ဥပဒေပုဒ်မ ၁၃ တွင် တည်းခိုရိပ်သာလုပ်ငန်းနှင့် စပ်လျဉ်း၍ တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ နိုင်ငံခြားသားများ၊ ဧည့်သည်များ အတွက်ဖြစ်စေ၊ ပြည်တွင်းခရီးသည်များနှင့် နိုင်ငံခြားသားခရီးသည်များ နှစ်မျိုးလုံးအတွက်ဖြစ်စေ၊တည်းခိုရိပ်သာလုပ်ငန်း လုပ်ကိုင်လိုသူသည် ဤဥပဒေအရသာ လိုင်စင်လျှောက်ထား ရမည်ဟု ပြဋ္ဌာန်းထားသဖြင့် နိုင်ငံခြားသားခရီးသည်များကို လက်ခံဆောင်ရွက်ရမည့် တည်းခိုရိပ်သာများသည် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနတွင် တည်းခိုရိပ်သာ လုပ်ငန်းလိုင်စင်ကို လျှောက်ထားရမည် ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ကြီး မေးမြန်းသည့် နိုင်ငံခြားသားများ၊ Tourists များသည် ယခုအခါ မြန်မာပြည်ကို စတင်ဝင်ရောက်လာပြီ ဖြစ်ပါကြောင်း၊ Tours များ၏ သဘောသဘာဝက တန်ဖိုးနည်းနေရာများတွင် တည်းဖို့ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးတွင် တည်းခိုခန်းများကို စည်ပင်သာယာက ဖွင့်လှစ်ပေးထားသည့် တိုင်းရင်းသားများ အတွက် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားများအတွက် ဖြစ်သည့်နေရာတွင် Backed Travelers များက ၎င်းတို့ အစီအစဉ်ဖြင့် သူတို့ Online Booking မှ ၎င်း လုပ်ငန်းရှင်များနှင့် Booking တင်ပြီးမှလာရောက် တည်းခိုခြင်းဖြစ်ပါကြောင်း၊ ယခုလိုမျိုးတည်းခိုနေခြင်းကို ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက ဝန်ကြီးတစ်ယောက်အနေဖြင့် သိရှိရသည့်အခါ တည်းခိုသည့်လူများ၏ ဧည့်စာရင်းပို့ခြင်း မှန်ကန်မှုရှိ/မရှိ၊ တည်းခိုသည့် ဧည့်သည်များဆီမှ ရရှိသည့်ငွေအပေါ် ရန်ကုန်တိုင်းဒေသကြီးအစိုးရက အခွန်ငွေကောက်ခံရရှိခြင်းရှိ/မရှိ။ စုံစမ်းလိုက်သည့်အခါ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ဒီကိစ္စနှင့်ပတ်သက်၍ အခွန်ငွေရရှိခြင်းမရှိပါကြောင်း၊ ၎င်း ကိစ္စကိုလည်း ဂဃနဏမသိပါကြောင်းကို ပြောသည့်အတွက် တိုင်းရင်းသားတည်းခိုရိပ်သာ ဖြစ်ရမည့် တည်းခိုခန်းများတွင် ကွဲပြားသွားအောင် မြန်မာစာဖြင့် တိုင်းရင်းသားများ တည်းခိုရန်ဖြစ်သည့်အတွက် မြန်မာစာနှင့် တည်းခိုခန်း၏နာမည်ကို ရေးပါကြောင်း၊ နိုင်ငံခြားသားများ တည်းခိုရန်၊ တည်းခိုမှုမရှိစေရန်အတွက် ၎င်းနာမည်များကို အင်္ဂလိပ်စာနှင့် မရေးရန် ကန့်သတ်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ ယခုလို ကန့်သတ်လိုက်ရသည့်အတွက် အခု Back Travelers များ တည်းနေသည့် တည်းခိုခန်းများသည် ရန်ကုန်တိုင်းစည်ပင်သာယာမှလာပြီး လျှောက်လွှာလာတင်ပါကြောင်း၊ ယခုဆိုလျှင် ၄၂ လုံးရှိပြီး ထို ၄၂ လုံးသည် Running Order တွင်ရှိနေပြီး ခွင့်ပြုချက်ပေးထားခြင်းမျိုး မဟုတ်ပါကြောင်း၊ နားလည်မှုဖြင့်သာ လုပ်နေခြင်းဖြစ်ပါကြောင်း၊ နောက်ထပ်လည်း စည်ပင်သာယာတွင် ၂၂ လုံး လျှောက်ထားဆဲ ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်ရက်သတ္တတစ်ပတ်က ရန်ကုန်တိုင်းအစိုးရ၊ ဟိုတယ်ဝန်ကြီးနှင့် မြို့တော်ဝန်တို့ ပူးပေါင်းပြီး တည်းခိုခန်းများကိုသွားပြီး လေ့လာဆန်းစစ်ခဲ့ပါကြောင်း၊ ဆန်းစစ်ခဲ့သည့်အခါတွင် (တ)လိုင်စင်ပေးထားသည့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသည့် စံချိန်စံနှုန်းနှင့် မည်သို့မျှမကိုက်ညီပါကြောင်း၊ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန၏စံနှုန်းက တည်းခိုရိပ်သာ အတွက် အိပ်ခန်းအကျယ်အဝန်းသည် တစ်ယောက်အိပ်ခန်း အလျား ၁၀ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၉ ပေ၊ နှစ်ယောက်အိပ်ခန်းအတွက် အလျား ၁၂ ပေ၊ အနံ ၁၀ ပေ၊ အမြင့် ၉ ပေ၊ အိပ်ခန်းနှင့်တွဲလျက် ပါရှိရမည့် ရေချိုးခန်းနှင့် အိမ်သာသည် အလျား ၆ ပေ၊ အနံ ၆ ပေ၊ အမြင့် ၉ ပေ သို့မဟုတ် အလျား ၇ ပေ၊ အနံ ၅ ပေ၊ အမြင့် ၉ ပေရှိရန်လိုပါကြောင်း၊ ယခုမှာ Common Bed Basic ဖြစ်ပါကြောင်း၊ ရန်ကုန်တွင် သွားရောက်စစ်ဆေးသည့်အခါ အိပ်ခန်းများက စုပေါင်းအိပ်ပြီး အခန်းတစ်ခန်းထဲတွင် နှစ်ထပ်ခုတင်ဖြင့် ခြောက်ယောက်အိပ်ခြင်းမျိုးလည်းရှိပါကြောင်း၊ ရှစ်ယောက်အိပ်ခြင်းမျိုးလည်းရှိပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့်တိုင်ပင်ပြီး အခန်းများကို ပြန်တိုင်းတာပြီးမှ မည်သို့မည်ပုံခွင့်ပြုပေးမည်ကို မိမိတို့စဉ်းစားဆောင်ရွက်နေပါကြောင်း၊ ဟိုတယ်နှင့်တည်းခိုခန်း လိုင်စင်ထုတ်ပေးသည့် ဝန်ကြီးဌာနရှိပါလျက်နှင့် မည်သည့်အတွက်ကြောင့် မြန်မာတည်းခိုခန်းကို နိုင်ငံခြားသားများ တည်းခိုရန်အတွက် စံချိန်စံညွှန်းနှင့် ကိုက်ညီရန် ဧည့်စာရင်းတိုင်ရန်နှင့် ကျန်းမာရေးရှုထောင့်ကအစ ထိန်းသိမ်းရန်လိုအပ်ပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စရပ်များအပေါ် လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပြီးပြုပြင်ဆောင်ရွက်ရန် အစည်းအဝေးခေါ်ယူရန်အတွက် စီစဉ်ထားရှိကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဦးဖြိုးဇေယျာသော် (ခ) ဇေယျာသော် (ဇမ္ဗူသီရိမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းပါသည်။
မိမိအဓိကမေးမြန်းချင်သည်မှာ ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာနကြီးရှိနေလျက် အခြားသောမြို့တော်၏ စည်ပင်သာယာရေးများကို လုပ်ငန်းလိုင်စင်ချပေးသည့် အတွက်ကြောင့် ယခုကဲ့သို့ ပြဿနာများ တွေ့ကြုံနေရသည်ဟု ယူဆပါကြောင်း၊ ထို့ကြောင့် အဆိုပါကိစ္စများကို ဝန်ကြီးဌာနအနေဖြင့် သီးသန့်ကိုင်တွယ် ဆောင်ရွက်မည်ဆိုပါက ကြုံတွေ့နေရတဲ့အခက်အခဲများကို ရင်ဆိုင်ကျော်လွှားသွားနိုင်သည်ဟု ယူဆသဖြင့် မေးရခြင်းဖြစ်ပါကြောင်း၊ ယခုလုပ်ငန်းငယ်လေးများကို ပိတ်သိမ်းပြစ်ရန် မဟုတ်ဘဲ မြို့တော်စည်ပင်သာယာရေးကော်မတီများက ချထားပေးသော လုပ်ငန်းလိုင်စင်များကို သက်ဆိုင်ရာဝန်ကြီးဌာနကတစ်ဆင့် အဆင့်အလိုက်လွှဲပြောင်းရယူပြီး ဝန်ကြီးဌာနကသာလျှင် တာဝန်ယူလုပ်ကိုင် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ ဆက်စပ်မေးခွန်းမေးမြန်းပါသည်။
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်
ဟိုတယ်ဝန်ကြီးဌာနကို တိုင်းရင်းသားတည်းခိုသည့် တည်းခိုခန်းပိုင်ရှင်များက နိုင်ငံခြားသားများ တည်းခိုခွင့် ပြုစေလိုပါကြောင်း လျှောက်ထားလာပါက အကြံဉာဏ်ပေးခြင်းနှင့် အဆင့်မြင့်စေခြင်းများကို ပြုလုပ်စေပြီး (တ) လိုင်စင်ကိုပဲ နိုင်ငံခြားသားတည်းခိုခွင့် ခွင့်ပြုထားပါကြောင်း၊ ယခုနှစ်တွင် ၁၄ လုံးခွင့်ပြုပြီး နောက်ထပ်လည်း ခွင့်ပြုရန် အဆင်သင့်ရှိပါကြောင်း၊ ၎င်း ကိစ္စကို တစ်တိုင်းတစ်ပြည်လုံးတစ်ပြေးညီဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
