(ဆ)-ချောက်မြို့ရှိ(၂၅)ခုတင်ဆံ့ပြည်သူ့ဆေးရုံကို ခုတင်(၅၀)ဆံ့တိုးချဲ့ဆောက်လုပ်ခြင်းနှင့်လင်းတ ကိုင်းတိုက်နယ်ဆေးရုံဆောက်လုပ်ခြင်းတို့အတွက် ၂၀၁၇ခု၊မတ်လ(၃၁)ရက်နေ့မတိုင်မီအပြီးဆောက် လုပ်ပေးရန်နှင့်စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၂၁.၁၂.၂၀၁၆)

ဦးဘိုကြီး(ချောက်မဲဆန္ဒနယ်)ချောက်မြို့နယ်အတွက် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ခွင့်ပြုချက်ရရှိထားသည့် ငွေလုံးငွေရင်းအသုံးစရိတ်များ အချိန်မီစနစ်တကျ သုံးစွဲဆောက်လုပ်ပြီးစီးရန် အစီအစဉ်အား သိလိုပါကြောင်း၊ ငွေလုံးငွေရင်း ခွင့်ပြုဘတ်ဂျက်ငွေရယူရာတွင် မလွယ်ကူကြောင်း ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်သူ့ဝန်ထမ်းများအားလုံး သိရှိပြီးဖြစ်ပါကြောင်း၊ ခွင့်ပြုဘဏ္ဍာရေးနှစ်တွင် အချိန်မီ ပြီးစီးအောင် မလုပ်သဖြင့် ခွင့်ပြုငွေများကို ပြန်လည်အပ်နှံရခြင်းနှင့် နောင်ဘဏ္ဍာရေးနှစ်တွင် အသုံးပြုရန် ခွင့်ပြုချက်တောင်းခံရခြင်းသည် သတ်မှတ်ကာလအတွင်း ပြီးစီးစေရန်အခက်အခဲများ အမှန်တကယ်ရှိနေ မည်ဖြစ်ပါကြောင်း၊ ဘတ်ဂျက်ရေးဆွဲခြင်း၊ ခွင့်ပြုငွေများသုံးစွဲခြင်းကိစ္စရပ်များသည် ယခုတစ်နှစ်၊ နှစ်နှစ် အတွင်း၌ တွေ့ကြုံလုပ်ကိုင်ဆောင် ရွက်ရခြင်း မဟုတ်ပါကြောင်း၊ အောက်ခြေပြည်သူ့ဝန်ထမ်းများမှ အထက်အဆင့်ဆင့် တာဝန်ရှိဝန်ထမ်းများအထိ နှစ်ပေါင်းများစွာကတည်းက ဆောင်ရွက်ခဲ့ပြီး အတွေ့အကြုံရှိဝန်ထမ်းများ ဖြစ်သည်ဟု ယူဆပါကြောင်း၊ သို့သော် မည်သည့်အတွက်ကြောင့် ခက်ခဲနေပြီး အချိန်မီပြီးစီးအောင်လုပ်နိုင်ခြင်းမရှိသည်ကို သိရှိလိုခြင်း၊ ပြည်သူများကိုယ်စား ပြည်သူကခန့်အပ် ထားသည့် တာဝန်ပေးထားသော ပြည်သူ့ဝန်ထမ်းများဖြစ်၍ ကြိုးစားပြီးဆောင်ရွက်ကြစေလိုပါကြောင်း၊ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သည့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကို ၂၅-၁-၂၀၁၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ထုတ်ပြန်ခဲ့ ပါကြောင်း၊ ယခုအခါ ဘတ်ဂျက်ကာလ (၁၂) လတွင် (၈လခွဲ)ကုန်ဆုံးပြီး (၃လခွဲ)သာ ကျန်ရှိပါကြောင်း၊ အဆောက်အဦဆောက်လုပ်ရန် တင်ဒါခေါ်သည့်ပိတ်ရက်သည် နိုဝင်ဘာလကုန်ဟု သိရှိရပါကြောင်း၊ ယခင်စနစ်ဟောင်းပုံစံများအတိုင်း မဟုတ်ဘဲ ပြောင်းလဲချိန် တန်ပြီဖြစ်သည့်အတွက် လုပ်ငန်းအချိန်မီ စနစ်တကျပြီးစီးအောင် သတ်မှတ်ထားသည့် စည်းမျဉ်းဥပဒေများ နှင့်အညီ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံတွင်  ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ မသုံးစွဲ ဖြစ်သော ငွေလုံးငွေရင်းပြန်အပ်ငွေသည် ၂၀၁၆ ခုနှစ် အောက်တိုဘာလအထိ စာရင်းများအရ ကျပ်သန်း ပေါင်း ၁၂၆၇ ဘီလီယံ ရှိပါကြောင်း၊ ပြန်အပ်ငွေများကြောင့် မူလအတည်ပြုထားသည့် လိုငွေပြဘတ်ဂျက် ကိန်းဂဏန်းများကို စာရင်းပြန်လည်ရေးဆွဲပြီး ပြည်သူများသို့ပွင့်လင်းမြင်သာစွာ ရှင်းလင်းဖော်ပြမှုကို မတွေ့ရှိရပါကြောင်း၊ World Bank, ILF, EU, Business Institute စသည့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် လွှတ်တော်ကိုယ်စားလှယ်များဆွေးနွေးခြင်း၊ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်ခြင်းတို့မှတဆင့် ကောင်းမွန်သော ဘတ်ဂျက်စနစ်များ ပေါ်ပေါက်စေရန်  ညှိနှိုင်းဆောင်ရွက်နေကြပါကြောင်း၊ အမှန်တကယ် ဘတ်ဂျက်ငွေများ အချိန်မီစနစ်တကျ ရရှိသုံးစွဲခြင်းသည် မိမိတို့တိုင်းပြည်ရှိ ပြည်သူ့ဝန်ထမ်းများ၏ စိတ်ဓာတ်၊ကြိုးစားမှု၊ စေတနာထားမှု အလွန်အရေးကြီးသကဲ့သို့ အချို့တာဝန်ရှိခေါင်းဆောင်များမှလည်း အမှန်တကယ် မတတ်ကျွမ်းဘဲ လွဲမှားနေသည့် စိတ်ဓာတ်များကို ရှောင်ရှားပြီး ကြိုးနီစနစ်ကို အသုံးမပြုဘဲ ပြည်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊အရပ်ဖက်အဖွဲ့အစည်းများ၊ပညာရှင်များ၊တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများနှင့် ပူးပေါင်းပြီး ဘတ်ဂျက်ငွေများကို ထိထိရောက်ရောက် သုံးစွဲစေလိုပါကြောင်း၊ ခွင့်ပြုဘတ်ဂျက် အတိုင်း ဆေးရုံများပြီးစီး‌အောင် ဆောင်ရွက်နိုင်ပါက ချောက်မြို့နယ်ရှိ ပြည်သူများ အခြားမြို့များသို့ သွားရောက်ကုသရန်မလိုဘဲ မိမိဒေသတွင် ကုန်ကျစရိတ်သက်သာပြီး ကျန်းမာရေး ကောင်းမွန်အောင် ကုသနိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မကွေးတိုင်းဒေသကြီး ၊ ချောက်မြို့ရှိ ပြည်သူ့ဆေးရုံ ကို၂၅ ခုတင်ဆံ့ဆေးရုံမှ ခုတင် ၅၀ ဆံ့ဆေးရုံတိုးချဲ့လုပ်ငန်းအတွက် ကျပ်သိန်း ၃၀၀၀ နှင့် လင်းတကိုင်းတိုက်နယ်ဆေးရုံဆောက်လုပ်ခြင်း ကျပ်သိန်း ၃၉၀၀ တို့အတွက် ၂၀၁၇ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့မတိုင်မီ စံချိန်စံညွှန်းနှင့်အညီ အပြီးဆောက်လုပ်နိုင်ရန် လုပ်ငန်းအစီအစဉ်များ သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင်‌့ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် ၂၅ ခုတင်အား ခုတင် ၅၀ ဆံ့အဖြစ် အဆင်‌့မြှင့်ရန်အတွက် နှစ်ထပ်တိုးချဲ့ဆောင် ၁၅၀ ပေ x ၅၆ ပေဆောက်လုပ်ခြင်းနှင့် ရေ၊ မီးရရှိရန် ဆောင်ရွက်ခြင်းလုပ်ငန်းအား စီမံကိန်းတန်ဖိုးကျပ်သန်း ၄၂၀ လျာထားပြီး ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၃၀၀ ခွင့်ပြုမိန့်ရရှိထားပြီးဖြစ်ပါကြောင်း၊ ကျန်လိုအပ်ငွေကျပ်သန်း ၁၂၀ အား ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထားပြီးဖြစ်ပါကြောင်း၊

ချောက်မြို့နယ်၊ လင်းတကိုင်းတိုက်နယ်ဆေးရုံ စံကိုက်ဆောက်လုပ်ခြင်း လုပ်ငန်းအား စီမံကိန်း တန်ဖိုး ကျပ်သန်း ၆၅၀ လျာထားပြီး ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ်သန်း ၃၉၀ ခွင့်ပြု မိန့်ရရှိထားပြီးဖြစ်ပါကြောင်း၊ ထပ်မံ၍ ကျပ်သန်း ၂၅၀ ကို ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ထည့်သွင်းလျာထား ပြီးဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်း နှစ်ခုသည် ၂၀၁၆-၁၇ နှင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်များတွင် ဆောင်ရွက်ရမည့် နှစ်ဆက်လုပ်ငန်းများဖြစ်ပါကြောင်း၊ စီမံကိန်းနှင်‌့ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၃၁-၃-၂၀၁၆ ရက်စွဲပါစာအရ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် ရန်ပုံငွေ ခွဲဝေချထားရာတွင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ဝန်ကြီးဌာနများ ပြောင်းလဲဖွဲ့စည်းမည်ဖြစ်ပါသဖြင့် မသုံးစွဲလျှင်မဖြစ်သည့် လစာ၊ စရိတ်စသည့် သာမန်အသုံးစရိတ်များကိုသာ သုံးစွဲရန်ညွှန်ကြားထားပါကြောင်း၊ မိမိအနေဖြင့် ၎င်းဘတ်ဂျက်ကို ၁-၉-၂၀၁၆ ရက်စွဲတွင် အတည်ပြုရရှိပြီး သုံးစွဲခွင့်ရပါကြောင်း၊ ကုသရေးဦးစီးဌာနမှ လည်း ၁၆-၉-၂၀၁၆ ရက်စွဲပါစာဖြင့် မကွေးတိုင်းဒေသကြီးကုသရေးဦးစီးဌာနသို့ တစ်ပတ်အတွင်း ရန်ပုံငွေ ခွဲဝေချထားလိုက်ပါကြောင်း၊ ယခုအခါ လုပ်ငန်းများအား မကွေးတိုင်းဒေသကြီး ကုသရေးဦးစီးဌာနမှ တင်ဒါခေါ်ယူ၍ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ရွေးချယ်လျက်ရှိပြီး ဆောက်လုပ်ရေးလုပ်ငန်းများကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ပထမအပတ်တွင် စတင်ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ် တွင်ပါဝင်သော ရန်ပုံငွေ အရ ချောက်မြို့နယ်ပြည်သူ့ဆေးရုံနှစ်ထပ်တိုးချဲ့ ဆောက်လုပ်ခြင်းလုပ်ငန်းသည် လုပ်ငန်းတစ်ခုလုံး၏ ၇၁.၄၂ ရာခိုင်နှုန်းပြီးစီးရမည်ဖြစ်ပြီး လင်းတကိုင်းတိုက်နယ်ဆေးရုံ စံကိုက်ဆောက်လုပ်ခြင်းလုပ်ငန်းသည် ၆၀ ရာခိုင်နှုန်းပြီးစီးရမည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများ၏ ပါဝင်သော ရန်ပုံငွေနှင့် ကိုက်ညီသောပြီးစီးမှုကို ပြီးစီးအောင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် အကယ်၍ မပြီးစီးပါက ပိုလျှံရန်ပုံငွေကိုလည်း မိမိတို့  ပြန်လည်အပ်ရမည် ဖြစ်ပါကြောင်း၊

 ထို့ကြောင့်  မိမိအနေဖြင့် တင်ပြချင်သည်မှာ ကျွမ်းကျင်မှုပိုင်းဆိုင်ရာများကို အချိန်ပေးပြီးလုပ်ဆောင်ရာတွင် ဆောက်လုပ်ရေး လုပ်ငန်းများကို လုပ်ဆောင်ပါကြောင်း၊ အကယ်၍သာ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ရသည့် ဆောက်လုပ်ရေးလုပ်ငန်းများအတွက် ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ပြီးဆုံးမှုရာခိုင်နှုန်းကို အခြေခံပြီး ငွေပေးချေရမည်‌့စနစ် မဟုတ်ဘဲ ဘဏ္ဍာနှစ်ကုန်ပြီး ၃ လ သို့မဟုတ် ၆ လခန့်ပိုလျှံငွေအား ပြန်လည်အပ်နှံခြင်းမပြုဘဲ သက်တမ်းတိုးပေးမည်ဆိုပါက ဆေးရုံဆောက်ခြင်းလုပ်ငန်း၊ အဆင့်မြှင့်ခြင်း လုပ်ငန်း အားလုံးသည် အချိန်မီပြီးစီး၍ ပိုမိုအဆင်ပြေ လာနိုင်မည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားပါသည်။