(စ)-ကျောက်ကြီးမြို့နယ်၊မုန်းဒေသတိုက်နယ်ဆေးရုံ မှ ပြောင်းရွှေ့သွားသောဆရာဝန်နေရာ၌ ပြန်လည် အစားထိုးခန့်အပ်ပေးရန်အစီအစဉ် ရှိ၊ မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၂၁.၁၂.၂၀၁၆)

ဦးမြင့်ငွေ(ကျောက်ကြီးမဲဆန္ဒနယ်)မိမိတင်ထားသောမေးခွန်းမှာ ၄-၁၀-၂၀၁၆ ရက်ဖြစ်ပြီး ၁၄-၁၂-၂၀၁၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းတိုက်နယ်ဆေးရုံတွင် လက်ထောက်ဆရာဝန်အား တာဝန်ခံ ဆရာဝန်အဖြစ် မုန်းတိုက်နယ်ဆေးရုံကို ပြောင်းရွှေ့တာဝန် ထမ်းဆောင်ခဲ့စေကြောင်း သိရှိရ ပါကြောင်း၊ ကျောက်ကြီးမြို့နှင့် မုန်းဒေသတွင် ကျေးရွာအုပ်စု ၁၁ အုပ်စုရှိပြီး ဒေသအတွင်း ပြည်သူ အားလုံးသည် ကျန်းမာရေးစောင်‌့ရှောက်မှုအတွက် မုန်းတိုက်နယ်ဆေးရုံကိုသာ အားကိုး အားထား ပြုနေကြရပါကြောင်း၊ ယခုလက်ရှိ ဆေးရုံထက်ကုသခံနေရသူ လူနာ ၂၀ ဦးမှ ၂၅ ဦးခန့်ရှိပြီး တစ်နေ့လျှင် ပြင်ပလူနာပျမ်းမျှ ၁၀ ဦးခန့် ကုသမှုခံယူလျက်ရှိပါကြောင်း၊၁-၃-၂၀၁၆ တွင် ဆရာဝန်ကြီး ဒေါက်တာနေဇော်လင်း ပြောင်းရွှေ့သွားပြီးနောက် ယနေ့အထိ ဆရာဝန် ရောက်ရှိလာခြင်း မရှိသေးပါကြောင်း၊ ထို ၁၀ လအတွင်း အထက်တန်းသူနာပြုတစ်ဦး၊ သူနာပြု ၃ ဦးနှင့် အထွေထွေလုပ်သား ၃ ဦးတို့ဖြစ်သာ လည်ပတ်လုပ်ကိုင်နေကြရပါကြောင်း၊ မြို့နယ်ဆေးရုံကြီးတွင်လည်း TMO အပါအဝင် ဆရာဝန် ၂ ဦးသာရှိပြီး မုန်းတိုက်နယ်ဆေးရုံသို့ ၁ ဦးကို တွဲဖက်လုပ်ကိုင်နေခဲ့ပါကြောင်း၊ သို့သော်လည်း တွဲဖက်ပေးထားသော လက်ထောက်ဆရာဝန် မအားလပ်သည့်အချိန်အခါ သင်တန်းသွားနေရသည့်အခါများတွင် မုန်းတိုက်နယ်ဆေးရုံ၌ ဆရာဝန်လုံးဝမရှိတော့ပါကြောင်း၊  ယင်းအခြေအနေများကြောင့် မုန်းဒေသ ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် စိုးရိမ်ပူပန်နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ကျောက်ကြီးမြို့နယ် မုန်းဒေသတိုက်နယ် ဆေးရုံမှ  ပြောင်းရွှေ့သွားသော ဆရာဝန်နေရာ၌ ပြန်လည်အစားထိုး ခန့်အပ်ပေးသည့် ဆရာဝန်သည် မည်သည်‌့အချိန်တွင် လာရောက် တာဝန် ထမ်းဆောင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင်‌့ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့်  ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မုန်းတိုက်နယ်ဆေးရုံအတွက် လိုအပ်လျက်ရှိသော လက်ထောက်ဆရာဝန်တာဝန်ခံ ဆရာဝန် တစ်ဦး၊ အမျိုးသမီးဆရာဝန်တစ်ဦး ဆမနံပါတ်လည်းပါပါကြောင်း၊ ကုသရေးဦးစီးဌာန၏ ၁၂-၁၂-၂၀၁၆ ရက်စွဲပါ စာအမှတ်၊ ၃(မကက) ၂၀၁၆/ ၁-၃၀၂ ဖြင့် ခန့်အပ်ပြီးဖြစ်ပါကြောင်း၊ ထိုသို့ ခန့်အပ်ရာတွင် ၎င်းတို့အနေဖြင့် ၂၁ ရက်အတွင်း သွားရပါကြောင်း၊ ၂၁ ရက်အတွင်း ရောက်မရောက်ကိုလည်း တိုင်းဦးစီးမှူးကို အကြောင်းကြားပါကြောင်း၊ မရောက်ပါက မိမိတို့ လိုအပ်သလို ဆက်လက်ဆောင်ရွက်မည်ဖြစ်ပါကြောင်းနှင့် အရေးတယူသေချာကြည့်ရှုပြီး ဆရာဝန်ရောက်စေရန် တာဝန်ခံပါကြောင်း ရှင်းလင်းကြားပါသည်။