(င)-ဟင်္သာတမြို့ ပြည်သူ့ဆေးရုံတွင်ဆောက်လက်စ တိုးချဲ့ဆေးရုံ(၄)ထပ် အဆောက်အဦအား ဆက် လက်ဆောက်လုပ်ရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၂၁.၁၂.၂၀၁၆)

ဦးခင်မောင်ရီ(ဟသာၤတမဲဆန္ဒနယ်)ဟင်္သာတပြည်သူ့ဆေးရုံကြီးဝင်းအတွင်း၌ တိုးချဲ့လေးထပ် လူနာဆောင် ဆောက်လုပ်ရန်အတွက် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ် ၂၂-၁၀-၂၀၁၅ ရက်နေ့တွင် စတင်ပြီး ACE ကုမ္ပဏီ လီမိတက်က သူ့၏ လက်အောက်ခံကုမ္ပဏီဖြစ်သော မြန်မာ့လုပ်ငန်းကွန်ယက် ဖွံ့ဖြိုးတိုးတက်မှုအုပ်စု ကုမ္ပဏီ လီမိတက် တာဝန်ယူဆောက် လုပ်ခဲ့ပါကြောင်း၊ တည်ဆောက်ခြင်းလုပ်ငန်းများအားလုံး တန်ဖိုးမှာ ကျပ်သန်းပေါင်း ၇၈၀ ဖြစ်ပါကြောင်း၊ လုပ်ငန်းများ တာဝန်ယူဆောင်ရွက်ခဲ့ရာတွင် ၂၅ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီး ဖြစ်ပါကြောင်း၊ လုပ်ငန်းပြီးစီးမှုအရ လုပ်ငန်းတန်ဖိုး၏ ၂၅ ရာခိုင်နှုန်းဖြစ်သည့် တန်ဖိုး ကျပ်သန်းပေါင်း ၁၉၅ သန်းကို ထုတ်ယူပြီး ဖြစ်ပါကြောင်း၊

ဆောက်လုပ်ခြင်း လုပ်ငန်းများကို ၂၀၁၅ ခုနှစ် ဧပြီလနောက်ပိုင်း သြင်္ကန်ပြီးကာလမှ ယခုအချိန်အထိ ရပ်ဆိုင်းထားခဲ့ပါကြောင်း၊ရပ်ဆိုင်းရသည့် အကြောင်းအရင်းများကို စုံစမ်းကြည့်ရာ ခွင့်ပြုရန်ပုံငွေ ဆက်လက်ချထားပေးခြင်းမရှိဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ဟင်္သာတမြို့ ပြည်သူ့ဆေး ရုံကြီးဝင်းအတွင်း၌ ဆောက်လက်စတိုးချဲ့လေးထပ် အဆောက်အဦအား ဆက်လက်ဆောက်လုပ်ရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည်‌့အချိန်တွင် ဆက်လက်ဆောက်လုပ်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ဆေးရုံတွင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တိုးချဲ့ လေးထပ်ဆောင် ဆောက်ရန်အတွက် MBD ကုမ္ပဏီကို ကျပ်သန်း ၇၈၀ ဖြင့် တင်ဒါ အောင်သွားပါကြောင်း၊ လုပ်ငန်းများကို တာဝန်ယူဆောက်လုပ်ပါကြောင်း၊ သို့သော် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်း ၁၀၀ ရာခိုင်နှုန်းပြီးစေရန် ရန်ပုံငွေ ခွင့်ပြုခဲ့ပါကြောင်း၊ သို့ရာတွင် ၂၅-၃-၂၀၁၆ ရက်နေ့တွင် ကျင်းပသော ကုသရေးဦးစီးဌာနမှူး၏ တာဝန်ယူဆောက်လုပ်သော ဆောက်လုပ်ရေးကုမ္ပဏီများ အစည်းအဝေးတွင် လုပ်ငန်းပြီးစီးမှုများကို မိမိတို့က  ရာခိုင်နှုန်း သတ်မှတ်ပြီး ဘဏ္ဍာငွေပေးချေပါကြောင်း၊ MBD ကုမ္ပဏီအနေဖြင့် ၃၅ ရာခိုင်နှုန်းသာ ပြီးစီးပါကြောင်း၊ မိမိတို့အနေဖြင့် ၃၅ ရာခိုင်နှုန်းနှင့် ညီမျှသော ကျပ် ၂၇၃ သန်း ပေးချေပြီး ကျန်ရန်ပုံငွေများကို လုပ်ထုံးလုပ်နည်းအရ ပြန်အပ်လိုက်ရပါကြောင်း၊ ထို့ကြောင့် ပြန်အပ်ငွေကို  ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် မိမိတို့ တောင်းသော်လည်း အချိန်မီမရခြင်းကြောင့်လည်းကောင်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ထပ်ပြီး ဖြည်‌့စွက်တွင်လည်း တောင်းပါကြောင်း၊ သို့သော် မိမိတို့ မရပါကြောင်း၊ ဆေးရုံတိုးချဲ့ လေးထပ်ဆောင် ဆောက်လုပ်ခြင်းကို ဆက်လက်ဆောင်ရွက်နိုင်ရန် မိမိတို့ အားမလျှော့ပါကြောင်း၊ ထို့ကြောင့်  ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် လျာထားစာရင်းများ ရန်ပုံငွေ ၅၀၇ သန်းကို တောင်းထားပါကြောင်း၊ ရန်ပုံငွေ ၅၀၇ သန်း ရမည်ဆိုပါက အမြန်ဆုံး ဆောက်လုပ်ပြီး  အမြန်ဆုံးပြီးစီးစေရန် အာင် ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။