(ဃ)-မူဆယ်မြို့ ခုတင်၁၀၀ဆေးရုံ မြေနေရာအ တွက်မူလလျာထားသတ်မှတ်ပေးခဲ့သည့်မြေဧရိယာ အကျယ်အဝန်းအတိုင်းပြန်လည်ထားရှိပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့ (၂၁.၁၂.၂၀၁၆)

ဦးစိုင်းဖိုးမြတ်( မူဆယ်မဲဆန္ဒနယ်)နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအစိုးရလက်ထက် နိုင်ငံတော်ဝန်ကြီးချုပ်၏ ၁၉-၃-၂၀၀၄ ရက်နေ့နှင့် ၂၀-၃-၂၀၀၄ ရက်နေ့ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေခရီးစဉ်အတွင်း နိုင်ငံတော်ဝန်ကြီးချုပ်မှ မူဆယ်မြို့ ကောင်းမှုတုံရပ်ကွက်၊ ဟိုနားရပ်၊ မြို့ပတ်လမ်းအနီး ခုတင် ၁၀၀ ဆံ့ဆေးရုံအသစ်ဆောက်လုပ်ရန် မြေဧရိယာ ၁၃.၇၄၆ ဧကကို သတ်မှတ်လမ်းညွှန်ခဲ့ပါကြောင်း၊ ၎င်းအချိန်တွင်မူဆယ်ပြည်သူ့ဆေးရုံသည် ၂၅ ခုတင်ဆံ့ဆေးရုံဖြစ်ပါကြောင်း၊ မူဆယ်မြို့ခုတင် ၁၀၀ ဆံ့ ဆေးရုံဆောက်လုပ်ရန် မူဆယ်ခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ၁၅-၇-၂၀၀၅ ရက်နေ့ နှင့် ၅-၄-၂၀၀၇ ရက်နေ့များတွင် ရှမ်းပြည်နယ်မြောက်ပိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေး ကောင်စီ သို့ရန်ပုံငွေတင်ပြတောင်းခံခဲ့သော်လည်း ရန်ပုံငွေချထားပေးခြင်းမရှိသဖြင့် ယခုတိုင်ခွင့်ပြု လျာထားသည့်မြေနေရာတွင် ဆေးရုံအသစ်ဆောက်လုပ်နိုင်ခြင်းမရှိသေးပါကြောင်း၊ အဆိုပါ ခုတင် ၁၀၀ ဆေးရုံ မြေနေရာ ၁၃.၇၄၆ ဧကအနက် မြို့နယ်စစ်မှုထမ်းဟောင်းအိမ်ရာအတွက် မြေဧရိယာ ၄.၆၈၂ ဧကနှင့် ပုဂ္ဂလိက သို့ မြေပေးအမိန့်ဖြင့် ၁.၁၃ ဧကတို့ကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီအစိုးရလက်ထက် ၂၇-၁-၂၀၁၁  ရက်နေ့တွင်လည်းကောင်း၊ ယခင်အစိုးရ သက်တမ်းတွင် သိန်းသန်းချီကုမ္ပဏီတို့ကို မြေဧရိယာ ၂.၉၃၁ ဧကကို ၂၀၁၃ ခုနှစ်တွင်လည်းကောင်း၊ မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်ကောလိပ်တော်အရာရှိမှ ၎င်းမြေကိုခွဲစိတ်ချထား ပေးခဲ့သည်ဟုသိရှိရပါကြောင်း၊ ယခုလို မြို့နယ်ကျန်းမာရေးလုပ်ငန်းနှင့် သက်ဆိုင်ခြင်းမရှိသည့် လူပုဂ္ဂိုလ်၊ ကုမ္ပဏီအဖွဲ့အစည်းများ ကို ပြန်လည်ခွဲစိတ်ချထားပေးခဲ့ခြင်းသည် ပြည်သူ့ကျန်းမာ‌ရေး စောင့်ရှောက်မှု လုပ်ငန်းတိုးမြှင့်ဆောင်ရွက်နိုင်ရန် လိုအပ်ချက်ဖြစ်သည့် မြေနေရာရရှိရေးကို မျက်ကွယ်ပြုခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ခွဲစိတ်ချပေးခဲ့ခြင်းကြောင့် မူဆယ်မြို့နယ် ခုတင် ၁၀၀ ဆေးရုံ အသစ်အတွက် မြေဧရိယာ ငါးဧကခန့်သာ ကျန်ရှိမည်ဖြစ်ပါကြောင်း၊

ယခုအခါ မူဆယ်မြို့နယ်တွင် လူဦးရေ အဆမတန်များပြားလာခြင်းတို့ကြောင့် မြို့နယ် အတွင်းရှိ ပြည်သူအများအတွက် ကျန်းမာရေးဝန်ဆောင်မှုလိုအပ်ချက်အရ လက်ရှိခုတင် ၁၀၀ ဆံ့ ဆေးရုံ နှင့် လုံလောက်မှုမရှိပါကြောင်း၊ ယခုလက်ရှိတွင် နေ့စဉ်လူနာ ၁၄၀ ကျော် အတွင်းလူနာအဖြစ် တက်ရောက်ကုသလျက်ရှိပါကြောင်း၊ ထို့ကြောင့် မူဆယ်ခရိုင်၊ ကျန်းမာရေးဦးစီးဌာနမှ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာနသို့ ခုတင် ၁၀၀ ဆံ့ဆေးရုံအဖြစ်သို့တိုးမြှင့်ပေးရန် တင်ပြတောင်းခံထား သဖြင့် လက်ရှိကျန်ရှိသည့်မြေနေရာအကျယ်အဝန်းဖြင့် ဆေးရုံအသစ် ဆောက်လုပ်ရန် အခက်အခဲရှိ မည် ဖြစ်ပါကြောင်း၊

ကျန်ရှိသည့်ဆေးရုံမြေနေရာငါးဧကခန့်၏ အနောက်မြောက်အရပ်ရှိ မြေ ၃.၈၅၉ ဧက ခန့်ကို ဆေးရုံမြေနေရာအဖြစ် ထပ်မံလျှောက်ထားရန် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများမှ စီစဉ်နေသော်လည်း ၎င်းမြေဧရိယာသည် မူလလျာထားသတ်မှတ်ထားသည့် ဆေးရုံမြေနေရာနှင့် တစ်ဆက်တစ်စပ်တည်းမရှိခြင်း၊ မြေမျက်နှာပြင်အနိမ့်အမြင့်ညီညာမှုမရှိဘဲ လျှိုမြောင်များပါဝင်နေ သဖြင့် အဆင်မပြေနိုင်ပါကြောင်း၊ သို့ဖြစ်ပါ၍ မူဆယ်မြို့နယ် ခုတင်(၁၀၀)ဆေးရုံမြေနေရာအတွက် ၂၀၀၄ ခုနှစ်က သတ်မှတ်လျာထားပေးခဲ့သည့် မြေဧရိယာ ၁၃.၇၄၆ ဧကအနက် မြေဧရိယာဧက သုံးပုံတစ်ပုံခန့်ကို ပုဂ္ဂလိကနှင့် အခြားအဖွဲ့အစည်းများကို ခွဲစိတ်ချထားပေးခဲ့ခြင်းအား ပျယ်ဖျက် ပေးရန်နှင့် မူလလျာထားသတ်မှတ်ပေးခဲ့သည့် မြေဧရိယာအကျယ်အဝန်း အတိုင်းပြန်လည်ထား ပေးနိုင်ခြင်း ရှိ/မရှိ ကိုသိရှိလိုပါကြောင်းနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလတွင် ဆောင်ရွက် ပေးမည်ကို လည်းကောင်း၊ အစီအစဉ်မရှိပါက  အဘယ်ကြောင့်မဆောင်ရွက်ပေးနိုင် သည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးရှမ်းပြည်နယ်၊ မူဆယ်မြို့ ခုတင် ၁၀၀ ခရိုင်ဆေးရုံဖြစ်ပါကြောင်း၊  ၂၀၁၆ ခုနှစ် ဇွန်လအထိ စာရင်း ဇယားများ အရတော့ ဆေးရုံအတွင်းလူနာ ၇၉ ဦးခန့်ရှိပါကြောင်း၊ ၁၄၀ ဦးမရှိသေးပါကြောင်း၊ ပြင်ပလူနာ ၃၁ ဦးခန့်ရှိပါကြောင်း၊ သို့သော် ၎င်းဆေးရုံတွင် အထူးကုဆရာဝန် ခုနစ်ဦး၊ လက်ထောက်ဆရာဝန် ၁၄ ဦး၊ သူနာပြု ၅၈ ဦးဖြင့် ကျန်းမာရေးဝန်ဆောင်မှု များပေးနေသည့်အတွက် အခြားဆေးရုံများနှင့် ယှဉ်ကြည့်ပါက ကောင်းမွန်သည့် အခြေအနေ ဖြစ်ပါကြောင်း၊ မူဆယ်ဆေးရုံတွင် အတွင်းလူနာဦးရေသည် လွန်ခဲ့သည့် ငါးနှစ်အတွင်း တိုးလာခြင်း၊ ဆေးရုံ Performance အခြေအနေများတက်လာခြင်း သို့မဟုတ် တစ်နေ့ပျမ်းမျှအတွင်းလူနာဦးရေ ၁၀၀ ကျော်၊ ၁၅၀ ဦးရေဖြစ်နေခြင်း၊ ဆေးရုံခုတင်ခွင့်ပြုအသုံးချနှုန်းသည် ၁၀၀ ရာခိုင်နှုန်းကျော် ၁၅၀ ဖြစ်နေခြင်း၊ ပျမ်းမျှဆေးရုံတက်သည့်ရက်မှ ၁၀ ရက်ထက်မပိုခြင်း၊ ဆေးရုံမြေနေရာရှိမည်ဆို ပါက မိမိတို့အနေဖြင့် တိုးပေးမည်ဖြစ်ပါကြောင်း၊

မူဆယ်ဆေးရုံသည် မြေအကျယ်အဝန်း ၄.၉၆၆ ဧကရှိပြီး အခွန်လွတ်မြေဂရန်ရရှိ ထားပြီးဖြစ်ပါ ကြောင်း၊ မြေနေရာအသစ်တွင် ခုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံတည်ဆောက်ရန်အတွက် မြို့ပတ်လမ်း ရှိ မြို့နယ်အားကစားကွင်းအနီးရှိ ဧရိယာ ၁၃.၇၄၆ မြေဧကအား ၂၀၀၄ ခုနှစ် နိုင်ငံတော်ဝန်ကြီးချုပ် ခရီးစဉ်တွင်  ပေးခဲ့သော်လည်း မိမိတို့စာရင်းဇယားများကို ပြန်လေ့လာသည့်အခါ အခြားအသင်းအဖွဲ့ အစည်းများကို ပေးလိုက်သဖြင့် ငါးဧကသာ ကျန်ရှိပါကြောင်း၊ သို့သော် ရှမ်းပြည်နယ်အစိုးရမှ ၂၀၁၅ ခုနှစ်တွင်  ဆေးရုံမြေနေရာအတွက် ထပ်မံချထားပေးမည့်မြေဧရိယာ ၃.၈၅၉ ဧက ပေါင်းလိုက်ပါက ၈.၈၅၉ ဧကဖြစ်သွားပါကြောင်း၊ သို့သော်လည်း ၎င်း ၃.၈၅၉ ဧကကို စစ်မှုထမ်းဟောင်းအဖွဲ့ နေအိမ်ဆောက်လုပ်ရန်လည်းမြေနေရာ၊ ခရိုင်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီကို ဝ.၈၂၆ ဧကပေးထားပါကြောင်း၊  လမ်းမြေဧရိယာမှ ဝ.၆၃၃ ဧကရှိသည့်အတွက်  ကျန်သည့်မြေဧက ၁.၀၈၀ ဧကကိုလည်း မောက်ခေါင်မောင်ကုမ္ပဏီမှ ရေသန့်စက်ရုံဆောက်လုပ်ရန် ပေးထားသည်ကို တွေ့ရှိရပါကြောင်း၊    ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၄-၂-၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၁၃၄၂/၅-၁၇၀/ အစရ(ရှမ်း)ဖြင်‌့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ တင်ပြချက်အရ ဆေးရုံချထားမြေနေရာ အနောက် မြောက်ဘက် ကပ်လျက်ရှိသည့် မြေကွက်များအား  ဆေးရုံလျာထားမြေနေရာအဖြစ် သတ်မှတ် ဧရိယာတွင် ပါဝင်သောမြေနေရာအား မြန်မာ့အလင်းသတင်းစာတွင် ပယ်ဖျက်မည် ဖြစ်ပါကြောင်း၊ တရားဝင်ကြော်ငြာ၍ ပယ်ဖျက်ခဲ့ရသည့်ပိုင်ရှင်များ အခြားသင့်တော်သောမြေနေရာများ ချထားပေးရန် ပြည်ထောင်စုအစိုးရသို့ ၂၀၁၅ ခုနှစ်တွင် တင်ထားပါကြောင်း၊ သို့သော် ယခုအချိန်ထိ ၎င်းစာသည် ပြန်ကျလာခြင်းမရှိသေးပါကြောင်း၊ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်တွင် ကုသရေးဦးစီးဌာနအနေဖြင်‌့ မူဆယ်ခရိုင်ပြည်သူ့ဆေးရုံ ခုတင် ၁၀၀ ကို လေးထပ်လူနာဆောင်ဆောက်လုပ်ရန်အတွက် ကျပ်သန်း ၈၀၀ ပါရှိပြီးဖြစ်သဖြင့် လက်ရှိမြေနေရာ ငါးဧကပေါ်တွင် ဆေးရုံအဆောက်အဦဆောက်လုပ်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနကို မိမိတို့ အပ်ထားပါကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းများလည်း စနေပြီဖြစ်ပါကြောင်း၊ မူလရွေးချယ်ပေးခဲ့သည့်မြေနေရာများအနက် ပုဂ္ဂလိက အဖွဲ့အစည်းများသို့ ပေး ထားသောမြေနေ ရာကို ပြန်လည်ရရှိရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဆောင်ရွက်ပေး၍ မရနိုင်ပါကြောင်း၊ ထပ်မံလျာထားပေးသောမြေဧရိယာ ၈.၈၅၉ ဧကအကျယ်အဝန်းရရှိရေးအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ်မှ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြထားသည့်၎င်းစာအား စုံစမ်း စစ်ဆေးပြီး မြေနေရာရရှိမည်ဆိုပါက  ခုတင် ၁၀၀ မှ ၂၀၀ ဆောက်သင့်သည့်ကိစ္စကို စဉ်းစားမည်ဖြစ်ပါကြောင်း၊ ခုတင် ၂၀၀ ကိုတိုးမယ်ဆိုပါက မြေဧရိယာ ၁၅ / ၂၀ ဧကလောက်လိုပါကြောင်း၊ မိမိတို့ ၈ ဧက သာရ၍ ဆောက်မည်ဆိုပါက ဝန်ထမ်းအိမ်ရာများ မရရှိခြင်း၊ ၎င်းကိစ္စ များဖြစ်နိုင်သည့်အတွက် သေချာ ပြန်လည်ဆန်းစစ်ရမည် ဖြစ်ပါကြောင်းဖြေကြားခဲ့ပါသည်။