မေးခွန်း အကြောင်းအရာ
မိုးမိတ်ပြည်သူများသည် အများအားဖြင့် တောင်သူလုပ်ငန်းနှင့် အသက်မွေးဝမ်း ကျောင်းသူများ ဖြစ်ကြ ပါကြောင်း၊ လွန်ခဲ့သည့် ငါးနှစ်ခန့်ကစတင်၍ မိုးကုတ်မြို့တွင် စက်ယန္တရားကြီးများကို အသုံးပြုပြီး ကျောက်တူးဖော်နေခြင်းများကြောင့် ကျောက်ဆေးရေများသည် မိုးမိတ်မြို့နယ် ထဲသို့ ပန်တန်းချောင်း၊ ရေတံခွန်ချောင်း၊ ကင်းချောင်းစသည့် ချောင်းရေများမှ တစ်ဆင့် လယ်ယာ မြေထဲသို့ အဆက်မပြတ် စီးဝင်နေသောကြောင့် လယ်ယာမြေဧကပေါင်း ၂၁၅၈ ဧကနှင့် ယာမြေ ဧကပေါင်း ၄၀၅ ဧက ပျက်စီးနေပါကြောင်း၊ မန္တလေး-တွင်းငယ်-မိုးမိတ်လမ်းကို ဆက်သွယ် ပေးထားသည့် ကင်းချောင်းတံတားသည် နွံများတက်နေမှုကြောင့် တံတား၏အမြင့်ပေသည် ခြောက်ပေသာရှိတော့ပါကြောင်း၊ ထို့ပြင် ကင်းချောင်းများရေများသည် အ.လက(ခွဲ)ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကိုလည်း ဖြတ်သန်းစီးဆင်ဝင်ရောက်နေပါကြောင်း၊ လယ်ယာ မြေများတွင်လည်း ဝင်ရောက်လာသည့် နုန်းများကို ဖော်ထုတ်ပြီး အသုံးပြုနေရပါကြောင်း၊
မိမိတို့ တိုင်းပြည်သည် စိုက်ပျိုးရေးကို အခြေခံခြင်း၊ ဆန်ကို အဓိကအားထား စားသုံးခြင်းတို့ကြောင့် လယ်မြေဧကများကို ထပ်မံမဖော်ထုတ်နိုင်ခြင်းမရှိဘဲ မိုးကုတ်မြို့၏ ကျောက်လုပ်ကွက်ကြောင့် လယ်ယာမြေများ ပျက်စီးဆုံးရှုံးနေမှုကို မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
မိုးကုတ်မြို့သည့် ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၃၈၆၀ ခန့်တွင်တည်ရှိပြီး မိုးရေချိန်လက်မ နှစ်စဉ် ၁၀၂ လက်မအထိ ရရှိသည့်အတွက် မိုးရေချိန်များသည့် ဒေသတွင် ပါဝင်ပါကြောင်း၊ ပန်ဒါန်း ချောင်းသည် မိုးကုတ်မြို့နယ် ချောင်းကြီးဟိုဝိုင်းသျှို့၊ မားနား၊ ကျောက်ဝါကနေ စီးဆင်းပြီး မိုးမိတ် မြို့နယ်၊ နမီကျေးရွာ၊ ပန်ဒါန်းကျေးရွာ၊ မိုးကောင်းဦးကျေးရွာများက ဖြတ်သန်းပြီး နမ့်မိတ်ချောင်း အတွင်း ပေါင်းဆုံပါကြောင်း၊ ကင်းချောင်းသည် မိုးကုတ်မြို့နယ်နှင့် ကင်းရွာတွင် စတင်ပြီး မိုးမိတ် မြို့နယ်၊ သစ်ဆိမ့်ကုန်းကျေးရွာအုပ်စု၊ ကျေးရွာများအနီး ဖြတ်သန်းကာ မိုးမိတ်မှ စီးလာသည့် နမ့်မိတ်ချောင်းအတွင်းသို့ ဝင်ရောက်ကာ ရွှေလီမြစ်ထဲသို့ စီးဝင်သွားပါကြောင်း၊
အဆိုပါ ချောင်းများ၏ ချောင်းကြမ်းပြင်မြင့်တက်လာခြင်းဟာ (၁) မိုးတွင်းကာလ ရေတိုက်စား မှုကြောင့် တောင်ပြိုခြင်း၊ (၂) အမှိုက်သရိုက်များ ချောင်းအတွင်းသို့ စွန့်ပစ်ခြင်း၊ (၃) ချောင်း အတွင်းပိတ်တန်းများပြုလုပ်၍ ရေအားလျှပ်စစ် လယ်ရေပေးဝေရေး အစရှိသည်တို့ကို ဆောင် ရွက်ခြင်း၊ (၄) ကျောက်မျက်လုပ်ကွက်များမှ မုံကနယ်၊ သဲနုန်းများအချို့ ချောင်းအတွင်း နှစ်စဉ် စီးဝင်နေခြင်းတို့ကြောင့် တိမ်ကောလာခြင်းဖြစ်ပါကြောင်း၊ ၂၀၁၄-၂၀၁၅ မိုးတွင်းကာလတွင် မိုးသည်းထန်စွာရွာသွန်းခဲ့သည့်အတွက် မိုးကုတ်မြို့နယ်အတွင်း လူသုံးဦးသေဆုံးပြီး၊ ခြောက်ဦး ဒဏ်ရာရရှိခြင်း၊ လူနေအိမ် ၃၂ လုံးပြိုကျပြီး ၃၃ လုံးပျက်စီးခြင်း၊ ဘာသာရေး အဆောက်အအုံ တစ်လုံး၊ တံတားခုနစ်စင်း၊ လမ်းရှစ်ခု၊ မိုးစပါးကိုးဧက၊ ရေပိုက်လိုင်း ၂၄ ခုနှင့် ချောင်းရေကာတာ နှစ်ခုပျက်စီးခြင်း၊ မိုးမိတ်မြို့နယ်အတွင်းကျေးရွာရှိ လယ်ယာများနှင့် ကင်းချောင်းရွာ အ.ထ.က(ခွဲ) စာသင် ကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်း၊ ပဒါန်းကျေးရွာ ဘုန်းကြီးကျောင်း၏ ခြံစည်းရိုး အုတ်တံတိုင်း ၄၅ တိုင်တို့ ပျက်စီးခဲ့ပါကြောင်း၊
၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ကျောက်မျက်တူးဖော်ရေးဌာန (မိုးကုတ်)က ညွှန်ကြားရေးမှူးဦးဆောင်သည့်အဖွဲ့သည် အဆိုပါ ပျက်စီးခဲ့သည့်နေရာများကို သွားရောက် စစ်ဆေးပြီး ပဒါန်းကျေးရွာ ဘုန်းကြီးကျောင်း၏ ခြံစည်းရိုးပြုပြင်ရန်အတွက် ကုန်ကျငွေ ၂၆ သိန်းကို လှူဒါန်းခဲ့ပါကြောင်း၊
မိုးကုတ်မြို့ ကျောက်မျက်တူးဖော်ရေး ဆောင်ရွက်ရာတွင် နုန်းကနယ်များသည် မိုးမိတ်ဘ မြို့နယ်အတွင်းရှိ ချောင်းများအတွင်းကို ပျက်စီးမှုကျရောက်မှုမရှိစေရန်နှင့် ကင်းချောင်း၊ ချောင်းကြီးချောင်း၊ မာနားကျောက်ဝါချောင်းတို့ကို ရေစီးရေလာကောင်းမွန်ရန်အတွက် ဆောင်ရွက် မည့် အစီအစဉ်များကို ၂၀၁၅ ခုနှစ်၊ မေလ ၂၁ ရက်နေ့ရေးဆွဲတင်ပြခဲ့ပါကြောင်း၊ ထို့နောက် (၅/၂၀၁၅) ကြီးကြပ်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးမှ အဆိုပါအစီအစဉ်ကို ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါကြောင်း၊ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ လုပ်ငန်းစီမံချက်များကို ချောင်းများ အတွင်း ရှင်းလင်းရေးလုပ်ငန်းကို အဆင့်(၅)ဆင့် ခွဲပြီး ဆောင်ရွက်လျက်ရှိပါကြောင်း၊
(၁) ၁-၁-၂၀၁၆ မှ ၃၁-၁-၂၀၁၆ ရက်နေ့အထိ သက်ဆိုင်ရာလုပ်ကွက်များအလိုက် ရေကြည်ကန်၊ နုံးစုကန်များ စနစ်တကျ ဆောင်ရွက်ပြီး ရေကြည်ကိုသာ ချောင်းများအတွင်း စီးဝင်နိုင်ရန်အတွက် ဆောင်ရွက်သွားရန်၊
(၂) ၁-၂- ၂၀၁၆ မှ ၂၈-၂-၂၀၁၆ ရက်နေ့အထိ ကင်းချောင်း၊ ချောင်းကြီး ချောင်း၊ မာနားကျောက် ဝါချောင်းတို့ကို စီးဝင်လျက်ရှိသော ချောင်းလက်တက်များကို ရှင်းလင်းခြင်း၊
(၃) ၁-၃-၂၀၁၆ မှ ၃၁-၃-၂၀၁၆ ရက်နေ့အထိ ကင်းချောင်း၊ ချောင်းကြီး ချောင်း၊ မာနား ကျောက်ဝါချောင်း အလယ်ပိုင်းကို ရှင်းလင်းခြင်း၊
(၄) ၁-၄-၂၀၁၆ မှ ၃၀-၄-၂၀၁၆ ရက်နေ့အထိ ကင်းချောင်း၊ ချောင်းကြီးချောင်း၊ မာနား ကျောက်ဝါချောင်း၏ အလယ်ပိုင်းကို ထပ်မံ ရှင်းလင်းခြင်း၊
(၅) ၁-၅-၂၀၁၆ မှ ၃၀-၅-၂၀၁၆ ရက်နေ့အထိ ကင်းချောင်း၊ ချောင်းကြီးချောင်း၊ နမ္မေကျာက်ရာ ချောင်းအောက်ပိုင်းကို ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊
ကျောက်မျက်တူးဖော်ရေးဌာန(မိုးကုတ်)က ဒုတိယညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများပါဝင်သည့် အဖွဲ့သည် ၁၈-၆-၂၀၁၆ ရက်နေ့တွင် မိုးကုတ်မြို့ကိုသွားရောက်ပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ရှမ်းပြည်နယ်လွှတ်တော် ကိုယ်စား လှယ်နှင့် မိုးမိတ်မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြေပြင်ကိုကွင်းဆင်းစစ်ဆေးခဲ့ပါ ကြောင်း၊ ထို့နောက် ၂၁-၆-၂၀၁၆ ရက်နေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာကိုယ်စားလှယ်များ မိုးကုတ်မြို့သို့ ရောက်ရှိပြီး ကျောက်မျက်တူးဖော်ရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးစီးအဖွဲ့နှင့်အတူ ချောင်းကြီး၊ ဟိုဝိုင်သျှို၊ ချောင်းကြီး အလယ်ရွာ၊ ချောင်းကြီးမားနားနှင့် ကျောက်ရွာကွက်သစ်ရှိ လုပ်ကွက်များနှင့် မိုးရာသီ တူးဖော်ခြင်း လုပ်ငန်းများကို ယာယီရပ်နားထားသည့် အခြေအနေနှင့် ကျောက်မျက်တူးဖော်မှု နုန်းစုကန်၊ မုံစစ် ကန်များပြုလုပ်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါကြောင်း၊ စစ်ဆေးတွေ့ရှိချက်အရ မိုးရာသီကာလတွင် ကျောက်မျက်တူးဖော်မှုလုပ်ငန်းများကို ယာယီ ရပ်ထားသော်လည်း နုန်းကနယ်များ တောင်ကျရေနှင့်အတူ မိုးမိတ်မြို့နယ်အတွင်းကို ရေတံခွန် ချောင်းအတွင်း စီးဝင်လျက်ရှိကြောင်း တွေ့ရှိရသည့်အတွက် ကြက်နဖကွက်ရပ် အောက်ဘက် ဘက်တွင် အလျား ၃၀ ပေ၊ အနံ ၃၀ ပေ၊ အနက် ၅ ပေခန့်ရှိ နုန်းစုကန်၊ မုံစစ်ကန်ငါးခုကို ပြုလုပ်ခဲ့ပါကြောင်း၊
ပဒါန်းချောင်း ကြမ်းပြင်နှိမ့်ချရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် ရှမ်းပြည်နယ်အစိုးရကို၊ တွက်ချက်တင်ပြထားသည်ကိုသိရှိရသော်လည်း ကွင်းဆင်း စစ်ဆေးတွေ့ရှိချက်အရ ခွင့်ပြုချက်မရမီ ပါဒါန်းချောင်းအား မြေသားတာပေါင် တင်ခြင်း ဆောင်ရွက်ပေးပါက လယ်ယာမြေအချို့ကို ပြန်လည်စိုက်ပျိုးနိုင်မယ့်အခြေအနေကို သိရှိရသည့် အတွက် ကျောက်မျက်ရတနာကုမ္ပဏီသုံးခုက Backhoe သုံးစီးနှင့် ကုမ္ပဏီများက စက်သုံးဆီများ လှူဒါန်းကာ အဆိုပါလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ နမီကျေးရွာ သုသာန်အနီး၊ ပဒါန်းချောင်း အနီးမှာ လယ်ယာမြေများကို ရေပေးသွင်းသည့် လက်ရိုက်ဆည်များကြောင့် ချောင်းကြမ်း ပြင် မြင့်တက်လာမှုဖြစ်ပေါ်နိုင်ခြင်းကို အခြားသင့်လျော်မယ့်နည်းလမ်းများဖြင့် ဆောင်ရွက်ပေးနိုင်ရန် အုပ်ချုပ်မှုတာဝန်ရှိပုဂ္ဂိုလ်များကို အကြံဉာဏ်ပြုထားခဲ့ပါကြောင်း၊
ထို့ကြောင့် မိုးကုတ်ရတနာမြေအတွင်း ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများကြောင့် မိုးမိတ်နယ်ရှိ ပဒါန်း ချောင်း၊ ရေတံခွန်ချောင်း၊ ကင်းချောင်းရေစီးရေလာကောင်းမွန်ရေးနှင့် နုန်းကနယ် ဝင်ရောက်မှု လျော့နည်းပပျောက်ရေးလုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးပါ ကြောင်းနှင့် မိုးကုတ်မြို့နယ်မှ မိုးမိတ်မြို့နယ်အတွင်းသို့ စီးဆင်းသော ကင်းချောင်းသည် ချောင်း အကျယ် ပေ ၄၀၀ ခန့်ရှိသောကြောင့် ချောင်းရှင်းလင်းရေး ဆောင်ရွက်ရန် လုပ်ငန်းများပြားပြီး ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်ကိုရယူကာ နိုင်ငံတော်အဆင့်ကသာ စီမံဆောင်ရွက် သင့်ပါကြောင်း ပြန်လည်ဖြေကြားပါသည်။
