မေးခွန်း အကြောင်းအရာ
ပင်လောင်းမြို့နယ်အတွင်း ကြိုးဝိုင်းကြိုးပြင်ကာကွယ်တော၊ ရေဝေရေလဲတောများ တောရိုင်းများကို ထိရောက်စွာ ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်လျက်ရှိသည့်အတွက် မြို့နယ်သစ်တော ဦးစီးဌာနရုံးဖွင့်လှစ်ပေးနိုင်ပါရန် ဖော်ပြမည့်အချက်အလက်များပေါ် မူတည်ပြီး (၁) ပင်လောင်းမြို့နယ်ကို ပြည်ထဲရေးဝန်ကြီးဌာန ၁၅-၁-၂၀၁၀ ရက်နေ့ နောက်ဆုံးထုတ်ပြန်သော အမိန့်ကြော်ငြာစာအရ မြို့ ၃ မြို့၊ ရပ်ကွက် ၁၉ ရပ်ကွက်၊ ကျေးရွာအုပ်စု ၂၅ အုပ်စုနှင့် ကျေးရွာပေါင်း ၄၃၂ ရွာဖြင့် ဖွဲ့စည်းထားပြီး ကလောမြို့နယ်၊ ညောင်ရွှေမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ နေပြည်တော်မြို့နယ်များနှင့် ထိစပ်လျက်ရှိသော မြို့နယ်တစ်မြို့နယ်ဖြစ်ပြီး တောင်နှင့်မြောက် မိုင်ပေါင်း ၅၇ မိုင်၊ အရှေ့နှင့်အနောက် မိုင်ပေါင်း ၇၀ ကျော် ရှည်လျားကျယ်ပြန့်သော မြို့နယ်တစ်နယ်ဖြစ်ခြင်း၊ (၂) မြို့နယ်အတွင်း ကြိုးဝိုင်းကြိုးပြင်ကာကွယ် တောဧကပေါင်း ၃၇၃၉၆၉ ဧက၊ တောရိုင်း ၂၁၄၉၃ ဧက၊ မြေရိုင်း ၃၀၇၂၁ ဧကနှင့် စိုက်ပျိုးခြင်း မပြုနိုင်သောမြေ ၁၂၀၅၆၆ ဧက ရှိခြင်းတို့ကြောင့် ကျယ်ဝန်းသော သစ်တောဧရိယာများ တည်ရှိနေခြင်း၊ (၃) မြန်မာပြည်အနှံ့ အလင်းရောင်ကိုပေးဆောင်နေသော လောပိတရေအားလျှပ်စစ် စက်ရုံအတွက် မိုးဗြဲဆည်ကို အဓိကရေအားဖြည့်ဆည်းပေးနေသော ဘီလူးချောင်းသည် ပင်လောင်းမြို့အနီးတွင် မြစ်ဖျားခံလျက် ရှိသည့်အပြင် အထက်ပေါင်းလောင်း၊ အလယ်ပေါင်းလောင်း၊ အောက်ပေါင်းလောင်းရေအား လျှပ်စစ်စက်ရုံများကိုလည်း ရေဖြန့်ဝေပေးလျက်ရှိသော ပေါင်းလောင်းချောင်းသည် ပင်လောင်းမြို့နယ် မြောက်ဖျားမှ မြစ်ဖျားခံပြီး ပင်လောင်းမြို့နယ်တစ်လျှောက် မြောက်မှတောင်သို့ ဖြတ်သန်းစီးဆင်းကာ ထင်ခြားသော လိန်းလီသံကြိုးတံတားကို ဖြစ်ပေါ်စေသည့်အပြင် ပေါင်းလောင်းချိုင့်ဝှမ်း တစ်ခုလုံးကိုလည်း ရေလှောင်ဧရိယာအဖြစ်သို့ တည်ရှိနေပြီးလည်းဖြစ်ပါကြောင်း၊ (၄) အဓိက အရေးကြီးသော ရေအားလျှပ်စစ်စက်ရုံများအတွက် ရေရှည်၊ ရေလှောင်မှုအင်အားသည် ပင်လောင်း မြို့နယ်အတွင်းရှိ ရေဝေရေလဲသစ်တောများ၊ ကြိုးဝိုင်းသစ်တောများပေါ်တွင် များစွာမူတည် တည်ရှိ နေခြင်း၊ (၅) တောင်ပေါ်နေတိုင်းရင်းသားတို့၏ ဓလေ့အရ ရွှေ့ပြောင်းတောင်ယာများစနစ်ကြောင့် သစ်တောများ ပြုန်းတီးမှုရှိနေခြင်းစသည့် အကြောင်းများကြောင့် သစ်တောများကို ကာကွယ် စောင့်ရှောက်ရန်၊ ပြုစုပျိုးထောင်ရန် လက်ရှိကလောမြို့နယ် လက်အောက်ရှိ တိနယ်အဖြစ်သာ ထားရှိထားခြင်းသည့် ကျင်းသည် ဝန်နှင့်အား မမျှသည်သာမက သိသာထင်ခြားလှပါကြောင်း၊ ထို့ကြောင့် ပင်လောင်းမြို့နယ်အား မြို့နယ်သစ်တောဦးစီးဌာနရုံး ဖွင့်လှစ်ပေးရန် လိုအပ်လျက် ရှိပါကြောင်း။
ပင်လောင်းမြို့နယ်အတွက် သစ်တောဦးစီးဌာနအား ကလောမြို့နယ်လက်အောက်ခံ တိနယ် အဆင့်သာ ထားရှိခြင်းမပြုဘဲ မြို့နယ်သစ်တောဦးစီးဌာနရုံး ဖွင့်လှစ်ပေးပြီး ဥပဒေအရ ဖွဲ့စည်းပုံ အပြည့်ဖြင့် ဖွင့်လှစ်ပေးနိုင်ရန်အစီအစဉ်ရှိ/မရှိနှင့် မည်သို့အစီအမံများဖြင့် ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။
ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ပင်လောင်းမြို့နယ်ရှိ ပေါင်းလောင်းသစ်တောကြိုးဝိုင်းသည် အကျယ်ဧရိယာအားဖြင့် ၃၈၂၉၆၂.၈၉ ဧကတည်ရှိသည့်အတွက် ပင်လောင်းမြို့နယ်အတွင်းရှိ ကြိုးဝိုင်း ကြိုးပြင်ကာကွယ်တောများနှင့် ရေဝေရေလဲနယ်မြေများကို ထိန်းသိန်းစောင့်ရှောက်နိုင်ရန် အတွက်နှင့် သစ်တောပြုစုပျိုးထောင်ခြင်းကို ထိရောက်စွာ၊ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် သစ်တော ဦးစီးဌာန(ပင်လောင်းမြို့နယ်)ကို ကလောမြို့နယ်လက်အောက်တွင် မထားဘဲ ယခုအခါ (ခ) အဆင့် မြို့နယ်အဖြစ်တိုးချဲ့ရန်အတွက် လုပ်ထုံးလုပ်နည်းများနှင့်အတူ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ပင်လောင်းအပါအဝင် တခြားမြို့နယ် စုစုပေါင်း ၃ ခုကိုလည်း မြို့နယ်(ခ)အဖြစ် အဆင့်တိုးမြှင့်ပေးပါရန် အထက်ဌာန အဆင့်ဆင့်များကိုလည်း တင်ပြရန်အတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ခွင့်ပြုချက်ရပါက ရရှိသည့်ဘဏ္ဍာရေးနှစ်တွင် စတင်ပြီး တိုးချဲ့ဖွဲ့စည်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
