မေးခွန်း အကြောင်းအရာ
ဗန်းမောက်မြို့နယ်၏ အကျယ်အဝန်းသည် ၈၄၄၆၆၈ ဧကရှိပြီး ကြိုးဝိုင်း ၂၁ ခု၊ ကြိုးပြင်ကာကွယ်တော ၇ ခု၊ အဆိုပြုကာကွယ်တော ၅ ခု၊ ကြိုးပြင်တော ၅ ခုနှင့် သစ်တောမြေစုစုပေါင်းသည် ၇၃၈၄၃၈ ဧက ရှိပါကြောင်း၊ သစ်တောလွှမ်းခြုံမှုသည် ၈၇.၄၂ ရာခိုင်နှုန်းနှင့် မြို့နယ်အတွင်းစိုက်ပျိုးမြေများဖြစ်သည့် လယ်မြေ၊ ယာမြေ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်မြေစုစုပေါင်းသည် ၃၇၁၁၇ ဧကရှိပြီး လူဦးရေ ၁၁၀၀၀၀ ကျော် ရှိသော်လည်း လယ်မြေဧက နည်းသည်ကိုတွေ့ရှိရပါကြောင်း၊
သစ်တောမြေများမှ အိမ်ခြေ ၅၀ အထက်နှင့် အိမ်ခြေ ၅၀ အောက်ဟူ၍ နှစ်ကြိမ်ခွဲပြီး စွန့်လွှတ်ခဲ့ရာ ပထမစွန့်လွှတ် လယ်မြေ၊ယာမြေ ၅၅၅၈ ဧက၊ ဒုတိယစွန့်လွှတ် လယ်မြေ၊ယာမြေ ၁၅၂၂ ဧက စုစုပေါင်း ၇၀၈၀ ဧက စွန့်လွှတ်ပြီး သစ်တောမြေမှစွန့်လွှတ်ရန်ကျန်ရှိသည်မှာ ၃၈၂၀ ဧက ကျန်ရှိနေသေးသည်ကို ထပ်မံပြုစုထားသော မြေစာရင်း မှတ်တမ်းများအရ သိရှိရပါကြောင်း၊
ကျန်ရှိနေသောတောင်သူအများစုသည် ၁၉၂၀-၁၉၄၀ ဝန်းကျင်ကပင် လုပ်ကိုင်စားသောက်နေသောသူ များဖြစ်ကြပြီး ခေတ်အဆက်ဆက် သီးနှံခွန်များ ပေးဆောင်ခဲ့သူများဖြစ်ကြပါကြောင်း၊ ယခုအချိန်တွင် သစ်တောကျူးကျော် တောင်သူများအဖြစ် သတ်မှတ်ခံရပါကြောင်း၊ သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ် တော သတ်မှတ်ရာတွင် မြေပြင်တွင်အမှန်တကယ်ရှိသော ရွာမြေ၊ သာသနာ့မြေ၊ သုဿာန်မြေများ၊ လယ်မြေ၊ ယာမြေများကို ချန်လှပ်ပြီး သတ်မှတ်ရမည်ဖြစ်သော်လည်း စားပွဲပေါ်ရှိမြေပုံဖြင့် သတ်မှတ်ခဲ့ကြ သဖြင့် ဤသို့နစ်နာမှုများ ဖြစ်ခဲ့ရခြင်းဖြစ်ပါကြောင်း၊ ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် သိမ်းဆည်း မြေ များနှင့် ပြည်သူများမနစ်နာစေရေးစုံစမ်းစစ်ဆေးရေးကော်မတီတို့ထံသို့ ဒေသတွင်းတောင်သူများ စုပေါင်း၍ သစ်တောမြေများ စွန့်လွှတ်ပေးပါရန် လက်မှတ်ရေးထိုးတောင်းဆိုခဲ့ရာ ပါထွန်ကြိုးပြင် ကာကွယ်တော၊ ကြောင်လယ်ကြိုးပြင်ကာကွယ်တော၊ မူးမြစ်ဖျားကြိုးပြင်ကာကွယ်တော အိမ်ခြေ ၅၀ အထက်၊ ၅၀ အောက် သစ်တောမြေ၏ လယ်ယာမြေပါဝင်မှုတစ်စိတ်တစ်ဒေသကို စွန့်လွှတ်ခဲ့သော်လည်း ပြန့်ကျဲလယ်ယာမြေ အများအပြားနှင့် လုံးဝမစွန့်လွှတ်သေးသော ကြိုဝိုင်း၊ ကြိုးပြင်ကာကွယ်တောများလည်း ကျန်ရှိနေ ပါကြောင်း၊ ထို့ပြင် ကြိုးပြင် ကာကွယ်တောအဖြစ် အသစ်အတည်ပြုမယ့် အဆိုပြုကာကွယ်တော ၅ ခု တွင် လယ်မြေ၊ ယာမြေများ ထပ်မံ ပါဝင်လာမည်ကို တောင်သူများ၊ လယ်သမားများ စိုးရိမ်နေကြပါကြောင်း၊
ထို့ကြောင့် (၁) ဗန်းမောက်မြို့နယ် အတွင်းရှိ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောအတွင်းကျရောက်နေသော လယ်မြေ၊ ယာမြေများကို သစ်တောမြေမှစွန့်လွှတ်ပေးနိုင်ပါရန် မည်သို့ဆောင်ရွက်ပေးမည်ကို လည်း ကောင်း၊ (၂) မည်သည့် အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို လည်းကောင်း၊ (၃) မဆောင်ရွက်နိုင်ပါက မည်သို့ကြောင့် မဆောင်ရွက်နိုင်သည်ကိုလည်းကောင်း သိရှိလိုပါကြောင်းမေးမြန်းပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သစ်တောများမှရရှိနိုင်သည့် သွယ်ဝိုက်နှင့် တိုက်ရိုက် အကျိုးစီးပွားများကို လက်ရှိပြည်သူလူထုနှင့် နောင်လာနောက်သားစဉ်ဆက် မပြတ်ခံစားနိုင်ရေးအတွက် မြန်မာ့သစ်တောမူဝါဒ ၁၉၉၅ ခုနှစ်၊ အမျိုးသားသစ်တောကဏ္ဍ ပင်မနှစ် ၃၀ စီမံကိန်း (၂၀၀၁-၂၀၀၂ ခုနှစ်မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ)ကို ပြဋ္ဌာန်းရေးဆွဲပြီး ထာဝစဉ်တည်တံ့ ခိုင်မြဲစေ သည့် သစ်တောအုပ်ချုပ်စီမံလုပ်ကိုင်မှု Sustainable Forest Management (SFM) လုပ်ငန်းစဉ်များကို အခြေခံပြီး စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ထိုသို့ ဆောင်ရွက်ရာတွင် သစ်တောနယ်မြေများသည် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောနှင့် သဘာဝနယ်မြေများ တစ်နည်းအားဖြင့် ဘေးမဲ့တောများနှင့် အမျိုးသား ဥယျာဉ်များ ပါဝင်ပါကြောင်း၊
အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်းတွင် ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများကို နိုင်ငံတော်ဧရိယာ၏ ၃၀ ရာခိုင်နှုန်းအထိလည်းကောင်း၊ သဘာဝနယ်မြေများကို နိုင်ငံတော်ဧရိယာ၏ ၁၀ ရာခိုင်နှုန်းအထိ လည်း ကောင်း တိုးချဲ့ဖွဲစည်းရန် သတ်မှတ်ထားပါကြောင်းနှင့် ယခုအချိန်တွင် ကြိုးဝိုင်း၊ ကြိုးပြင်တော ၂၄.၇၃ ရာခိုင်နှုန်းနှင့် သဘာဝနယ်မြေ ၅.၇၅ ရာခိုင်နှုန်းကို ဖွဲ့စည်းတည်ထောင်ပြီးဖြစ်ပါကြောင်း၊
ကြိုးဝိုင်းနယ်မြေ၊ သစ်တောနယ်မြေများကို နိုင်ငံတော်၏လိုအပ်ချက်အရ ဖွဲ့စည်းတည်ထောင်ရာတွင် ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများကို ၁၉၉၂ ခုနှစ်က ပြဋ္ဌာန်းသည့် သစ်တောဥပဒေ ပုဒ်မ ၃၊ ၄၊ ၆ နှင့် ၁၉၉၅ ခုနှစ်တွင် ပြဋ္ဌာန်းသည့် သစ်တောနည်းဥပဒေ ပုဒ်မ ၃ မှ ၁၉ အထိလည်းကောင်း၊ သဘာဝ နယ်မြေများကို ၁၉၉၄ ခုနှစ်က ပြဋ္ဌာန်းထားသည့် တောရိုင်းတိရစ္ဆာန်နှင့် သဘာဝ အပင်များကာကွယ်ရေး၊ သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၈၊ ၁၁၊ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝ နယ်မြေများ ထိန်းသိမ်းရေးဥပဒေများ ပုဒ်မ ၃၊ ၄၊ ၆ မှ ၁၁ တို့အရလည်းကောင်း၊ သစ်တောဦးစီးဌာနနှင့် ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူများ ပါဝင်သည့် ကြေးတိုင်အဖွဲ့များကို စနစ်တကျ ဖွဲ့စည်းပြီး လုပ်ငန်း အဆင့်ဆင့် သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း၊
ထိုသို့ဆောင်ရွက်ရာတွင်လည်း ကြိုးဝိုင်းဖွဲ့စည်းရာတွင် ကြေးတိုင်အရာရှိအဖြစ် ခရိုင်အုပ်ချုပ်ရေးမှူး၊ ကြိုးပြင်ကာကွယ်တောကို ကြေးတိုင်အရာရှိအဖြစ် သစ်တောဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား တိုင်းဒေသကြီး/ပြည်နယ်ရှိ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးကိုလည်းကောင်း ဆောင်ရွက်စေပြီး သစ်တောမြေများကို ကြေးတိုင်အဖွဲ့က ကွင်းဆင်းဆောင်ရွက်ပါကြောင်း၊ ထို့နောက် ဒေသခံပြည်သူများ၏ အခြေချနေထိုင်မှုစိုက်ပျိုးလုပ်ကိုင်မှုများကို စနစ်တကျစိစစ်ဖော်ထုတ်ပြီး ဖွဲ့စည်းပေးမည့် သစ်တော နယ်မြေများအတွင်း ထည့်သွင်းခြင်းမပြုဘဲ ချန်လှပ်ကွက်များ (Exclosing) များအဖြစ် မှတ်တမ်းတင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကြိုးဝိုင်တောဖြစ်စေ၊ ကြိုးပြင်ကာကွယ်တောဖြစ်စေ ဖွဲ့စည်းရာတွင် အထဲတွင် ပါရှိလာသော လယ်ယာမြေများသည် မူလအတိုင်းသာဖြစ်ပါကြောင်းနှင့် မိမိတို့က နာမည်နှင့် တကွ စာရင်းမှတ်ပြုစုပြီး ယခင်ဧက၊ ဧရိယာအတိုင်းကို မိမိတို့က ခွင့်ပြုထားပါကြောင်း၊ ထို့ပြင် ဒေသခံ ပြည်သူများ၊ သစ်တောထွက်ပစ္စည်းများထုတ်ယူနိုင်ရေး၊ မွေးမြူရေးနှင့် တိရစ္ဆာန်များ၏ စားကျက်မြေများ အပါအဝင် မြေအသုံးချခွင့်ပြုရေးတို့ကို ပမာဏ၊ အမျိုးအစား၊ ဧရိယာ၊ နယ်နိမိတ်၊ အချိန်ကာလ၊ ခွင့်ပြုမည့် နည်းလမ်းများကို ကြေးတိုင်ပုံစံ(၁) ကနေ (၅) အထိ အဆင့်ဆင့်စနစ်တကျမှတ်တမ်းတင်၍ သစ်တောနယ် မြေဖွဲ့စည်းသည့် အမိန့်ကြော်ငြာစာတွင် အတိအကျဖော်ပြရပါကြောင်း၊
ဒေသခံပြည်သူများ၏ မြေယာ၊ အိုးအိမ်နှင့် ပစ္စည်းဥစ္စာများ ထိခိုက်နစ်နာမှုမရှိစေရေးအတွက် ဖော်ပြပါ လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် သစ်တောနယ်မြေများကို တိကျစွာဖွဲ့စည်းလျက်ရှိပြီး ပြည်သူလူထု၏ အကျိုးစီးပွားအတွက် သဘာဝပတ်ဝန်းကျင် တည်တံ့ကောင်းမွန်စေရေးနှင့် သစ်တောဖုံးလွှမ်းမှု တိုးတက် များပြားစေရေးအတွက် စီမံဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၏ အခြေခံလိုအပ်ချက်များကိုလည်း ဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက် မြို့နယ်တွင် သစ်တောကြိုးဝိုင်း ၂၁ ခု၊ ဧရိယာအားဖြင့် ၃၆၄၃၄၅ ဧကနှင့် ကြိုးပြင်ကာကွယ်တော ၇ ခု၊ ဧရိယာအားဖြင့် ၁၈၄၉၂၅ ဧက စုစုပေါင်း သစ်တောမြေ ဧရိယာအားဖြင့် ၅၄၉၂၇၀ ဧကဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတရုံး၏ (ဇန်နဝါရီလ ၂၀၁၃ ခုနှစ်) ညွှန်ကြား ချက်အရ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောအတွင်း နှစ်ကာလအတန်ကြာ ကျူးကျော်အခြေချနေထိုင်သူ ရွာစု၊ အိမ်စုများကို ဌာနဆိုင်ရာများပါဝင်သည့် အဖွဲ့များဖွဲ့စည်းပြီး တိုင်းဒေသကြီး/ပြည်နယ်များ၏ ကြီးကြပ်မှုကော်မတီအဆင့်ဆင့်ဖြင့် ၂၀- ၂- ၂၀၁၃ မှ ၂၅- ၃- ၂၀၁၃ အထိ မြေပြင်ကွင်းဆင်းပြီး စာရင်းပြုစု ကောက်ခံချက်ပါကြောင်း၊
ထို့သို့ စာရင်းပြုစုကောက်ခံရာတွင် ဗန်းမောက်မြို့နယ်အတွင်း ကျေးရွာပေါင်း ၅၇ ရွာ၊ ရွာမြေ ၅၆၇.၅၅ ဧက၊ လယ်မြေ ၁၀၁၈၄.၇၈ ဧက၊ သာသနာပိုင်နှင့် အများပိုင်မြေ ၈၂၈.၈၉ ဧက၊ ယာမြေက ၁၂၁၈.၅၈ ဧက၊ နှစ်ရှည်စိုက်ခင်းက ၃၅၅.၈၆ ဧက၊ ဥယျာဉ်ခြံမြေ ၃၂၂.၃ ဧကနှင့် စုစုပေါင်း ၁၃၄၇၇.၉၆ ဧကကို စာရင်းကောက်ယူရရှိပါကြောင်း၊ ထိုစာရင်းများအရ ဗန်းမောက်မြို့နယ်ရှိ အိမ်ခြေ ၅၀ နှင့်အထက် ပြည်ထဲ ရေး အမည်ပေါက်က ၂၈ ရွာ၊ အိမ်ခြေ ၅၀ အောက် ပြည်ထဲရေး အမည်ပေါက်နှင့် အမည် မပေါက် သော်လည်း အခိုင်အမာတည်ထောင်သည့်ကျေးရွာ ၂၉ ရွာ စုစုပေါင်း ၅၇ ရွာ၏ ရွာမြေ ၅၆၇.၅၂ ဧက၊ လယ်မြေ ၇၀၈၀.၇၄ ဧက၊ သာသနာပိုင်နှင့်အများပိုင်မြေ ၇၅၇.၃၉ ဧကနှင့် စုစုပေါင်း ၈၄၀၅.၆၅ ဧကကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးပြီးဖြစ်ပါကြောင်း၊ ရွာမြေ ၁၂၁၈.၅၈ ဧကကို သစ်တောမြေအဖြစ်က ပယ်ဖျက်ခြင်းမပြုဘဲ သီးနှံသစ်တောရောနှော စိုက်ပျိုးသည့်စနစ်ကိုအခြေခံကာ ဒေသခံပြည်သူအစု အဖွဲ့ပိုင် သစ်တောလုပ်ငန်း တည်ထောင်ခြင်းကို ခွင့်ပြုပေးပြီးဖြစ်ပါကြောင်းနှင့် ဥယျာဉ်ခြံမြေနှင့် နှစ်ရှည် သီးနှံစိုက်ခင်း ၄၉၇ ဧကကို နှစ်ရှည် မြေငှားစနစ်ဖြင့် လုပ်ကိုင်ခွင့်ပြုပြီးဖြစ်ပါကြောင်း၊
ပြန့်ကျဲကျေးရွာအုပ်စုဆိုသည်မှာ လူများက ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောတွင် နေသော်လည်း လယ်ယာများသည် ကြိုးဝိုင်းအတွင်းတွင် တည်ရှိနေခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါကြောင်း၊ ပြန့်ကျဲ အိမ်စုများကို ဗန်းမောက်မြို့နယ်ရှိ သစ်တောနယ်မြေအတွင်း စာရင်းကောက်ယူရာတွင် ရွာမြေဧကအားဖြင့် ဝ.၀၃ ဧကနှင့် လယ်မြေ ၄၄၉.၁၆ ဧက၊ ပြင်ပကျူးကျော်မြေ ၂၆၅၄.၈၈ ဧက၊ သာသနာပိုင်နှင့် အများပိုင် ၇၁.၅ ဧက စုစုပေါင်း ၃၁၇၅.၅၇ ဧကကို အိမ်ခြေ ၅၀ နှင့်အောက် ပြန့်ကျဲအုပ်စုများအဖွဲ့ဖြင့် ဖွဲ့စည်း တည်ထောင် ထားပါကြောင်း၊ ပြင်ပမှ ကျူးကျော်ယာမြေ၊ လယ်မြေများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက် ခြင်းအဆင့်ကို သစ်တောမြေက ပယ်ဖျက်ပေးပြီးဖြစ်ပြီး မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာန၊ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန (ရှေးအခေါ် ကြေးတိုင်နှင့် မြေစာရင်း)မှ အဖွဲ့ ဖွဲ့ပြီး ပြန့်ကျဲနေကျေးရွာအုပ်စုများကို တည်ထောင်ရန် စီစဉ်ပေးမည်ဖြစ်ပါကြောင်း၊ သစ်တောမြေမှ ပယ်ဖျက်ပေးမည့် ကျန်ရှိ ၄၀၆.၆၈ ဧကကို သစ်တောမြေက ပယ်ဖျက်ခြင်း မပြုဘဲ သီးနှံသစ်တော ရောနှောစိုက်ပျိုးစနစ်ကို အခြေခံသည့် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများကို တည်ထောင် ခွင့်ပြုပေးမည်ဖြစ်ပါကြောင်း၊ ဥယျာဉ်ခြံမြေနှင့် နှစ်ရှည်စိုက်ခင်း ၁၈၈.၁၆ ဧကကို နှစ်ရှည်မြေငှားစနစ်ဖြင့် လုပ်ကိုင်ဆောင်ရွက်ခွင့်ပြု ထားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
