(က)-ဆေးရုံ၊ ဆေးခန်းနှင့် ဓာတ်ခွဲခန်းများမှစွန့်ပစ် ပစ္စည်းများစနစ်တကျ စွန့်ပစ်ခြင်း အခြေအနေနှင့် စွန့်ပစ်ရေများကို ပိုးသတ်ခြင်း (Waste Water Treatment) ပြုလုပ်ရန် အဓိကတာဝန် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း

ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေးတတိယနေ့(၂၇.၇.၂၀၁၆)

မေးခွန်း အကြောင်းအရာ 

dr than aung soeယခုအချိန်တွင် ကူးစက်တတ်သောရောဂါများသည် ကူးစက်မှုပုံစံအမျိုးမျိုးဖြင့် လူအချင်းချင်း၊ တိရစ္ဆာန်မှလူ၊ လူမှတိရစ္ဆာန် ကူးစက်နေကြပါကြောင်း၊ ကူးစက်ရောဂါခံစားရသူများအတွက် အသုံးပြုပြီးသည့် ဆေးထိုးအပ်၊ ဆေးထိုးပြွန်၊  Intuition Set စသည်တို့ကို တခြားသူများ ထပ်မံသုံးစွဲသည်ပဲဖြစ်ဖြစ်၊ သန့်ရှင်းရန် ဖယ်ရှားသန့်ရှင်းရေးပြုလုပ်ရာမှ ထိရှပေါက်ပြဲ၍သွေးထွက်သည်ပဲဖြစ်ဖြစ် တခြားသူကို ကူးစက်တတ်ပါကြောင်း၊ အထူးသဖြင့် ဆေးရုံ၊ ဆေးခန်းများတွင် လုပ်ရသည့် သန့်ရှင်းရေး ဝန်ထမ်းများအတွက် အထူးစိုးရိမ်ရပါကြောင်း၊ အမှိုက်သိမ်းသူ၊ အမှိုက်ပုံများတွင် အမှိုက်ရွေး ကောက်သည့်သူများလည်း ထိရှိမိလျှင် ကူးစက်နိုင်ပါကြောင်း၊ မြို့ကြီးများတွင် ဖော်ပြခဲ့သည့် သုံးစွဲပြီး ပစ္စည်းများကို စနစ်တကျ ပိုးသတ် Auto Clean ပြုလုပ်ပြီးစွန့်ပစ်ခြင်း၊ မီးရှို့ခြင်း၊ (Incenaration) လုပ်ခြင်းများရှိပါကြောင်း၊ သို့သော်လည်း မည်သည့်ဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းများနှင့် ကျေးရွာအဆင့် ဆေးခန်းများမှ စနစ်တကျလုပ်ဆောင်မှု အားနည်းမှုများရှိနေပါကြောင်း၊ ထို့အပြင် ဆေးရုံ၊ ဆေးခန်း၊ ဓာတ်ခွဲခန်းများတွင် ဆေးကြောစွန့်ပစ်သည့်ရေများ၊ ဆီးနမူနာ၊ သွေးဝမ်းနမူနာများ ဆေးကြောခြင်း၊ အနာအငန်ရေဆေးကြောခြင်း စသည်ရေများတွင်လည်း ရောဂါပိုးများပါဝင်သွားမည်ဖြစ်ပါကြောင်း၊ ၎င်း ရေများသည် ပိုးသတ်မှုမရှိဘဲ ရေဆိုးမြောင်းထဲစွန့်ပစ်မည်ဆိုပါက ချောင်းမြစ်များမှတစ်ဆင့် ရောဂါပိုးများ ပျံ့နှံ့ပြီး ချောင်းရေ၊ မြစ်ရေသုံးစွဲသည့်သူများ၊ ငါးပုစွန်စသည့် ရေနေသတ္တဝါများကို ဖမ်းဆီးပြီးကောင်းစွာ မချက်ပြုတ်ဘဲ စားသုံးသည့် ပြည်သူများအထိ ကူးစက်နိုင်ပါကြောင်း၊ ယခု စွန့်ပစ်ရေများသည် ရပ်ကွက်၊ ကျေးရွာထဲ ဖြန့်ဆင်းသွားမည်ဆိုပါက ထိမိရှမိသည့်သူများ အားလုံးကို ကူးစက်ရောဂါများ ကူးစက်နိုင်ပါကြောင်း၊ စွန့်ပစ်ရေများအနေဖြင့် လေ့လာမိသမျှတင်ပြရလျှင် မြန်မာနိုင်ငံက ငါးပုးစွန်စက်ရုံ များကို EU မှ ဝယ်ယူနေပါကြောင်း၊ ယခုလို ဝယ်ယူသည့်အခါတွင်လည်း သတ်မှတ်ထားသည့် စနစ်နှင့် ပြည့်စုံသည့် စက်ရုံများမှ ဝယ်ပါကြောင်း၊ ငါးပုစွန်ဆေးသည့် စွန့်ပစ်ရေများကို ရေသန့်စင်မှု Waste Water Treatment လုပ်ထားသည့် စက်ရုံကြီးများမှ ဝယ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ကျန်းမာရေးအတွက် ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်ပါကြောင်း၊ ၎င်း ကိစ္စများသည် တစ်ဦးတစ်ယောက်တည်းအတွက် မဟုတ်ဘဲ တစ်နိုင်ငံလုံး၊ ပြည်သူလူထုတစ်ရပ်လုံး ကျန်းမာရေးအတွက် အရေးကြီးသည့် ကိစ္စရပ်များဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိမေးမြန်းလိုသည်မှာ ဆေးရုံ၊ ဆေးခန်းနှင့် ဓာတ်ခွဲခန်းမှ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်းနှင့် စွန့်ပစ်ရေများကို သန့်စင်ခြင်း၊ ပိုးသတ်ခြင်း (Waste Water Treatment) ပြုလုပ်မှုအခြေအနေများကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။


 

ဖြေကြားသူ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး
ဖြေကြားသည့် ဝန်ကြီးဌာန
အဖြေ
ဖြေကြားချက် 

dr myint htweကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အန္တရာယ်ဖြစ်စေသော စွန့်ပစ်ပစ္စည်းနှင့် အန္တရာယ်မဖြစ်စေနိုင်သည့် စွန့်ပစ်ပစ္စည်းဟု သတ်မှတ်ပြီး စွန့်ပစ်နည်းလမ်းများကိုလည်း သတ်မှတ်ထားပါကြောင်း၊ အပူပေး၍ ရောဂါပိုးသေစေခြင်း၊ ဓာတ်ဆေးရေ သုံးခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ပြုခြင်း၊ ဇီဝပညာဖြင့် စွန့်ပစ်ပစ္စည်းများရှိ ဓာတ်များပြိုကွဲအောင် ပြုလုပ်ခြင်း၊ စက်ကိုအသုံးပြု၍ စွန့်ပစ်ပစ္စည်းများ ပမာဏနည်းအောင် စွန့်ပစ်ခြင်း၊ ရေနွေးငွေ့ကိုသုံး၍ ပိုးသတ်ပြီး စွန့်ပစ်ခြင်းဆိုပြီး သတ်မှတ်ထားပါကြောင်း၊ မြန်မာနိုင်ငံရှိ ဆေးရုံများ၏ စွန့်ပစ်အမှိုက်များကို မစွန့်ပစ်မီ အမျိုးအစားအလိုက် အရောင်သတ်မှတ်သော အိတ်များတွင် ထည့်၍ ယာယီသိမ်းဆည်းရသည့်နေရာသို့ စနစ်တကျ သယ်ဆောင်ခြင်း၊ ယာယီသိမ်းဆည်းထားခြင်း၊ ပိုးမွှား သန့်စင်ခြင်း အဆင့်များ ပြုလုပ်ပြီးမှ စွန့်ပစ်ပါကြောင်း၊ တိကျလိုက်နာသည့် ဆေးရုံများရှိသလို အသင့်အတင့် လိုက်နာသည့် ဆေးရုံ၊ ဆေးခန်းများ လည်းရှိပါကြောင်း၊ ဆေးရုံသို့ စွန့်ပစ်အမှိုက်များကို အရောင်သတ်မှတ်သော အိတ်ဖြင့်ထည့်၍ စွန့်ပစ်ပါကြောင်း၊ ဓာတ်ခွဲခန်းမှ ထွက်ရှိလာသော ရောဂါကူးစက်နိုင်သော အမှိုက်များကို Auto Clean လုပ်ပြီး အရောင်အိတ်ဖြင့် စွန့်ပစ်ပါကြောင်း၊ ဓာတ်ခွဲခန်းမှ စွန့်ပစ်ရေများကိုလည်းကောင်း၊ ခွဲစိတ်ခန်းမှ စွန့်ပစ်ရေများကို ကန်ထဲသို့ထည့်ပြီး Lesion Powder ထည့်ပြီး ပိုးသတ်ခြင်း၊ သို့သော် အချို့ဆေးရုံများသည် သတ်မှတ်ထားသည့် Lesion Powder Rate နှင့်မရရှိသောကြောင့် Two Pounds and hundred gallons ထည့်၍အသုံးပြုရခြင်း၊ စွန့်ပစ်ရေဆိုးများကို စည်ပင်သာယာ၏ မြေအောက် Waste Water Pipeline များဖြင့် ဆက်သွယ်၍ စွန့်ပစ်လျက်ရှိခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ရန်ကုန်ဆေးရုံ၌ Waste Water Treatment Plan တစ်ခုပြုလုပ်ရန်လည်း စီမံကိန်းများရေးဆွဲလျက်ရှိခြင်း၊ ခွဲစိတ်ခန်း၊ မွေးခန်း၊ ကုသဆောင်တို့မှ ထွက်လာသော စွန့်ပစ်ရေဆိုးများကို အဆောက်အဦပတ်ဝန်းကျင်ရှိ ရေနုတ်မြောင်းများအတွင်းသို့ တိုက်ရိုက်စွန့်ပစ်ပြီး ၎င်းမှတစ်ဆင့် စည်ပင်သာယာ၏ ပင်မရေစုပ်၊ ရေထုတ်မြောင်းကြီးအတွင်းသို့ စွန့်ပစ်ခြင်း၊ ဓာတ်ခွဲခန်း၊ သားဖွားခန်းမှထွက်သော စွန့်ပစ်ရေဆိုးများကို Land hole များ အတွင်းထည့်ပြီး Chlorination လုပ်ပြီးမှ ရေနုတ်မြောင်းထဲသို့  စွန့်ပစ်ခြင်း၊ Lesion Powder Desenfinding အရည် ၁ % Hypochloride တို့ကို အသုံးပြု၍ စွန့်ပစ်ခြင်း၊ အချို့ဆေးရုံများတွင် Incidental သုံးပြီးစွန့်ပစ်ခြင်း၊ စွန့်ပစ်ရေဆိုးများကို Set Tank အတွင်းသို့ ထည့်ပြီး ၁ % Hypochloride ဓာတ်ဆေးရည်ကို အသုံးပြုခြင်း၊ စွန့်ပစ်ရေဆိုးများကို ရေနုတ်မြောင်းအတွင်းစွန့်ပြီး Chlorine Stop Solution ကိုဖျော်၍ ရေနုတ်မြောင်း အတွင်းသို့ အစက်ချစီးဝင်သည့် နည်းဖြင့် Treatment လုပ်ပြုလုပ်၍ စွန့်ပစ်ခြင်း၊ တစ်ပတ်လျှင်တစ်ကြိမ် ရေနုတ်မြောင်းအတွင်းသို့ inositol ထည့်ခြင်းနှင့် ချွန်ထက်သည့် ပစ္စည်းများကို ရေသန့်ဘူး ၅ လီတာတွင် ထည့်ပြီး သိမ်းဆည်း၍ စွန့်ပစ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွန်ပြည်နယ်၌ မြို့နယ်ဆေးရုံ၊ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျန်းမာရေးဌာနအခွဲများ၌ လက်တွေ့ဆောင်ရွက်မှု အခြေအနေကို ကမ္ဘာ့ဘဏ်အကူအညီဖြင့် လေ့လာလျက်ရှိပါကြောင်း၊ ရရှိလာသော အဖြေပေါ်မူတည်၍ စံပြလုပ်ထုံးလုပ်နည်း cell operating လုပ်ငန်းလမ်းညွှန် Guideline များ ပေါ်ထွက်ပြီး World Bank အကူအညီဖြင့် ဆက်လက်ပံ့ပိုးဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများကိုလည်း သင်တန်းများ ပို့ချပေးမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုမှ ထွက်ရှိလာသော စွန့်ပစ်ပစ္စည်းများအား စီမံခန့်ခွဲမှု နည်းလမ်းများကို ယခုထက်ပိုပြီး စနစ်ကျစေရန် ကျွမ်းကျင်သည့် ပညာရှင်များနှင့် တိုင်ပင်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ စီမံချက်အနေဖြင့် Framework များချမှတ်၍ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ စည်ပင်သာယာမှ နောက်ဆုံးစွန့်ပစ်သည့်စနစ် အဆင်ပြေစေရန် မိမိတို့အနေဖြင့် ကူညီပံ့ပိုး အကြံဉာဏ်များ လည်းပေးပြီး ဆေးရုံများအားလုံး၏ စွန့်ပစ်ပုံနည်းလမ်းများကို သုံးသပ်၍ လမ်းညွှန်ချက် Standard Operating residual and Guideline များကို အခြားလိုအပ်သည့် ပံ့ပိုးမှုများအား မိမိတို့ဝန်ကြီးဌာနက ဗဟိုဘတ်ဂျက်မှ သုံးစွဲ၍ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် အကယ်၍ ဘတ်ဂျက်လုံလောက်မှုမရှိပါက နောက်နှစ် ဘတ်ဂျက်တွင် တောင်းခံပြီး သုံးသွားမည်ဖြစ်ပါကြောင်း၊ ၎င်းကိစ္စသည် ရောဂါပြန့်ပွားမှုများကို ဖြစ်စေနိုင်သည့်အတွက် အရေးကြီးသည့် ကိစ္စရပ်တစ်ရပ်အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အထူးဦးစားပေး ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားပါသည်။